ကိုကျော်ရင်ကို ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝက စပြီးသိတယ်။ဒါပေမယ့်ကျောင်းနေဖက်တော့ မဟုတ်ပါ။သူကကြီးတယ်။ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ်ပါတီမှာ သူ ့ကိုကျွန်တော် စတွေ ့တယ်။သူကအရာရောက်တဲ့သူတစ်ယောက်၊ကျွန်တော်က လူငယ်ပါ။နောက်နိုင်ငံရေးစွန် ့ပြီးတက္ကသိုလ်မှာ ဆရာလုပ်နေကြတဲ့အခါမှာလဲ သူကစောပါတယ်။ဒါပေမယ့် ဆရာလုပ်ကြရင်း ကိုယ်သန်ရာသန်ရာမဟာဝိဇ္ဇာတန်းတက်ကြတော့ အတန်းတူတယ်ဆိုကြပါစို ့။၁၉၅ဝ ပြည့်နှစ်မှာ သူကမြန်မာစာ မဟာဝိဇ္ဇာအောင်တယ်၊ကျွန်တော်ကသမိုင်းမဟာဝိဇ္ဇာအောင်တယ်။အင်္ဂလိပ်စာပေါမောက္ခဦးမျိုးမင်း၊ဒေါ်တင်စောမူနဲ ့မြန်မာစာ ကထိကဒေါ်သန်းဆွေတို ့လဲ ဒီနှစ်ဘဲ မဟာဝိဇ္ဇာအောင်ကြတယ်လို ့ထင်တယ်။ကျွန်တော်ဘဲ နည်းပြဆရာအဖြစ်နဲ ့ကျန်ရစ်တယ်။အဲဒီရက်က ဇာတာစန်းလက်တွက်ချက်ကြည့်ရင် သူတို ့ဟာအကြီးအကဲမစခံရသူတွေပေ့ါလို ့ကျွန်တော်ထင်လိုက်မိတယ်။ နောက်ကျွန်တော် ပင်းယဆောင် မှာ လက်ထောက်အဆောင်မှုူးဖြစ်တော့ ကိုကျော်ရင်က ပဲခူးကျောင်းဆောင်မှုူးဖြစ်နေပါပီ။တိုးတက်ကျောင်းသားတွေဆူရင် သူနဲ ့ကျွန်တော်နှစ်ယောက်က နောက်ဆွယ်က နည်းပေးတာလို ့အထင်ခံရတဲ့အခါဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော် ဘိလပ်သွားခါနီး (၁၉၅၂ခု အောက်တိုဘာ)နှုတ်ဆက်ပွဲမှာ ကိုကျော်ရင်က— “ခါတိုင်းဆူဆူရှိရင် ဒီနှစ်ကောင်လက်ချက်ဘဲလို ့ပြောကြတယ်။အခုသူက အေးရာအေးကြောင်းထွက်သွားမှာမို ့ကျွန်တော်တစ်ယောက်ထဲအားငယ်လှတယ် တယ်တောင်မသွားစေချင်ဘူး”လို ့ရီစရာပြောပါသေးတယ်။ ကျွန်တော် နိုင်ငံခြားမှာလေးနှစ် နေပြီး ပြန်လာတော့လဲ ကိုကျော်ရင်ဟာ ပဲခူးဆောင်မှာဘဲရှိသေးတယ်။မြန်မာစာ ဌာနက ပျို ့ဟောင်းတွေတည်းဖြတ်ပြီးကမ္ဘာအေးမှာ ပုံနှိပ်တဲ့တာဝန် ကိုသူဘဲဆောင်ရွက်နေပုံရတယ်။ကျနော် ယူတဲ့“အင်္ဂလိပ်သံရောက်စာတန်း”ကိုပုံနှိပ်ရင် စီခ၊ရိုက်ခ၊စက္ကူဘိုး၊အဖုံးဘိုး၊ချုပ်ခ အစုစုပေါင်းဘယ်လောက်ကုန်မယ် လို ့သူ ့လက်ရေးလှလှကလေးနဲ ့သူတွက်ပေးတဲ့ စာရွက်ကလေးကျွန်တော့်မှာ […]