“နာရီစင်ကြီးရယ်**********မကြာမီဆိုညည်းတော့မယ်******သီချင်းကြားထဲ နှစ်သစ်ကိုရောက်မယ်**** ဒီမှာကိုယ် တစ်ယောက်တည်း******နှင်းများတဖွဲဖွဲကျနေ ဒီညလေးကိုငေးမာကြည့်နေတုန်း…….” ကျွန်တော်ဖြတ်လျှောက်သွားတဲ့ လမ်းမတစ်လျှောက်မှာ အလွမ်းနှစ်ကူးဆိုတဲ့ သီချင်းသံလေးတွေ ညံစီလို့။ အောက် စွပ်ကျယ်တစ်ထပ်နဲ့အပေါ်က ခေါင်းစွပ်(Hoody)ကို ကျွန်တော်ဝတ်ထားတယ်။ ရန်ကုန်ဆောင်းလား သိပ်မအေးဘူး။ နှင်းကျလားဆိုတော့ သိပ်မကျဘူး။ မြူတွေလောက်ပဲတွေ့ရတတ်တဲ့ ရန်ကုန်ဆောင်းရယ်။ ဒီညလား ဒီညက နှစ်သစ်ကူး (New Year) ညလေ။ ဒါကြောင့် လမ်းတိုင်းလမ်းတိုင်းလိုလို လူစည်ကားနေတာ။ နှစ်သစ်ကို ကြိုကြတော့မယ် လူငယ် လူကြီူး အစုံအလင်ပါပဲ။ ကျွန်တော်လည်း လူငယ်မို့ နယူးရီးယားညကိုကြိုဖို့ သူငယ်ချင်းအိမ်ကိုထွက်လာမိတယ်။ လက်ကနာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့မိနစ်သုံးဆယ်။ ချမ်းစိမ့်စိမ့်ရာသီကြောင့် လက်နှစ်ဖက်ကို ဘောင်းဘီအိတ် ထဲ ထည့်ပြီးလမ်းလျှောက်လာမိတယ်။ ကျွန်တော့်နှုတ်မှလည်း ထိုသီချင်းကို ညည်းနေရင်း လမ်းလျှောက်နေမိတယ်။ “လူတွေအားလုံးသိပ်ပျော်တယ်**********ဒီလိုနှစ်သစ်ရောက်ရင်ကွယ်****ပျော်စရာသီချင်းသံများနဲ့***မင်းပျော် နေတာ့မယ်****ငွေရောင်လကကောင်းကင်ထက်***ကိုကြည့်ရင်းငိုချင်တယ်***နှစ်သစ်ရောက်ရင်ပြန်ခဲ့မယ်** ခုတော့ကိုယ့်ကိုမေ့ပြီကွယ်****” […]