Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်နှင့်ဆေးလိပ်

စဆရ ႀကီးOctober 28, 20111min42914

ကျွန်တော်သည် ငယ်စဉ်ကျောင်းသားဘဝက ခေါင်းတွင် အုံးဆီများမျက်နှာပေါ် ရွှဲကျနေသည်ထိလိမ်း၊ ဘိုကေကို ကျကျနနဖီး၊ အကျီင်္လည်ပင်း ကြယ်သီးအစေ့တပ်၊ ပုဆိုးကို ရင်ခေါင်းထိတက်ကာဝတ်ပြီး လွယ်အိတ်ကြိုးကို ပြားနေအောင်မီးပူတိုက်ကာ လွယ်အိတ်ဖုဖုဖောင်းဖောင်းကြီးဖြင့် နေ့စဉ်ကျောင်းသို့လာသည့် ပုံတုံးတုံး ကျောင်းသားကြီးသာဖြစ်၏။ ပြင်ဦးလွင်နေ့ရက်များသည်ကား အတော်လေးပင်အေးမြလှသည်မို့ ကျွန်တော့်ကျောင်းဝတ်စုံမှာ အများအားဖြင့် လက်ရှည်ကို ကြယ်သီးအစေ့ တပ်ထားဖြစ်သည်သာများ၏။ ပြေးမကြည့်ဘဲ တွေးကြည့်ရုံဖြင့် ရုပ်လုံးပေါ်နိုင်မည် ထင်ပါသည်။ တက်ရောက်ခဲ့ရာ ထ(၃)ကျောင်းကြီးသည်ကား တစ်ခေတ်တစ်ခါက သာသနာပြု မိန်းကလေးကျောင်းဖြစ်ခဲ့ဖူးသည်မို့ ကိုလိုနီခေတ် အဆောက်အဦးဟောင်းကြီးသာ ဖြစ်သည့်အတွက် မျက်နှာကျက်များမှာ ခေါင်မိုးနှင့် အတော်လေးပင်ဝေးလံလှပြီး မျက်နှာကျက်အဖြစ် လျှာထိုး သစ်သားများကိုသာ အသုံးပြုထားသည့်အတွက် အေးမြလှသော ဒေသတွင် စာသင်ခန်းသည်ကား အတော်လေးပင် အေးစိမ့်နေတော့သည်။ ဝန်ထမ်းသားသမီးဖြစ်သည့်အတွက် အများသူငါလို အနွေးထည်လှလှလေးများ ဝယ်မဝတ်နိုင်သည့်အတွက် ကျောင်းဝတ်စုံ လက်ရှည်လေးကိုသာ ကြယ်သီးခပ်တင်းတင်းစေ့နေအောင်တပ်ရင်း အများသူငါ လှောင်ပြောင်ကြသည်ကို မမှုသလိုနှင့်သာ ဖြတ်သန်းခဲ့ရသည်။

အရာရာနိမ့်ကျနေသည့် ကိုယ့်ဘဝကို ကိုယ်တွေးကာ အားမလိုအားမရ ဖြစ်မိသည်လဲရှိသည်။ အရာရှိသားသမီးတစ်ယောက်ဖြစ်သည့် ကျွန်တော်မှာမူကား ကိုယ်ပိုင်စက်ဘီးကိုမျှ ဝယ်မစီးနိုင်ပဲ ကျောင်းကားကိုသာ အားပြုစီးနင်းနေရသည့်အတွက် ကျောင်းမှ ဆရာ/ ဆရာမများ၏ မျက်နှာသာပေးခြင်းကို နည်းနည်းမျှ မခံရပေ။ GE ဝန်ထောက်၏ သားမှာမူကား ဆိုင်ကယ်ဖြင့် ကျောင်းသို့လာခြင်း၊ ကျောင်းတွင် ပြုလုပ်သည့် အခမ်းအနားများတွင် သူ၏ဖခင်မှ အသုံးပြုရန်စက်များကို ရက်ရက်ရောရော ကူညီပေးခြင်းတို့ကြောင့် လွန်စွာ မျက်နှာသာပေးခြင်းခံရလေသည်။ အလှုအတန်းများအတွက်ဆိုလျင်မူ ပြောရန်လိုမည်ပင်မထင်ပေ။ ထိုစဉ်က ကျွန်တော်သည်ကား စာအုပ်များဖတ်ရှုစပြုလာပြီဖြစ်သည့်အတွက် အနည်းငယ်မျှသော အသိဉာဏ်များလည်းရှိလာပြီဖြစ်သည့်အတွက် စာတော်အောင်ကြိုးစားလျင်၊ လူရည်ချွန်ဝင်လျင် လူအများ လေးစားအားကျမည်ဟူသော အသိဖြင့် စာကို ဖိကြိုးစားခဲ့သည်။ Tea ဆိုင်ထိုင်ခြင်းကိုတောင် လွန်စွာ အပြစ်ကြီးလှသော အပြုအမူအနေဖြင့်သတ်မှတ်ကာ ရှောင်ကြဉ်ခြင်း ပြုခဲ့သည်။ အဓိကမှာတော့ ကျွန်တော်သည်ကား RIT ကျောင်းသားကြီး ဖြစ်လိုရင်း ဖြစ်ပေတော့သည်။ ထို့အတွက်ကြောင့် စာမှတစ်ပါး အခြားစိတ်ဝင်စားခြင်း မရှိခဲ့တော့ပေ။

ဆယ်တန်းတက်ရောက်သောနှစ်မှာပင် သေရာပါမည့် နာကျည်းစရာ အတိတ်ခါးခါးများကို မိဘများမှ ရက်ရက်ရောရော ပေးအပ်ခဲ့သည့်အတွက် ကျွန်တော်သည်ကား ဆယ်တန်းကို မဖြေချင့် ဖြေချင်နှင့် ဝင်ဖြေဖြစ်ခဲ့ပြီးမှ GTI ဝင်ရုံလေးသာရခဲ့သည့်အတွက် စိတ်ပျက်ခြင်း အလျဉ်းဖြစ်မိတော့သည်။ ဝင်ခွင့်ပင်ရခဲ့သော်ငြား ကျောင်းတော်ကြီးသို့ ခြေချခွင့်ပင်မရခဲ့ပဲ အဝေးကူးစာမေးပွဲမှ စာများကို အခန်းတွင်ကူးရင်း ဘွက်လက်မှတ်ကြီးကို အောင်မြင်ခံ့ညားစွာ ရခဲ့လေတော့သည်။

လိုရင်းကို ဆက်ရမည်ဆိုလျင်တော့မူ စာပန်းအိမ်မှ စသည်ဟုဆိုရမည်ပင်…

စာပန်းအိမ် Guide ဆရာဘဝတွင် Fresher များမှ အဆိုးဆုံးသော ကျောင်းသားများထားရာ ပိတောက်ဆောင်တွင် တာဝန်ကျသော ကျွန်တော့်အဖို့မှာမူကား စာတော်သော ကျောင်းသားများထက် ပညာတော်သော ကျောင်းသားများကို အုပ်ချုပ်ရခြင်းသာဖြစ်တော့သည်။ “ပညာ” ဟုဆိုရာတွင် ပြင်ပပညာရပ်များကို ဆိုလိုပေသည်။ ဖျာပုံမှ ပုဇွန်ခြောက်ရောင်းသော ပွဲရုံပိုင်ရှင်ကြီး၏သား၊ ကိုးကန့်လူကြီး၏ သား၊ မြိတ်တွင် ကိုယ်ရံတော်လေးယောက်ဖြင့် သွားလာနေရသော ကျောင်းသား အစရှ်ိသည်ဖြင့် ဖြစ်သည်။ တစ်ပါတ်တစ်ခါ Out-pass ထွက်ခိုင်းသည့်အခါတိုင်း ကျွန်တော်တို့မှာ ရင်တစ်မမဖြင့်သာ ရှိနေရတော့သည်။ ကျောင်းသားများပြန်လာမည့်အချိန်ကို အပေါက်ဝမှ ဆီးကြိုကာ စစ်ဆေးနေရသည့် ကျွန်တော့်အဖို့မှာကား ဘာမှ ခွင့်မပြုသည်များ မပါလာစေနှင့်ဟုသာ ဆုတောင်းခြင်းဖြစ်သည်။ အထူးသဖြင့် “ဆေးလိပ်” သာဖြစ်သည်။ ကျန်တာများ တားခွင့်ရသော်လည်း ဆေးလိပ်သည်ကား ကျောင်းသားများအကြိုက်ဖြစ်တော့သည်။ အဆောင်တွင် အဆောင်မှူးအပါအဝင် ကျွန်တော်နှင့် အခြား Guide ဆရာတို့မှာ ဆေးလိပ်မသောက်တတ်သည့်အတွက် ဆေးလိပ်သောက်ကြသည့် ကျောင်းသားများကို အထူးနှိမ်နင်းခြင်းပြုရသည်။ အပြင်မှ ပြန်လာရာတွင် ဖမ်းဆီးမိလေ့မရှိသော်လည်း တစ်ပတ်တစ်ခါ စစ်ဆင်ရေး ဝင်သည့်အခါ ဆေးလိပ်များမှာ ပုံမှန် တစ်ပါတ် နှစ်တောင့် (ဗူး ၂ဝ ခန့်) အသာလေး ဖမ်းမိမြဲဖြစ်လေသည်။ ထိုစဉ်က LONDON စီးကရက်တစ်ဗူး ၁၅ဝ ကျပ်သာရှိသေးသည်။ ဖမ်းမိသမျှများကို အဆောင်မှူးမှ မီးရှို့ဖျက်ဆီးသော်လည်း ကျွန်တော်သည်ကား နှမြောလှသည့်အတွက် သေတ္တာထဲတွင်သာ သိမ်းဆည်းထားမိသည်။

သို့ကလိုနှင့် ကျွန်တော့်သေတ္တာသည်ကား ဆေးလိပ်များဖြင့် ပြည့်လာသောအခါ ဘာလုပ်ရမည်မသိ ဖြစ်လာတော့သည်။ ညညတွင်လည်း ကျောင်းသားများအိပ်ရန် မီးပိတ်ပြီးသောအခါ ညည အိ်ပ်မပျော်နို်င်သည့်အတွက် ဝရန်တာတွင်ထွက်ထိုင်ကာ ကောင်းကင်တွင်သာနေသည့်လမင်းကြီးကိုထိုင်ကြည့်ရင်း သဇင်ဆောင်မှ ရည်းစားဦးလေးကိုသာ တစ်စိမ့်စိမ့်တွေးရင်း ကြည်နူးခြင်း ဖြစ်မိတော့သည်။

(ဆက်ပါဦးမည်…)

14 comments

  • ဆူး

    October 28, 2011 at 1:14 pm

    မီးမရှို့ပဲ သိမ်းထားတဲ့ ဆေးလိပ်ဘူးတွေ ပြန်ပြီး အရည်ညှစ်လိုက်လေ.. လာဘ်ရွှင် ပီယ ဆေး ဖြစ်တယ် ဆိုကလားပဲ 😀 🙄

  • hmee

    October 28, 2011 at 1:35 pm

    ဒါနဲ့ပဲ နှမျှောတယ်ဆိုပြီး ဆေးလိပ်စွဲသွားရော ဆိုပါတော့။ 😀

  • မှော်ဆရာ

    October 28, 2011 at 3:42 pm

    လုပ်ပြန်ပြီ … ဆန့်ငင်ဆန့်ငင် နောက်တစ်ယောက်
    သိ်ပ်နောက်တာပဲ
    ကောင်းခန်းကျရင် ရပ်ပြီ

  • etone

    October 28, 2011 at 4:31 pm

    ကိုရှုံးရေ .. ဆက်ရန်ကို ဆက်ဖက်ဖို့စောင့်နေပါတယ်နော် …။

    ဒါနဲ့ …
    ((( ဆယ်တန်းတက်ရောက်သောနှစ်မှာပင် သေရာပါမည့် နာကျည်းစရာ အတိတ်ခါးခါးများကို မိဘများမှ ရက်ရက်ရောရော ပေးအပ်ခဲ့သည့်အတွက်))) ဆိုတာလေးက ဘာများပါလိမ့် သိချင်စိတ်ဖြစ်မိတယ် … နာကျည်းစရာ အတိတ်ခါးခါးဆိုလို့ပါ …ငယ်ငယ်က ဖက်လှန်ပြီး ရိုက်ခံရတာကို အခုဆယ်တန်းစာမကျက်လျှင် အဲ့လိုရိုက်မယ်လို့ ပြန်ပြောနေလို့လားဟင် 😀 😀

    • ကြောင်ကြီး

      October 29, 2011 at 8:34 am

      အုံးဒီးကလည်း သူ့ရှေ့ပိုင်းပို့စ်တခုထဲမှာ ဆယ်တန်းကျောင်းသားဘဝ ခံစားချက်အကြောင်း ရေးထားတယ်လေ။ ဖတ်တော့မဖတ်ဘဲနဲ့ မိတ်ကပ်လာဖို့နေဒယ်…။ မောင်ရှုံးရေ ကျုပ်က ကြားကနေ မခံနိုင်လွန်းလို့ ကိုယ်စားဝင် ပြောမိတယ်ဗျာ….။ 😡

      • ဝမ်းသာလိုက်တာ အောင်ကျူးရယ်..
        သေသေချာချာ ဖတ်ထားပုံရပါတယ်.. အဲဒီတုန်းက ခံစားချက်ကိုခု ကောင်းကောင်းပြန်တင်ပြဖို့လုပ်နေပါတယ်.. အီးတုန်းတော့ ပြောမနေပါနဲ့တော့.. သူ့ဖာသာပြောချင်ရာဝင်ပြောပြီး ပြန်ကြည့်တော့မှာလဲ မဟုတ်ဘူးလေ

        • ဆူး

          October 29, 2011 at 9:39 am

          ကျောင်းပိတ်ရက်မှာ ဆာလာအိတ်ဆွဲပြီး နွားချီးခြောက်ကောက်ပြီး မြေဩဇာ စုဆောင်းတဲ့ အကြောင်း ဘဲဥ ပျောက်တဲ့ ကိစ္စ ၂နှစ်အရွယ် ကလေးငယ်ကို လက်ညိုးထိုးတဲ့ အမ တယောက် အကြောင်းးးးးး ဆိုကလားပဲ.. အကုန်တော့ မမှတ်မိတော့ဘူး သေချာ ပြောပြထားတာ မဟုတ်လို့.. 🙄

        • etone

          October 29, 2011 at 10:58 am

          အောင်မယ် ကိုရှုံး … သူကဖြင့် တနှစ်တခါ ပေါ်လို့လာ မှိုကြီး လုပ်နေပြီးဒေါ့ … ။
          တူညားကို ဟင့် … မိုးနဲ့ တိုင် ကြောမယ် … ဒါပြဲ 😆

      • etone

        October 29, 2011 at 8:59 am

        ဟွန် ့ … တိမှ မတိပဲ ဂိုး …… ။
        အလုပ်များတဲ့ အချိန် တချို့ရက်တွေ မဖတ်လိုက်ရတာ ရှိတော့ လွတ်သွားတာပေါ့ …. 🙄

  • “ဘီလူးကြီး”ogre

    October 28, 2011 at 7:36 pm

    ဆေးလိပ် အကြောင်းတော့မပြောနဲ့ဗျာ
    ကျွန်တော်က ဆေးလိပ်ဘူး အိတ်ထဲမပါရင် လမ်းသွားလို့မရတဲ့လူလိုဖြစ်နေတယ်ဗျ
    ဒီဆေးလိပ်ကြီးကတော့ ကောင်းလဲမကောင်း မကောင်းလဲကောင်း
    သောက်မိနေတော့တာပဲလေ ..ဒါကြီးကိုစွန့်နိုင်အောင်တော့ကြိုးစားတုန်းပဲဗျ..။။

    • water-melon

      October 28, 2011 at 8:07 pm

      ကိုဘီလူးကြီးကလည်း ဆေးလိပ်ဖျက်တဲ့ နားကပ်ရှိတယ်လေ။ ၅၀၀ဝ ဘဲရှိတယ်။ ဝယ်သုံးကြည့်။

      • etone

        October 29, 2011 at 9:17 am

        ဆေးလိပ်ဖြတ်တဲ့ နားကပ်ဟုတ်လား အဆန်းပဲ … ။
        သောက်ချင်တဲ့ စိတ်ကို နားကပ်တပ်ရုံနဲ့ ရတယ်လား … ယုံတော့မယုံဘူး … သိတဲ့လူတွေ စုံစုံလင်လင်ပြောကြပါဦး ။ 🙂 ကျွန်မကြားဖူးတဲ့ ဆေးလိပ်ဖြတ်တဲ့ ဆေးလိပ်ကတော့ … အင်ထုထားတာလေ … ဆေးလိပ်လိုပုံလေး …သူကလည်း မီးခိုးတွေထွက်တယ် …အစီခံလည်းပါတယ် …. ဆေးလိပ်သောက်ချင်တဲ့အချိန် အဲ့ဒါလေးကို အစားထိုးသောက်ရတယ်ပြောတယ် … ဈေးကတော့ ဈေးကြီးတယ် … ။

        • water-melon

          October 29, 2011 at 11:05 am

          ဆေးလိပ်ပုံစံကတော့ ကျွန်တော်မှာတောင်ရှိတယ် တရုတ်ပြည်က ဝယ်လာတာဗျ။ အဲဒီ ဆေးလိပ်က အားသွင်းရတယ် အစီခံမှာ ဆေးတစ်မျိုးပါတယ်ဗျ။ ဆေးလိပ်ထိပ်က မီးလည်းပါတယ်ဗျ။ မသိရင် ဆေးလိပ်အတိုင်းဘဲ။အစီခံက ဖင်ကနေဖြုတ်တတ်လို့ရတယ်။ အစီခံက အပိုပါတယ်။ ကျောင်းမှာတုန်းက ဆရာမတွေရှေ့သောက်ပြတာ ခေါ်ပြီးဆူခံရသေးတယ်။ အဟီး အကြွားလွန်သွားလို့ 😛

  • စုံ စုံ

    October 29, 2011 at 10:17 am

    etone ရေ ဆေးလိပ်ဖြတ်တဲ့နားကပ်ကတကယ်ရှိတယ်
    နာမည်က zero smoke လို့ခေါ်တာဘဲ ကျမအရင်ဝယ်တုန်းက၄ထောင်ပေးရတယ်
    သူကနားမှာနားကပ်လိုဘဲတပ်ထားလိုက်ယုံဘဲ ခနနေရင်မသောက်ချင်တော့ဘူးပြောတယ်
    တကယ်လဲတနေ့လုံးမှ တလိပ်လောက်ဘဲသောက်ဖြစ်တော့တယ် သူကရွှေဘယ်နှကာရက်လဲမသိဘူး
    ပါတယ်ပြောတယ် သိသိသာသာကိုမသောက်ချင်တော့တာ တခုဆိုးတာက
    ကြာရင်နားကနာလာတယ် နားကပ်ကသံလိုက်လိုကပ်ခွါမျိုးဆိုတော့ နောက်ပိုင်းနားနာလာတာနဲ့
    မတပ်ဖြစ်တော့ဘူး ဒါပေမယ့် ဆေးလိပ်ဖြတ်မယ်ဆိုရင် ဒီနားကပ်ကသင့်တော်တယ်လို့ထင်တယ် (မသိတဲ့သူတွေဝင်ဖတ်ရင်ကျမသောက်တာထင်နေဦးမယ် ယောကျာ်းအတွက်
    ဝယ်ပေးဖူးတာကိုပြောပြတာနော်)
    ကိုရှုံးလူ ရေပို့စ်နဲ့တော့မဆိုင်ဘူး တုန်တုန်မေးတာကိုနဲနဲသိနေတာနဲ့စုံစုံဖြေပေးတာ

Leave a Reply