ဒီနှစ် နတ်တော်လပြည့်နေ့ရဲ့ထူးခြားချက်တစ်ခု။ ဆေးပေါင်းခတဲ့ညရဲ့အလှ။ လကြတ်သည့် မြင်ကွင်းအားငေးကြည့်မိရင်း…. တိုက်ဆိုင်မှုတွေကြုံတိုင်း အတိတ်ကို ပြန်ချိတ်စရာရှာတတ်တဲ့စိတ်ကလေးရဲ့အထာအတိုင်း.. အော် ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ခဲ့ပါပေါ့လား။ ================================================= မှတ်မှတ်ရရ မနှစ်က ဒီလို နတ်တော်လပြည့်နေ့ညပိုင်းလေးမှာပေါ့……… “ဟယ် ဟိုမှာကြည့်ကြစမ်း။ လမင်းကြီးက သာလို့။ လှလိုက်တာနော်” ပြူတင်းပေါက်မှ အပြင်သို့ ရုတ်တရက် ကြည့်လိုက်မိရင်းက လှမ်းပြောလိုက် ခြင်းဖြစ်သည်။ “ဟုတ်တယ်လေ ဆရာမရဲ့ ဒီနေ့က လပြည့်နေ့လေ” ကလေးတစ်ယောက်မှ လှမ်းပြောလိုက်တယ်။ ကျွန်မကတော့ ပြူတင်းပေါက်မှ ခေါင်းထွက်ပြီး မျက်နှာကိုမော့လျက် လမင်းဆီက ငွေရည်များဖြင့် မျက်နှာသစ် နေလိုက်တယ်။ တဆက်တည်းလည်း ငယ်တုန်းကရေးခဲ့တဲ့ စာစီစာကုံးထဲက “လရောင်ဆမ်းတဲ့ ရွာလမ်းမြေမှာ အုန်းထန်းပေလက်၊တမာရွက်တို့ ရွှေစက်ရွှေပြောက်၊ ရွှေရည်သောက်၏” ဆိုတဲ့ ကဗျာ တစ်ပိုင်းတစ်စလေးကို စဉ်းစားမိရင်း ပြုံးမိနေသည်။ တစ်ယောက်ကမေးလိုက်သည်။ […]