အနောက်ကောင်းကင်ယံမှာ တိမ်တွေပုပ်နေပြီ။ ညိုမည်းပြီး မကြာခင်မှာ အန်ကျလာတော့မယ့် မိုးစက် မိုးပေါက်တွေကို မင်းမမျှော်လင့်သင့်တော့ဘူး မင်းညို။ မိုးမရွာခင်မှာ ကျလာတော့မယ့် မင်းရဲ့ မျက်ရည်တွေကိုလည်း အတားအဆီးမဲ့ တံခါးဖွင့်ပေးလိုက်ပါတော့။ ထုတ်ဖော်မပြောဝံ့တဲ့ ဝေဒနာ အစိုင်အခဲတွေကို မျက်ရည်အဖြစ် မင်းပြောင်းလဲလိုက်ပါတော့။ မင်းလည်း ငါ့လို ခုချိန်မှာ မည်းမည်းကျုတ်နေမယ့် ကောင်းကင်ကြီးကိုကြည့်ပြီး တစ်စုံတစ်ခုကို တိုင်တည်ပြောဆိုနေမယ်ဆိုတာ ငါ ယုံတယ်။ အမှန်တရားဆိုတာ တွေးဆနေတာထက် ပြေးကြည့်လိုက်ဖို့လိုတယ်ဆိုတာကို ငါတို့ မသိလိုက်ကြဘူး။ အခန်း(၁) လက်ထဲမှာရှိနေတဲ့ စာရွက်ဖြူဖြူလေးကိုကြည့်ပြီး သူ့ရင်တွေတဒုန်းဒုန်းခုန်နေတယ်။ ပြီးတော့ သူ့နဘေးမှာထိုင်ပြီး သူ့လို ငူငူငိုင်ငိုင်ဖြစ်နေတဲ့ မင်းညို။ အံ့ဩခြင်း၊ မယုံကြည့်ခြင်း၊ ကြောက်ရွံ့ခြင်းတွေ သူ့တစ်ကိုယ်လုံး ရစ်ပတ်လွှမ်းခြုံနေတယ်။ “မဖြစ်နိုင်ဘူး“ နုတ်က ရုတ်တရက် အဲဒီ စကားတစ်လုံးပဲ ထွက်ကျလာတယ်။ […]