ပိုလာရွိုက်ဓာတ်ပုံထဲမှ မျက်နှာဝိုင်းဝိုင်းကို တစိမ့်စိမ့်ကြည့်မိပြန်သည်။ ကျွန်တော့်ညီလေးမျက်နှာ … ကျွန်တော့်ကို ဟက်ဆန်သိပ်ချစ်ခဲ့သည်။ ဘယ်သူနှင့်မှ မတူသောနည်းလမ်းဖြင့် ဘယ်သူနှင့်မှမတူအောင် ချစ်ခဲ့သည်။ ခုတော့ သူသွားရှာပြီ။ သူနှင့်တူသော အစိတ်အပိုင်းလေးတစ်ခုကသာ မသေသေးဘဲ ကဘူးတွင်စောင့်မျှော် နေသည်။ အခန်းထောင့်တွင် ဘုရားရှိခိုးနေသော ရာဟင်ခန့်ကိုတွေ့သည်။ သူ ဘုရားရှိခိုးအပြီးကိုစောင့်ပြီးမှ ကဘူးကို သွားမည့်အကြောင်း ပြောပြလိုက်သည်။ မနက်ကျလျှင် ကော်ဝဲဇနီးမောင်နှံကို ဖုန်းဆက်ပေးပါရန် ကျွန်တော်မှာသည်။ ”သားအေမား၊ အေမားအတွက် ဆုတောင်းပေးနေမယ်” …………………………………………………….. ____________________________ အခန်း(၁၉) ”ကိုင်ဘာတောင်ကြားမှ ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို ကျော်ဖြတ်လာစဉ် ခံတွင်းထဲ အရည်များပျို့လာသည်။ ကျွန်တော် ကားမူးပြန်ပြီ။ အစာအိမ်ထဲ ဗြောင်း ဆန်နေသည်။ ကျွန်တော့်ယာဉ်မောင်း ‘ဖာရစ်ဒ်’ က အေးစက်သောမျက်စောင်းတစ်ချက် ပစ်ထိုးလိုက်သည်။ သူ့မျက်လုံးထဲတွင် စာနာရိပ်မရှိ။ […]