thit minNovember 1, 20111min29331
(စိတ်ပူပေးသောကိုဘလက်ချောအတွက်) ဗီလိန်ကိုရေးလို့ကိုဘလက်ချောကကျနော်ကိုစိတ်ပူပါသည်၊ကျနော်ဘာမှမဖြစ်ပါခင်ဗျား။ကျနော်သည် စာရေးသောအခါတွင်စိတ်ကိုနှစ်၍ရေးတတ်ပါသည်။ကျနော့စာကိုကျနော့လက်တွေ့ ဘဝနှင့်ထင်ဟပ်၍စိတ်ပူပေးသူခုချိန်ထိနှစ်ဦးရှိသွားပါပြီ။ကိုဝင်းတော်လခါ ခေါ် ကိုမောင်ပေ နှင့် ယခုကိုဘလက်ချောပါ။ လွန်စွာကျေးဇူးတင်ရပါကြောင်းဤနေရာတွင်မှတ်တမ်းတင်အပ်ပါသည်။ ကိုဘလက်တောင်းဆိုသောအဆောင်နောက်ဆုံးနေ့ကို လက်ဆောင်ပေး၊ရေးသားပါမည်။ခံစားကြည့်တော်မူကြပါခင်ဗျား။ ~~~~~~~~~~~(^^;)~~~~~~~~~~~~~ စာမေးပွဲကားပြီးလေပြီ၊ယခင်ကဆူဆူညံညံရှိခဲ့သောအဆောင်တခုလုံးလည်ရပ်ဝေးနေသူတချို့ သာကျန်တော့သဖြင့်တိတ်ဆိတ်လှပြီ။ မိမိအခန်းတွင်းတွင်လည်းတော်တော်များများရှင်းလင်းပြီးပြီဖြစ်၍ ယခင်လိုပြည့်ကြပ်မနေတော့။ ရုတ်တရက်ဖြတ်ကနဲကြည့်လိုက်မိသည်။ ရေအိုးလေး။အခန်းထောင့်ကရေအိုးလေးကငိုမဲ့မဲ့မျက်နှာလေးနှင့်ကြည့်နေသလိုပါလား။ မင်းနဲ့ငါအကြာကြီးတူတူနေခဲ့တာမှန်ပါတယ်။ဘယ်မှာဝယ်ဝယ်ရတဲ့မင်းကိုငါယူမသွားတာလို့၊တန်ဖိုးမထားတာလို့ မင်းပြောလိုက်သလား။ မျိုးမတူဇာတ်ခြားလူသားနဲ့သောက်ရေအိုးအမျိုးမှမတော်၊မခေါ်ချင်လို့ထားခဲ့တာလို့မင်းတွေးနေလားကွာ။ မဟုတ်ဘူးကွ။ ငါကိုမင်းကျေးဇူးပြုခဲ့သလို၊ဒီမှာရှိတဲ့နောက်လာမဲ့ငါ့ညီငယ်တွေအတွက်အောက်ဆုံးထပ်မှာငါလှူခဲ့မှာ။ မင်းကိုသန့်သန့်ရှင်းရှင်းရေချိုးပြီးတဲ့အခါပေါ့ကွာ။နော်လို့စိတ်ထဲကပြောလိုက်ရသော်လည်းစိတ်မကောင်း။ မျက်စိကိုအကြည့်လွှဲလိုက်တော့။သူလိုဘဲကိုယ့်ကိုကြည့်နေရှာတဲ့တပျက်စီးလေး။ သူကတော့ သခင်ရေ ကျနော်ကိုတော့လွှင့်ပစ်မှာပေါ့နော်လို့သနားစဘွယ်မျက်နှာငယ်လေးနဲ့ပြောနေသယောင်ယောင်။ အဖြေမပေးလိုတော့သဖြင့်အဆောင်အပြင်သို့ကြည့်လိုက်သည်။ ကံ့ကော်ပင်တန်း။ ဟုတ်သည်။မိမိတို့အဆောင်ရှေ့တွင်ကံ့ကော်ပင်တန်းတခုရှိသည်။ပွင့်ချိန်တွင်လွန်စွာမွှေးလှသောကံ့ကော်ပင် တို့၏အရွက်စိမ်းစိမ်းများသည်လဲခုတော့ကြေကွဲနေသယောင် အကြည့်ကိုမြင်နေရသလို။ ဟား……………. ဟု တချက်ညီးလိုက်ရင်း သူငယ်ချင်းများရေးခဲ့ပေးသော အော်တိုစာအုပ်လေးကိုဖတ်မိသည်။ မရှိအတူရှိအတူနှင့်နေလာခဲ့ရသောချစ်သူငယ်ချင်းများ။ ငါးပိကြော်ပုလင်းငှါးသည်ဟုပြောကာယူသွားပြီးဘယ်တော့မှပြန်မတွေ့ရအောင်အစွမ်းထက်သော “ပျောက်စေဆရာသူငယ်ချင်း”။ ရေချိုးရာနေရာရေကန်သို့ဘာတခုမှမပါဘဲလာပြီး သူများဆပ်ပြာ၊ရေလဲပုဆိုး၊မျက်နှာသုပ်ပုဝါတို့ကိုယူသုံးပြီး ရေချိုးသွားတတ်သော”လှေထိုးသားသူငယ်ချင်း” လေးထပ်မှရှူးရှူးပေါက်ချခြင်းကို ဝါးချမ်းမှာ ဝိုင်ယာကြိုးကိုချည်၊တစကို ပလပ်ပေါက်မှာထိုး ၊ကျလာသော “ရှူးရှူးအတန်း”ကိုယင်းဓာတ်ရှိနေသောဝိုင်ယာနှင့် ဝါးချမ်းပြားသုံးပြီး လိုက်တို့ ကာ အကျင့်မကောင်းသောကော်ရစ်ဒါမှရှူးရှူးသမားကိုဆုံးမတတ်သော”အသုံးချလျှပ်စစ်သုတေသနသူငယ်ချင်း” အားလုံးနေရပ်ပြန်နှုတ်ဆက်ထွက်ခွါသွားကြပြီ။ […]