နင့်အပြုံးမှာ အဆုံးမရှိ ငြိတွယ်ဖူးတယ် မြုံးမိထားတဲ့ ငါးလိုပဲ…။ အပိုမပြောတတ်ခဲ့တဲ့ငါ နင်ဆိုသမျှကိုလည်း ယုံခဲ့မိတယ်။ အချစ်တွေကိုပုံလို့ ငါ့ဦးနှောက်လည်း စုံလုံးကန်းခဲ့ပေါ့။ ငါတမ်းတတဲ့အချိန် နင်မရှိခဲ့ဘူး။ ငါလွမ်းလျတဲ့အချိန် နင်မသိခဲ့ဘူး။ အရူးတစ်ယောက်လိုပဲ။ ရောက်တတ်ရာရာတွေလုပ် အတွေးတွေကြားမှာမြုပ်ရင်း ငါ့စိတ်တွေလည်း ရှုပ်နေလေရဲ့။ အခုတော့… နင့်အကြောင်းတွေကိုထုတ် ငါ့စိတ်ကိုငါ ထိန်းချုပ်လို့ အလုပ်ထဲမှာပဲပျော်ရင်း…။ ။

download-1.jpg

ငါ့အမုန်းမှာ အပြုံးမရှိဘူး။   သုံးစားမရတဲ့ ဦးနှောက်က နှလုံးသားရဲ့ ခြေနင်းဖက်။ ခပ်လွယ်လွယ်ပြောလိုက်ရင် သီချင်းထဲက စံပယ်ပေါ့။   “ငြင်းစရာမရှိလို့ပါ” တဲ့… ခပ်တင်းတင်းပြောထွက်တဲ့ ပါးစပ် ရွှေတောင် ကပ်ပေးလိုက်ချင်တယ်။   “ခင်ဖို့အတွက် ရင်းရတာမာန” ဟား..ကြားသမျှမှာ အဆန်းဆုံးပဲ။   နားတွေလည်း ခါးလှပါပြီ။ အရှုံးတွေလည်း များလှပါပြီ။   ဒီတော့… အပြုံးမရှိတဲ့ ငါ့အမုန်းအောက်မှာ တစ်သက်လုံးပဲ နေလိုက်ပါတော့…။  ။  

knife-in-back.jpg

ကျောဘက်ကဓား အသွားထက်လိုက်တာ အသည်းက ဟက်တက်ကွဲပေါ့။ ပက်စက်တဲ့အကြံ နင်မို့လို့ နှံရက်တယ်။ ပြန်ပြောခွင့်လည်း မဆိုင် ငါကမှ မပိုင်ခဲ့တာ။ ယိုင်ခဲ့တဲ့ သူ့စိတ်တွေလည်း အထိတ်တလန့် အံ့ဩမိရဲ့။ ထိလွယ်တဲ့ ငါ့နှလုံသား နင်သိသိကြီးနဲ့ဟာ..။ မတရားမရှိပါဘူး ကျေနပ်လို့ချစ်မိကြတာ။ အပြစ်ဆိုလောက်အောင်လည်း ဦးနှောက်က အလတ်ကြီးပဲ။ တကယ့်ကို ကြောက်မိပါတယ် မထောက်ထားခဲ့တဲ့ နင့်စိတ်ဓာတ် အကြီးအကျယ် သွေးပျက်မိပေါ့။ အေးဆေးပါ… ဘဝပျက်မသွားပါဘူး။ တစ်ခုတော့ သတိထား… အစွန်းဆုံးထိ အမုန်းတွေနဲ့ နင်တို့ကို စောင့်ကြည့်နေတယ်။   ။


ရှောင်ခွာချင်လို့ မောင်ထွက်သွားတာ ကျွန်မ မတားပါဘူး။ ချင်းစိမ်းနဲ့ မိသလင် သူကြင်မှ ကိုယ်ကြင်မို့ နောက်တစ်ယောက်ကို ချစ်မိရင် ကျွန်မအပြစ် မဟုတ်ဘူးနော်။ မောင်နဲ့ပတ်သက်ရင် ဒဏ်ရာရခဲ့တဲ့ ကျွန်မနှလုံးသား ထုသားပေသားကျနေလို့ ခံစားချက်တွေလည်း မဲ့ခဲ့ပါပြီ။ ဘယ်လိုလဲမောင်… နောင်ကျဉ်နေပြီလား… ကျွန်မလိုချစ်မယ့်သူ ကျွန်မလို ကြင်နာမယ့်သူ နောက်တစ်ယောက်ရော ရှိရဲ့လား…။ ပြန်မလာပါနဲ့မောင် မောင်ခင်းခဲ့တဲ့ မောင့်လမ်း ရဲရဲသာဆက်နင်းပါ မောင့်နောင်တ ကျွန်မမျှော်လင့်ထားတာ အစောကြီးကတည်းကပါ။ မောင်လမ်းထွင်မှ လမ်းပြင်ခဲ့တဲ့ကျွန်မ မောင်တစ်ယောက်ပျော်ပါစေလို့ ရိုးသားစွာ ဆုတောင်းနေပါမယ်…။   ။   **လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရေးခဲ့တဲ့ကဗျာလေးကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။  


ရင်ထဲမှာပဲ ကြိတ်မှိတ် တိတ်တိတ်လေးပဲ ချစ်နေရတာ ဘယ်သူသိနိုင်မှာလဲ…။ သတိရတဲ့ နေ့တွေ သတိရတဲ့ ညတွေမှာ မျက်ဝန်းအိမ်ထဲ မျက်ရည်ခ ဘယ်သူသိကြမှာလဲ…။ နှစ်ယောက်အတူတူထိုင် လက်ကလေးကိုကိုင်ပြီး ကြည့်နူးစရာလေးတွေပြော ရယ်မောခဲ့ကြတာ အိပ်မက်သာမဟုတ်ရင် သိပ်ကောင်းမှာပဲနော်…။ ဘာပဲဖြစ်ဖြစ် ချစ်နေခွင့်လေးတစ်ခုသာ မြတ်နိုးစွာဖက်တွယ်ရင်း ကျေနပ်နေသူပါရှင်..။  ။ (ကာရန်ကြိုက်တဲ့ မွန်မွန်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။)


တောပြောတောင်ပြောနဲ့ မောနေပါမယ် ဘာမှလာ စောဒကမတက်ပါနဲ့ ထောမှတွဲချင်တဲ့ နင့်အကြောကို သိပြီးသားပါ ဘာမှမရှိတဲ့ ငါ့ဘဝထဲ အရင် လာငြိခဲ့တာနင်ပါ ထင်တာတွေလွဲသွားလို့ မကြင်နာချင်လည်းနေပါ မနှင်ပါဘူး ရူးခဲ့မိတာ ဝန်ခံပါတယ် ထူးတော့ မထူးပါဘူး နင်မရှိလည်း နေလို့ဖြစ်ပါတယ်…။   ။ (ကာရန်တွေကို လိုက်ချိတ်ရင်းနဲ့ ကဗျာလေးတစ်ပုဒ် ထွက်လာခဲ့ပါတယ်။  ကိုယ်တွေ့ဖြစ်ရပ်တော့ မဟုတ်ပေမယ့် မိန်းမလေးဘက်က ခံစားချက်ကို ရေးထားတာပါ။)