ကျွန်မ ခုတစ်လော ငယ်ငယ်ကအကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။ အပြစ်ကင်းစင်တဲ့ ကလေးဘဝကို ပြန်ရောက်ချင်တယ်လည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ဝါသနာက ငယ်ငယ်ကတော့ နေ့စဉ် မှတ်တမ်းလေးတွေ ရေးတတ်တယ်။ ဒိုင်ယာရီရေးတယ်လို့တော့ မသိခဲ့ပါဘူး။ ဗလာစာအုပ်ထဲ ဒီနေ့မနက်ဘယ်အချိန်တို့၊ ဘာတို့ စပြီး နေဝင်မိုးချုပ်အိပ်တဲ့အထိဆိုပါတော့။ တစ်နေ့တာ အဖြစ်အပျက်တွေ နောက်မြင်တာ တွေ့တာတွေ စိတ်ထဲခံစားမိတာတွေ ချရေးတော့တာပဲ။ နောက်တော့လည်း ခုကြီးလာချိန်ကြတော့ ဒီစာအုပ်တွေဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ဘယ်နေ့က ဘယ်သူက ငါ့ကို ဘာပြောတယ် ဘယ်သူက စကားမပြောဘူး။ ပြုံးမပြဘူး စသည့်ဖင့်ပေါ့လေ ပြီးရင် နောက်ရက်တွေကျရင်ပြန်ပြန်ဖတ်ကြည့်တတ်တဲ့ အကျင့်က ရှိပြန်သေးတယ်။ ခုချိန်တော့ ရေးပါဆိုတာတောင် ရေးချင်စိတ်က ဘယ်လိုမှ မကြီးစိုးတော့တာ အရွယ်ကြောင့်လားတော့ မပြောတတ်တော့ဘူး။ ဒါပေမယ့် ခုချိန်ထိ မပြောင်းလဲတဲ့ စိတ်တစ်ခုကတော့ ရှိသေးတယ်။ […]