ပင်လယ်မှာဆောင်း ရင်ခွင်မှာနွေ…
ကောင်းကင်နဲ့ ပင်လယ်ကြားရှိ ဝိရောဓိလေညင်းများကို ကျွန်တော်အကြာကြီးစောင့်စားခဲ့ရသည်။ တိမ်တစ်ဆုပ်သည် အဝေးဆီသို့ တရွေ့ရွေ့မျောသွား၏ ကျွန်တော်စာကြည့်စားပွဲတွင် အိပ်ရေးပျက်နေသော မျက်ခွံအစုံကို မြင်နိုင်သည်။ ပြက္ခဒိန်ကိုရေတွက်ကြည့်တော့ ကိုရင်တစ်ယောက် သင်္ဘောပေါ်ရောက်တာ ရလတောင်ပြည့်နေပြီ။ မြေပြင်ကို ရလအတွင်း Go Shore၂ခါသာ ကိုရင်မှာ ခြေချနိုင်သေးသည်။ မြေပြင်ကိုလှမ်းမြင်ရသော်လည်း ကမ်းဆင်းခွင့်က မရဖြစ်နေသည်။ ဆံပင်ညှပ်ရန်မလိုတော့သော်လည်း နှစ်ဝက်ကျော်မညှပ်တာကြာသော ဆံပင်တွေက ရှည်နေပြီဖြစ်သဖြင့် ဘေးနှစ်ဖက်ကို ပါလာသော အိမ်မှ ခုတ်ဓါးဖြင့် ကြည့်ကောင်းအောင် တိထားပြီး နောက်ကျောဖက်ကို အရှည်ထား၍ ကျစ်ပြီး စည်းထားလိုက်သည်။ အီကွေတာအနားဒေသတို့၏ အပူချိန်ပူပြင်းမှုက သောင်ပြင်ကသဲများနှယ်…။ အိပ်မက်ကို မယုံကြည်သူသည် မေတ္တာတော့ငတ်ရ၏။
မြန်မာသင်္ဘောသားဆိုသည်မှာ အလုပ်သမားထဲမှ လူတန်းစားတစ်ရပ်ဖြစ်ပါသည်။ အလုပ်သမား လူတန်းစားထဲတွင်မှ အလုပ်သမားအခွင့်အရေးအဆုံးရှူံးရဆုံး ပင်လယ်ရေကြောင်းအလုပ်သမားများဖြစ်သည်။ မြန်မာသင်္ဘောသားများ ဘဝတွင် နိုင်ငံတကာရေကြောင်းအရာရှိဖြစ်ဖို့ ဖြတ်လမ်းမရှိပဲ ရောက်ရာသင်္ဘောတွင် ကျရာတာဝန်ထမ်းဆောင်၊ သည်းခံဆိုတဲ့ နှစ်လုံးတည်းသော ဝေါဟာရကို အံကြိတ်ခံရင်း ပြေလည်အောင်လုပ်ရသည်။ ကိုရင်တစ်ယောက် သင်္ဘောစလိုက်စဉ်တုန်းက ကိုရီးယားသင်္ဘောသားကြားမှ စတင်သင်ယူပြီး အလုပ်လုပ်ရသည်။ စစချင်း တစ်လနှစ်လ ရာသီဥတုဒဏ်၊ မိသားစုလွမ်းဆွတ်မှု၊ အစားအသောက်အဆင်မပြေမှု၊ အလုပ်ပင်ပန်းမှုဒဏ်ကြောင့် တစ်နေကုန်လို့ နားချိန်ရောက် ဘွိုင်လာစုချွတ်ပြီး ကုတင်ပေါ်ရောက်သည်နှင့် မျက်ရည်ဆိုသည်မှာ တစ်စက်ချင်းကျလို့မရနိုင် ပန်းကနဲထွက်အောင် ငိုပစ်လိုက်ရသည်။ တခါတရံ ဒီလှိုင်း ဒီလေတွေကြား အိမ်တောင်ပြန်ရောက်ပါ့မလား တွေးပူမိပြန်သည်။ ထိုစဉ်က ဒုက္ခဆိုသည်မှာ တခါတရံတော့ နံနက်ခင်းဆန်လှပြန်သည်။ အိပ်မက်တွေက ရဲရဲတောက်စိုစွတ်နေလေ၏ ထိုအချိန်က သင်္ဘောသားပေါက်စ ကိုရင်အတွက်တော့ ကံဆိုတာ တရားတော်အတိုင်း အလိုရှိသလို ပြင်ဆင်ဖွဲ့စည်းထားတာ…။
ယခုတခေါက်တော့ သင်္ဘောပေါ်က၂၀၁၂ ဒီဇင်ဘာလ၏ နောက်ဆုံးရက်များ… သင်္ဘောသားတွေအတွက် အစားထိုးခံစားချက်ဆိုတာကတော့ တခါတရံ စိတ်ကူးယဉ်သိပ္ပံဇာတ်ဝင်ခန်းဆန်ဆန်ပဲ။ နှစ်ကုန် မတိုင်ခင်ည… မြေထဲပင်လယ်ကို စတင်ဝင်ရောက်လာပြီ။ ညအချိန်တော့ စူးအက်တူးမြောင်းအနားတွင်ကျောက်ချထားသည်။ အီဂျစ်နိုင်ငံ မြို့တစ်မြို့၏ လျှပ်စစ်မီးရောင်တွေကိုတော့ မြင်ရသည်။ ဘာမြို့လဲတော့မသိ မီးတွေကတော့ ထိန်လင်းနေသည်။ စူးအက်တူးမြောင်းကို သင်္ဘောသားဘဝတွင် ကိုရင် ပထမဆုံးဖြတ်သန်းရသဖြင့် ရင်ခုန်ပြီး စိတ်အနည်းငယ် လှုပ်ရှားနေသည်။ စူးအက်တူးမြောင်းသည် မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်မိအောင် သဲကန္တာရကြီးကို ဖြတ်ဖောက်ထားသော တူးမြောင်းဖြစ်သည်။ ဥရောပမှ သင်္ဘောများ အာဖရိကတိုက်ကို ပတ်၍ အိန္ဒိယသမုဒ္ဒရာသို့ တပတ်ကြီး ဖြတ်ရန်မလိုပဲ မြေထဲပင်လယ်နှင့် ပင်လယ်နီမှတဆင့် အိန္ဒိယဘက်သို့ ဆက်သွယ်သွားလာရန် အနီးဆုံးရေလမ်းခရီးဖြစ်သည်။ ၁ဝနှစ်တိုင် ဖောက်ခဲ့ရသော တူးမြောင်းဖြစ်ပြီး အလျား ၁၀ရမိုင် အနက် ၄၂ပေရှိသည်။ စူးအက်တူးမြောင်း၏ နောက်ခံသမိုင်းသည် နိုင်ငံရေးနှင့်တော်တော်ပတ်သက်ဖူးသည်ဟုသိရသည်။ စူးအက်တူးမြောင်း၏ မြေထဲပင်လယ်ဘက်ကို အဝင်ဝမှနေ မီးပြနေသည့် ပုံစံဖြင့် ထုလုပ်စိုက်ထူထားသော အမျိုးသမီးရုပ်ထုသည် လေဘာတီရုပ်ကြီးအဖြစ် အမေရိကန်သို့ ရောက်သွားသည်ကလည်း နိုင်ငံရေးပင်ဖြစ်ရမည်။ စူးအက်တူးမြောင်းအဝင်ဝကို မီးပြနေရမည့် အမျိုးသမီးသည် နယူးယောက်က ကျွန်းကလေးပေါ်ရောက်သွားခဲ့ရသည်ဟု သိရသည်။ ကိုရင်တို့သင်္ဘောသည် စူးအက်တူးမြောင်းကို ဖြတ်မည်… ပြီးနောက် ပင်လယ်နီအတွင်းရှိ ဆော်ဒီနိုင်ငံပိုင် ဂျဒါဆိပ်ကမ်းတွင်း ကုန်သွားတင်ရမည်ဟုသိရသည်။။ တစ်ဆိပ်ကမ်းဝင် တစ်ဆိပ်ကမ်းထွက် ရက်စွဲတို့ အပိုင်းပိုင်း ကျိုးပဲ့နေကြသည်။ ကိုရင်က ရက်စွဲတွေကိုတော့ မှတ်မထား သတ်မှတ်ထားသော ကန်ထရိုက်စာချုပ်ပြည့်ရင်တော့ အိမ်မြန်မြန်ပြန်ရတော့မည်။
၂၀၁၃ ဇန်နဝါရီ လဆန်းရက်များတွင် ပင်လယ်နီသည် လှိုင်းကြမ်းနေသည်။ ဂေဇက်ရွာမှာလည်း ကွန်ဖရင့်တွေ့ဆုံပွဲအတွက် လှုပ်ရှား ရင်ခုန်နေသည်ဟု ဖတ်ရသည်။ ဆောင်းကုန်ခါနီးမို့ ရာသီဥတု အပြောင်းအလဲဖြစ်နေသည်ထင်မိ၏ ကိုရင်တို့သင်္ဘောက ဂျဒါမှ ထပ်တင်လာသော ကုန်တွေကို ရမ်းဘူးဆိပ်ကမ်းတွင် ပြန်ချရမည်။ ကမ်းကပ်ခွင့်မရသေးသဖြင့် ဆိပ်ကမ်းအနီး ကျောက်ချရပ်နားပြီး ဆိပ်ကမ်းကပ်ခွင့် စောင့်နေရပြန်သည်။ သင်္ဘောပေါ်မှ ကြည့်လိုက်တိုင်း အာရပ်ကုန်းတွင်းပိုင်း၏ နေ့ဘက်ပူလောင်မှုသည် လန့်စရာပင်ကောင်းလှသည်။ ရံဖန်ရံခါ ညဘက်တွင် ဆောင်းလေနဲ့အတူ သဲမုန်တိုင်းများတိုက်တတ်သဖြင့် သဲလုံးကြီးများသည် မီးထိန်ထိန်လင်းနေသော စက်မှုမြို့ကြီးကို ဖုံးလွှမ်းထားသည်မှာ ထူးဆန်းလှသည်။ ထိုသို့ဖြင့် တနေဝင်ပြီး နေလုံးကြီးသည် ပင်လယ်အောက်ထဲ ဝင်သွားပြန်သည်။ ပင်လယ်ငါးများက ရေပြင်အထက် ခုန်ခုန်တက်လာကြသည်။ ပင်လယ်ငှက်များက ခုန်တက်လာသော ပင်လယ်ငါးများကို သုတ်ချီ ပျံသန်းသွားကြလေသည်။ ပင်လယ်ပျော်တစ်ယောက်ရဲ့ စိတ်လှုပ်ရှားစရာ ရက်စွဲတွေဟာကုန်လွန်လာခဲ့ပြီးပါပြီ။ လူ့ပတ်ဝန်းကျင်နှင့် တော်တော်ကြာ အဆတ်ပြတ်နေသော ကိုရင်တို့အဖို့ အပြောင်းအလဲတွေကို ပြုံးပြုံးလေးကြည့်တတ်ဖို့၊ နိုင်ငံတကာအမြင်ရှိဖို့၊ ခေတ်ရဲ့ရွေ့လျားနေမှုပုံစံကို အတွေးအခေါ်သစ်ဖြင့် ပေါင်းစပ်ပေးနိုင်ဖို့သာ စဉ်းစားမိပါတော့သည်။
19 comments
မောင်ပေ
January 22, 2013 at 8:26 pm
“နွေရာသီအနမ်း… ဆောင်းမှာအလွမ်း… (ဆက်ရေးရန် မမှတ်မိတော့ပါ)…. ”
အဲဒီသီချင်းလေးလို ကိုရင့် အရေးက ခံစားချက်တွေ တွေ ့ရှိသွားခဲ့တယ်။
မဟာရာဇာ အံစာတုံး
January 22, 2013 at 10:14 pm
ကိုရင်ရေ …
ဖတ်ကြည့်ပြီး ဘယ်လို ပြောရမှန်းတောင် မသိပါဘူးဗျာ …
ဒေါင်ကျကျ ပြားကျကျ ဆိုတဲ့ စကားကို အမှတ်ရလိုက်မိပါသေးရဲ့ …
ဒါ့ထက် … စူးအက် တူးမြောင်းရဲ့ ရာဇဝင်ကို ကျုပ်လည်း မသိဘူးးး
အိုက်ဒါဂျီးကို ဘယ်လို ဖောက်ခဲ့ပါလိမ့်နော် ဆိုပြီး တစ်ခါတစ်ရံတော့ တွေးမိသားဗျ …
ကိုရင်စည်သူ
January 23, 2013 at 11:13 am
ကိုအံ့ရေ… စူးအက်တူးမြောင်းကို ပြင်သစ်ဗိသုကာပညာရှင် ဖာဒီနန် ဒီလစ်ဆစ်ဆိုတဲ့သူက
၁၈၉၉ ကနေ ၁၈၆၉ အထိ ၁ဝနှစ်တောင် သဲကန္တာရကို ဖြတ်ပြီး ဖောက်လုပ်ခဲ့တာပါ။
ကုန်ကျစရိတ်များလွန်းလို့ နိုင်ငံတကာရှယ်ယာရှင်တွေခေါ်ပြီး ငွေကြေးများစွာထည်ဖောက်ခဲ့တာ
အင်္ဂလန်က ရှယ်ယာအများဆုံးပါဝင်ခဲ့တဲ့ တူးမြောင်းပါ။ ဒါကြောင့် ယခင်က စူးအက်
တူးမြောင်းရဲ့ အုပ်ချုပ်ရေးအပိုင်းကို အင်္ဂလန်ကချည်းပဲ ကြိုးကိုင်ထားတာပါ။
အီဂျစ်နဲ့ အစ္စရေးတို့ စစ်ဖြစ်ခဲ့တုန်းကလည်း အဲ့တုန်းမြောင်းကိုဖြတ်ပီး တိုက်ခဲ့ကြဒါဆိုဒေါ့
နိုုင်ငံရေးစစ်ရေး၊ စီးပွားရေးအတွက်.. တူးမြောင်းကို အချိန်ကုန်ခံပြီး အနောက်ဥရောပသားတို့က
အကွက်ချချဖောက်လုပ်ခဲ့တာပါ…
ဒါကြောင့် ပြောပါဒယ်… အနောက်ဥရောပသားတွေက လူလည်ဒွေပါလို့..
အူးစည်တို့ အူးအံ့တို့လို မလည်မဝယ်တဲ့ ရွာသားလေးတွေနဲ့… ဂရင်းရွာသူလေးတွေနဲ့
မေတ္တာတူးမြောင်းဖောက်ချင်လို့… ရှယ်ယာများထည့်ကြဦးမလားဟင်.. ကွိကွိ..
မောင့်ကျက်သရေ ဂီ့
January 23, 2013 at 11:24 am
အူးစီ … အယက်မတောက်တာ နှစ်ဝက်ကျော်ပီရှို…
ခုနှစ်က ဇောက်ထိုးဖြစ်ပီး ၁ဝနှစ်နဲ့ နှစ်၃ဝလေး လွဲနေတလားလို့ပါဂျာ..
:kwi:
ဂေ့ … ဘီဘီ တွားဂလုပီ..
ဒက်ဂလောက် ဒက်ဂလောက်
ကိုရင်စည်သူ
January 23, 2013 at 11:28 am
အူးဂီ့.. တား အရက်မတောက်ဒေါ့ဒါ… နှစ်ဝက်ကျော်ဘီလေ..
ဘီလာတော့ တောက်ဒေးဒယ်… ဘီလာဟာ အရက်တော့
မဟုတ်ဘာ.. တစိမ့်စိမ့်လေးနဲ့ ပေါ်လာတာ..
မောလဒယ်.. ဘီဘီ ဂလုဦးမယ်.. ဂလု.. ဂလု.. :kwi:
အရီးခင်လတ်
January 23, 2013 at 3:08 am
ဆံပင်ကို ကျစ်ပြီး စည်းထားတဲ့ ပုံ ကို ကြည့်ချင်လိုက်တာဟယ်။
အရီးတို့ ငယ်တုန်းက ကြည့်ဖူးတဲ့ The Brave Archer ဆိုတဲ့ စီနတိုင်းဓာတ်ရှင်ထဲ က မင်းသား နဲ့များတူနေမလားလို့။
😆
ကိုရင်စည်သူ
January 23, 2013 at 11:19 am
အရီးတူလေး အူးစည်က ဆံရှည်လေးနဲ့လှမှ.. လှ.. အဟီးး..
မြှားပစ်တာတွေ ခဏခဏချော်နေလို့ဒါ
လူပျိူဂျီးဖြစ်နေရဒါဘာဗျာ… ဆံပင်ရှည်လေးထားထားပြီး
ပြန်လာရင်ဖြတ်ရောင်းပီး.. ကြောင်ဝတုတ်တို့ အလှူခံရင်
ထည့်မလားလို့ ကြံစည်နေပါဒယ်… :kwi:
kai
January 23, 2013 at 5:24 am
ကိုရင်စည်သူ့.. ဒိုင်ယာရီလေးဖတ်ပြီး.. စူးအက်တူးမြောင်းကနေ.. ဆက်စပ်တွေးမိတာပါ..
အဲလိုတူးမြောင်းကြီးတွေဖေါက်ရင်… ပင်လယ်လမ်းခရီးမနည်းမနော..သက်သာသွားတာပေါ့…
မြန်မာပြည်မှာ.. ကော့သောင်းလောက်ကဖြတ်ဖေါက်ဆက်လုပ်လိုက်ရင်တော့.. စင်္ကာပူငိုကြောပဲ..
အခုလည်း သိပ်မထူးပါဘူး..
ထားဝယ်ရေနက်ဆိပ်ကမ်း..
မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေက.. ကုန်ထုတ်ပစ္စည်းတွေ..ရထား..ကားတွေနဲ့သယ်ယူလားပြီး.. ထားဝယ်ဖက်.. ရေနက်ဆိပ်ကမ်းကို..ကုန်ချလိုက်ရင်.. ပွဲတော်တော်ပြတ်တယ်…။
အဲဒါပြီးရင်.. စင်္ကာပူတော်တော်ထိမယ်…။
ဆိုတော့…
ဆန္ဒဆန္ဒ..ပြပြ… :kwi:
မင်းနန္ဓာ
January 23, 2013 at 10:41 am
အိပ်မက်ကို မယုံကြည်သူသည် မေတ္တာတော့ငတ်ရ၏။… လှလိုက်တဲ့ စကား
..
သူကြီးပြောတဲ့ မြန်မာပြည် အမြီးမှာ တူးမြောင်းဖောက်မယ့် concept ကို ထားဝယ်ဆိပ်ကမ်းကိစ္စမတိုင်ခင် ကြားခဲ့ဖူးသလိုပဲ.. နောက်ပိုင်း ဖြစ်လာနိုင်စရာ ရှိတယ်နော်
ရေရှည်အကျိုးကို စဉ်းစားကြရပါမယ်
ကိုယ့်နေ့စဉ်ဘဝ ရုန်းကန်မှုလေး နည်းနည်းပြောင်းရတိုင်း ဆန္ဒပြမယ်ချည်း လုပ်နေသူတွေ
မိမိနောက် မျိုးဆက်တွေ သုခခံစားကြရမှာ မြင်အောင်ကြည့်ကြပါ
aye.kk
January 23, 2013 at 7:21 am
ကိုရင်ရေ။
ဖတ်ပြီးတော့ကော်မန်းတောင်မပေးတတ်တော့ဘူး။
ခံစားချက်လေးဖတ်လိုက်ရတော့၊ပင်လယ်ပြင်ကြီးကိုတောင်လွမ်းသွားတယ်။။
ခိုင်ဇာ
January 23, 2013 at 9:48 am
သူကြီး ကော်မန့် ဖတ်ရတာ ကျောချမ်းလိုက်တာ။
:harr:
ကိုရင်စည်
ဖတ်ပြီး ရလ အတွင်း Go Shore ၂ ခါ ပဲ ရှိသေးတယ်ဆိုလို့ အတော် စိတ်မကောင်းဖြစ်သွားမိသေး။
အစ်မ ဖြင့် တစ်နေ့လောက် အိမ်ထဲက အိမ်ပြင် မထွက်ရဘူးဆို အတော် မနေပျော်တဲ့ သူမို့ထင်ရဲ့။
ဆက်ဖတ်တော့လည်း ငိုချင်စိတ်ပေါက်သွားတယ်။ မောင်လေးတွေ သင်္ဘောလိုက်မယ်လေးဘာလေးလုပ်ကြတုန်းကတည်းက
အမုန်းခံတားခဲ့ရတာ။ ကြားဖူးသမျှတွေနဲ့တင် သူတို့ရင်ဆိုင်ရမဲ့ ခွဲခွါမှုတွေ အလွမ်းတွေကို ကလေးတွေကို မတွေ့စေချင်ဘူး။
အိမ်ပြန်ရမဲ့ရက်တွေနဲ့ တွေ့ချင်သူတွေကို တွေ့ရမဲ့ ရက်တွေကိုသာ အမြဲတွေးပြီး စိတ်ကူးနေရရင်တော့ လက်ရှိ အချိန်တွေကို ရင်ဆိုင်နိုင်မယ်ထင်ပါတယ်။
အားတင်းထားပါလေ။ :hee:
ဗုံဗုံ
January 23, 2013 at 10:48 am
အူးလေးစီ စာဖတ်ရင်းနဲ့ မျက်ရည်တွေ ဘူးသီးလုံးလောက် ပန်းခနဲ ထွက်ကုန်ပြီ ပြန်လျှော်ပေးပါ :byae:
ကိုရင်စည်သူ
January 23, 2013 at 2:53 pm
သယ်ရင်း အိမြတ်.. ပြန်လာမှ ဘူးသီးလောက်ရှိတဲ့ Ipad ဂျီး လက်ဆောင်ဝယ်လာခဲ့မယ်.. 😛
မျက်ရည်ဒွေသုတ်လိုက် အူးစည်က မိန်းကလေးတွေ ငိုတာမြင်ရင် သနားပြီး ဂျစ်တတ်လွန်းလို့.. :528:
မောင့်ကျက်သရေ ဂီ့
January 23, 2013 at 2:54 pm
အူးလေး ..သားတို့အတွက်လည်း ဗူးသီးလုံးလောက်ရှိတဲ့ ကော့ညက်လေး တလုံးလောက် ဆွဲခဲ့ပါလား ဟင်င်င်င်င်
:528:
ကိုရင်စည်သူ
January 23, 2013 at 3:00 pm
ဟွဲ့ အူးဂီ့.. ဒီမှာ ဘူးသီးလုံးလောက်ပြပီး ချုပ်နေဒါဂို… လာကျွပ်နေဒလယ်..
နီတို့ဖို့… ဘူးသီးခြောက်ထဲ ဇေထည့်ပီး.. ဘူးသီးကြော်နဲ့ တိုက်မယ်.. ဟီးဟီး..
မိုချို
January 23, 2013 at 1:19 pm
ကိုရင် စည် ့ စာကို ဖတ်ပြီး သင်္ဘောသားတွေ ဘဝ ကို စာနာသနား မိတယ်။ ဒါနဲ့ များတောင် တချို့ တချို့ သော သင်္ဘေား ကတော် တွေ များ ယောက်ျား ကို ကုန်း ပေါ် မှာ ၃ လ ပြည့်အောင် မနေ ခိုင်း တာတွေ့ ဖူးတယ်။ တော်တော် ရက်စက်တဲ့ မိန်း မတွေ ပဲ။
ကိုရင်စည်သူ
January 23, 2013 at 2:49 pm
မမိုချိုပြောသလို ယောက်ျားကိုသုံးလမနေခိုင်းပြန် ဖိအားပေးပြန်ထွက်ခိုင်းတဲ့
မိန်းမတွေထက်… မြန်မြန်ထွက်ခိုင်းပြီး ယောက်ျားသင်္ဘောသားက
ပင်ပန်းစွာရှာတဲ့ဒေါ်လာတွေကို သုံးပြီး လင်ငယ်နေတဲ့ မိန်းမက သာပြီး
ဆိုးသေးဗျာ.. လက်ရှိကို အဲ့လိုမျိုးတွေ အပြောမဟုတ်ပဲ အပြင်မှာကော
ကိုရင်တို့ နယ်ပယ်မှာ တကယ်ရှိနေတာတွေပါ။…
တော်တော်ယုတ်ညံ့တဲ့မိန်းမတွေပါဂျာ… အဲ့လာတွေကို အူးစည် ကြောက်လို့
မိန်းမတွေနဲ့ ဝေးရာနေရင်း ခုရို လူပျိူဂျီးဖြစ်နေရဒါဘာဗြဲ… ဟီးးး :kwi:
kyeemite
January 23, 2013 at 2:26 pm
ကရင်စည်ရေ..တောင့်ထားဟေ့
အိမ်ပြန်လုနီးပါပီ…
weiwei
February 10, 2013 at 10:23 pm
အိမ်လွမ်း နေတဲ့ အကြောင်းလေး ကို အများ အကျိုးရှိစေမဲ့
ဗဟုသုတလေး အားဖြည့်ပြီး တင်ပြထားတာ အပြင် အပြန်အလှန် ဆွေးနွေး မှု အားကောင်း တဲ့ Post လေးဖြစ်လို့ ဒုတိယ အနှစ်သက် ဆုံးအဖြစ် ရွေးခဲ့ပါတယ်။