ဘဝတစ်ခုဖြစ်လာရာတွင် ပဋိသန္ဓေအခါ၊ ပဝတိ္တအခါဟူ၍ဖြစ်ရာ နှစ်မျိုးရှိသည်။ ပဋိသန္ဓေစိတ်၊စေတသိက် နှင့် ကမ္မဇရုပ်တို့ဦးစွာဖြစ်သည့် ဥပါဒ်ခဏသည် ပဋိသန္ဓေအခါ မည်၏။ ဥပါဒ်ခဏမှ နောက် ဌီခဏမှ စ၍ စုတိစိတ်၏ ဌီခဏအထိ (အမိဝမ်းထဲ၌ ကိန်းအောင်းဆဲပင်ဖြစ်စေကာမူ) ပဝတိ္တအခါ မည်၏။ အကုသိုလ်ကံကို ကာယကံဖြစ်စေ၊ ဝစီကံဖြစ်စေ၊ မနောကံဖြစ်စေ ကံတစ်ခုခုအနေဖြင့် ပြုလုပ်ကျူးလွန်မိသောအခါ၊ ပြုလုပ်သည့်အတိုင်းအတာ အလိုက် ပဋိသန္ဓေအကျိုးပေး သို့မဟုတ် ပဝတိ္တအကျိုးပေးကိုရ၏။ အကုသိုလ်ကမ္မပထမြောက်လျှင် ပဋိသန္ဓေ အကျိုးကိုပေးကာ၊ ကမ္မပထမမြောက်လျှင်၊ အကုသိုလ်ဒုစရိုက်ဖြစ်ရုံသာဖြစ်လျှင် ပဝတိ္တအကျိုးကိုပေး၏။ အကုသိုလ်ကမ္မပထမြောက်သည် ဆိုသည့် အဓိပ္ပါယ်မှာ အကုသိုလ်ကံတစ်ခုခုကို ပြုလုပ်လိုက်သည့်အခါ၊ ဒုဂ္ဂတိဘုံသို့ ဧကန်အမှန်ရောက်သွားအောင် ပြုလုပ်ပြီးမြောက်သွားခြင်းကို ဆိုလိုသည်။ ထိုသို့ကမ္မပထမြောက် သွားလျှင် ပဋိသန္ဓေအကျိုးပေးအနေဖြင့် အပါယ်(၄)ဘုံထဲမှ တစ်ဘုံဘုံသို့ ရောက်သွားမှာဖြစ်၏။ အပါယ်(၄)ဘုံမှ ငရဲ၊ […]