ဟက်ဆန် ပခုံးတွန့်ပြသည်။ သူစိမ်းတစ်ဦး၏အမြင်တွင် ဟက်ဆန် ကြောက်နေသည်ကို မြင်မည်မဟုတ်ပေ။ ဟက်ဆန့် မျက်နှာသည် ကျွန်တော်စောစီးစွာ ရင်းနှီးခဲ့ရသောမျက်နှာ။ ထိုမျက်နှာပေါ်မှ သိမ်မွေ့မှုအားလုံး – ရိုးခနဲရိပ်ခနဲ ဖြတ်သန်းသွားမှု အလုံးစုံကို ကျွန်တော်သိသည်။ ဟက်ဆန့်အကြောက်တရားကို ကျွန်တော်မြင်နေရပြီ။ ကြောက်သမှ နည်းနည်းနောနောမဟုတ်။ ”မှန်တယ်။ ဒါပေမယ့် မင်းမမြင်ဘူးပေါ့၊ လောက်လေးကိုင်ထားတာကတော့ ငါတစ်ယောက်တည်း။ မင်းတစ်ချက်လှုပ်တာနဲ့ မင်းနာမည် ‘နားရွက်စားအာစွပ်’ ကနေ ဘဝပြောင်းပြီး ‘တစ်ဖက်ကန်းအာစွပ်’ ဖြစ်သွားမယ်။ ငါ့လောက်လေးက မင်းရဲ့ဘယ်ဖက်မျက်လုံးကို တည့်တည့်ပဲကွ” ထိုစကားကို ဟက်ဆန်က အင်မတန်မင်သေစွာပြောသဖြင့် ကျွန်တော် သိထားပြီးသော အကြောက်တရားကို သူ့စကားထဲမှ မနည်းကြီး အားစိုက်နားထောင်ရ သည်။ အာစွပ်၏ပါးစပ် လိမ်တွန့်သွားသည်။ အပြောင်းအလဲကို ဝေလီနှင့် ကာမဲတို့ ကြည့်နေကြသည်။ တစ်ယောက်ကတော့ သူတို့အရှင်သခင်ကြီးကို စိန်ခေါ်နေပြီ။ […]