ပြေးနေတဲ့ ခြေလှမ်းတွေက အလိုလို သယ်ဆောင်သွားသလိုပါ။ အမှတ်မဲ့၊ စည်းချက်ကျ ခြေလှမ်းတွေကြောင့် ကျုပ်ရဲ့အိမ်ရှေ့ကို အမြန်ဆုံးရောက်လာတယ် ထင်မိတာပဲ။ တစ်ဒုန်းဒုန်း ခုန်နေတဲ့ ကျုပ်ရင်ဘတ်ထဲက နှလုံးသားဟာ အပြင်ကိုတိုးထွက်ဖို့ တာဆူနေတယ်။ အသက်ရှူသံ တဟဲဟဲက ကိုယ်ဘာသာကိုယ်တောင် နားညီးလာနေပြီ။ အိမ်ရှေ့ကပြင်လေးအောက် အသာတိုးဝင်လိုက်တယ်။ ခွေကနဲလှဲချလိုက်တာလား လဲကျသွားတာလားတောင် မဝေခွဲလိုက်နိုင်ဘူး။ နားရွက်တစ်ဖက်က တစ်စက်စက်ကျနေတဲ့ သွေးတွေဟာ ကျုပ်ရဲ့လက်ပေါ်ကတဆင့် မြေကြီးပေါ် တပေါက်ပေါက် ကျနေလေရဲ့။ ညာဖက်လက်ကို အသာငုံ့ပြီး လျှာနဲ့လျှက်နေမိတယ်။ စွတ်စွတ်စိုနေတဲ့ စေးပျစ်ပျစ်သွေးတွေက လျှာပေါ်ကို အလိုက်သင့်ပါမလာဘူး။ ကွဲသွားတဲ့ လက်အရေပြားက သွေးစေးတွေနဲ့ ကပ်ခဲနေလို့ လျှက်လိုက်တိုင်း တစစ်စစ်နာနေတာပဲ။ ခုမှသတိထားမိတာက နောက်ခြေတစ်ဖက်ကလည်း အရမ်းနာနေပြီ။ ဒါပေမယ့်….ဒီအပြင်က နာနေတဲ့ ဒဏ်တွေဟာ ကျုပ်ရင်ထဲက နာတာနဲ့စာရင် အပရိက ပါပဲ၊ […]