ကျွန်တော်က စာပေလောကထဲ ဝင်လာကစ ခြင်ကလောင်လေးပါ။ ခြင်ကလောင်ဆိုတော့ သိတဲ့အတိုင်း လက်ဝါးကြီးကြီးတွေက ရိုက်သတ်ဖို့ ချောင်းနေကြတာပေါ့။ ခြင်ကလောင်တွေခမျာ ဟိုင်ရှောင်ရင်း ဒီရှောင်ရင်းနဲ့ မိရာထိရာကို အပြီခဲရတော့တာပဲ။ တကယ့်အဖြစ်ပါဗျာ။ ဘဝက ဆင်ကလောင်မှ မဟုတ်တာကိုး။ ခြင်ကလောင်ပီပီ စာပေလောကမှာ ကိုယ်လုံးငယ်ရသလို မျက်နှာလည်းငယ်ရပါတယ်။ ဟုတ်ပါတယ်။ ကြည့်ပါ။ ခြင်ဆိုမှတော့ ဆင်နဲ့နှိုင်းလိုက်ရင် မြင့်မိုရ်တောင်နဲ့ ဇီးစေ့လိုပါပဲ။ ဒါကြောင့် စာပေလောကမှာ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့အတိုင်း ခြင်ကလောင်တွေခမျာ ချောင်ထိုးခံရတော့တာပဲ။ စိတ်ပေါက်ပေါက်နဲ့ တစ်ခါတစ်ခါ တွေးမိတယ်။ သူများတွေလို ပုံးချီပေးပြီး ကလောင်ကြီးဆေးထိုးဖို့တောင် တွေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာအုပ်ထုတ်တာကို ပြောတာပါ။ ပြောလို့သာ ပြောတာ ဘယ်မှာလဲ ပိုက်ဆံဆိုလို့ကတော့ တစ်ကိုယ်လုံး ညှစ်ချကြည့်တောင် တစ်သောင်းမပြည့်ရှာတဲ့ဘဝ။ စိတ်မခိုင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ ရှိတော့တယ်။ […]