သူများတိုင်းပြည်တွေမှာ ဝန်ထမ်းတွေဟာ စားဝတ်နေရေး ပြေလည်တဲ့ လစာဝင်ငွေ ရကြပါတယ်။ ဒါ့အပြင်၊ အမေရိကားမှာ benefit လို့ ခေါ်တဲ့ အကျိုးခံစားခွင့်တွေ ရသေးတယ်။ ကျန်းမာရေးအာမခံ၊ အငြိမ်းစားစုငွေ၊ လစာပြည့် နာမကျန်းခွင့်၊ အနားယူခွင့် စတာတွေပါ ပေးတယ်။ အစိုးရဝန်ထမ်းဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းဖြစ်စေ အဲလို အကျိုးခံစားခွင့် ရှိတော့ တစ်ပတ်တန်သည်၊ တစ်လတန်သည် ခွင့်ရက်ရှည် အပန်းဖြေခရီးတွေ ဘာတွေ သွားကြတယ်။ အငြိမ်းစားယူရင်လည်း ပင်စင်လစာအပြင်၊ စုငွေတွေလည်း မြိုးမြိုးမြက်မြက် ရတော့ မပူမပင် လူဖြစ်ကျိုးနပ်တယ်လို့ ခေါ်ရမှာပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့ ရွှေနိုင်ငံတော်ကြီးမှာ ဝန်ထမ်းဆိုတာ မသေရုံ လစာလေးတွေနဲ့ ရုန်းကန်လှုပ်ရှားရင်း စိတ်သောကတွေ ပင်လယ်ဝေနေရသူတွေပါ။ သားသမီးတွေရဲ့ အနာဂတ်ဆိုတဲ့ အဝေးဆီက ပန်းတိုင်ကိုအသာထား၊ မနက်ဖြန်အတွက် ဈေးဖိုးခက်နေကြရတယ် မဟုတ်ပါလား။ […]