ကျွန်မ အကနဲ့ ပတ်သတ်ရင် လှလှပပ မဟုတ်ပေမယ့် ကတတ်တယ်လို့ ပြောလို့ရမယ်။ ဂျပန်စကားပြော အပြင်သင်တန်းတက်တုန်းက သင်တန်းက ပွဲလုပ်တဲ့အချိန် ကျွန်မတို့ သင်တန်းက အစ်မတွေနဲ့ ရခိုင်ဆီမီးခွက် အက ကကြတော့ ကျွန်မကတာ ငြင်သာမှုဘယ်လောက်ရှိလဲ မရှိလဲဆိုုတာ ညာဘက်လက်မှာ ကိုင်ထားတဲ့ ဆီမီးခွက်ထဲက ဖယောင်းတိုင် ဘယ်လွင့်သွားမှန်းကို မသိတော့သာကြည့်တော့။ အဲဒီပွဲနေ့က ဓာတ်ပုံတွေ ပြန်ရတော့ ကြည့်လိုက်တဲ့အချိန် ကျွန်မခြေထောက်ရဲ့ လှမ်းနေတဲ့ အက က ရခိုင်သမီးပျိုနဲ့မတူဘဲ ဘောလုံးအသင်းက ရှေ ့တန်းတိုက်စစ်မှူး တစ်ယောက်နဲ့ တူနေပြန်ပါရောလား။ အဲလိုနဲ့ နောက်တစ်နှစ်အကြာ သင်တန်းက ပွဲလုပ်ရင် အငြိမ့်ကကြမယ် ပြီးတော့ ဦးရွှေရိုး ဒေါ်မိုးအက ထည့်ကြမယ်လို့ သတင်းကြားရပြန်တယ်။ အငြိမ့်မင်းသမီးနေရာက ကျွန်မကို ဇွတ်ထည့်ကြတော့မှာမို့ စိတ်ညစ်ညစ်နဲ့ ကရဦးမှာပေါ့လေ။ဘယ်တတ်နိုင်ပါ့မလဲ […]