ဆောင်းလေညှင်းက အေးနေပြီ။ မနက်ဖြန်ဆိုရင် နယ်ကိုပြန်ရတော့မယ်။ ရောင်စုံ မီးရောင်တွေအောက်ကနေ ခဏသာ ပျောက်ကွယ်ရဦးတော့မှာပေါ့။ လွမ်းလို့တော့မဟုတ်ပါဘူး။ ဒါ လွမ်းလောက်စရာမှ မဟုတ်တာ။ အညှီ အဟောက်တွေမှန်းလည်း သိပြီးပြီ။ အများပိုင်ရင်ခွင်တစ်ခုမှာ တစ်ဦးဆိုင်နာမ်အတွက် စွန့်သင့်တာကို စွန့်ပစ်လိုက်ခြင်းလို့ သတ်မှတ်မိတယ်။ ဒီအနေအထားမှာ နေခွင့်ရတာကို ပျော်ပိုက်တယ်လို့ ကိုယ့်ကိုကိုယ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့။ ပြီးပြည့်စုံခြင်းမရှိတဲ့ဘဝမှာ လေလွင့်ငှက်တစ်ကောင်ရဲ့ ခိုနားရာသစ်ကိုင်းက ဆွေးနေတာတော့မဟုတ်ဘူး။ ဆွေးနေမှန်းမသိဘဲ နားခိုခဲ့မိတဲ့ ငှက်တစ်ကောင်ရဲ့အမှားပါပဲ။ တကယ်ဆိုရင် အပျံသင်ရင်း နယ်လွန်ခဲ့မိတဲ့ ငှက်တစ်ကောင်ရဲ့ဘဝက လေထန်နေခဲ့ခြင်း သက်သက်သာ။ ဝေဟင်မှာ လေခိုစီးရမှန်းလည်းမသိ။ အတောင်ညောင်းလို့နားခိုခဲ့မိတဲ့ နေရာလေးတစ်ခုဟာ အဆိပ်တွေနဲ့ပြည့်နေတယ်။ သူမ သောက်သုံးခဲ့မိပါတယ်။ ×××××××           သူ့ကိုတွေ့ခါစက သာမန် ယောကျာ်းတွေထဲက ဒီပုတ်ထဲက ဒီပဲပါပဲလို့ သတ်မှတ်မိခဲ့တာ။ […]