ကျွန်တော်သည် ငယ်စဉ်ကျောင်းသားဘဝက ခေါင်းတွင် အုံးဆီများမျက်နှာပေါ် ရွှဲကျနေသည်ထိလိမ်း၊ ဘိုကေကို ကျကျနနဖီး၊ အကျီင်္လည်ပင်း ကြယ်သီးအစေ့တပ်၊ ပုဆိုးကို ရင်ခေါင်းထိတက်ကာဝတ်ပြီး လွယ်အိတ်ကြိုးကို ပြားနေအောင်မီးပူတိုက်ကာ လွယ်အိတ်ဖုဖုဖောင်းဖောင်းကြီးဖြင့် နေ့စဉ်ကျောင်းသို့လာသည့် ပုံတုံးတုံး ကျောင်းသားကြီးသာဖြစ်၏။ ပြင်ဦးလွင်နေ့ရက်များသည်ကား အတော်လေးပင်အေးမြလှသည်မို့ ကျွန်တော့်ကျောင်းဝတ်စုံမှာ အများအားဖြင့် လက်ရှည်ကို ကြယ်သီးအစေ့ တပ်ထားဖြစ်သည်သာများ၏။ ပြေးမကြည့်ဘဲ တွေးကြည့်ရုံဖြင့် ရုပ်လုံးပေါ်နိုင်မည် ထင်ပါသည်။ တက်ရောက်ခဲ့ရာ ထ(၃)ကျောင်းကြီးသည်ကား တစ်ခေတ်တစ်ခါက သာသနာပြု မိန်းကလေးကျောင်းဖြစ်ခဲ့ဖူးသည်မို့ ကိုလိုနီခေတ် အဆောက်အဦးဟောင်းကြီးသာ ဖြစ်သည့်အတွက် မျက်နှာကျက်များမှာ ခေါင်မိုးနှင့် အတော်လေးပင်ဝေးလံလှပြီး မျက်နှာကျက်အဖြစ် လျှာထိုး သစ်သားများကိုသာ အသုံးပြုထားသည့်အတွက် အေးမြလှသော ဒေသတွင် စာသင်ခန်းသည်ကား အတော်လေးပင် အေးစိမ့်နေတော့သည်။ ဝန်ထမ်းသားသမီးဖြစ်သည့်အတွက် အများသူငါလို အနွေးထည်လှလှလေးများ ဝယ်မဝတ်နိုင်သည့်အတွက် ကျောင်းဝတ်စုံ လက်ရှည်လေးကိုသာ ကြယ်သီးခပ်တင်းတင်းစေ့နေအောင်တပ်ရင်း […]