အချိန်ကာလကား ည၉နာရီခန့် ရှိလေပြီ။ ရုံးကြီးတခုတွင်းရှိ တနေရာ တွင် မီးရောင်ကလေး လင်းလက်နေလေသည်။ ရုံးဝန်းကြီးတခုလုံးနှင့် ပတ်ဝန်းကျင်တခုလုံးကား ပိန်းပိတ်အောင်မှောင်လျက်ရှိသည်။ ကောင်းကင်တွင်လည်း မိုးတိမ်မဲများ ဖုံးအုပ်နေသောကြောင့် ကြယ်ရောင်မှ မလင်းနိုင်ရှိလေသည်။ တခါတရံတွင် လျှပ်ပြက်လိုက်သေးသည်။ ပတ်ဝန်းကျင်တခုလုံးတွင်လည်း သစ်ပင်ကြီးများကို လေတိုးသံမှတပါး ဘာသံမှ မကြားရချေ။ တခါတရံတွင်မူ ခပ်လှမ်းလှမ်းမှ မော်တော်ကားလမ်းမကြီးပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်သွားသော မော်တော်ကားစက်သံသဲ့သဲ့ ကိုကြားရလေသည်။ အဆိုပါမီးရောင်ရှိရာ ကြည့်လိုက်လျှင် ရုံးစားပွဲလေးတခုတွင် စာရွက်များနှင့် အလုပ်ရှုပ် နေသောလူတဦးကို မြင်ရမည်ဖြစ်ပေသည်။ ထိုသူသည်ကား စာရွက်ကို ကြည့်လိုက် ကွန်ပြူတာစာရိုက်လိုက်လုပ်နေလေသည်။ အတန်ငယ်ကြာသောအခါ ထိုသူသည် အလုပ်ပြီးသွားသည့်ပုံဖြင့် နေရာမှထလိုက်ကာ အညောင်းဆန့်ကာ ကွန်ပြူတာကို ပိတ်၊ အိမ်သာရှိရာ နေရာကို သွားလေသည်။ ထိုနောက် ၎င်း၏နေရာသို့ ပြန်လာကာ လွယ်အိတ်ကို ကောက်ယူလိုက်လေသည်။ […]