ခြေထောက်တွေ နာကျင်လာသဖြင့် သူမ ခဏနားရန် ဆုံးဖြတ်လိုက်သည်။ ရှေ့ကလူတွေ သွားနှင့်ကြပါစေ။ သူမ သည်လမ်းကလေးအတိုင်း ဆက်လျှောက်လျှင် ရွာကိုတွေ့နိုင်သည်ပဲ။ လမ်းက ကျောက်တုံး ကျောက်ခဲများနှင့် ကြမ်းတမ်း ခက်ထန်နေသည်။ သူမ၏ ခြေဖဝါးနုနုကလေးများ သွေးချည်ဥကုန်ပြီလား။ ဘာမဆိုင် ညာမဆိုင် မျက်ရည်တစ်ပေါက် က ကြသွားသေး၏။ ခုမှတော့ ကျသွားသည့် မျက်ရည်ကို ထိုင်ကြည့်နေရုံသာရှိသည်။ အသင့်ပါလာသော ကျောပိုးအိတ်ငယ် အတွင်းမှ ရေဗူးကိုဖွင့်သောက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ “အို လှလိုက်တဲ့ ပန်းပွင့်တွေပါလား“ အဆုပ်လိုက် အဆုပ်လိုက်ပွင့်နေသော နီစွေးစွေး ပန်းပွင့်ကလေးတွေ။ မော်ကြွားစွာလှပနေသည့် ပန်းကလေးတွေ။ သူမသည်လည်း ပန်းပွင့်ကလေးတစ်ပွင့်ဆိုလျှင် ထိုကဲ့သို့ တင့်တင့်တယ်တယ်ဖြင့် မော်ကြွားစွာ ပွင့်လိုက်ချင်သည်။ သို့သော် သူမက ခုလက်ရှိမှာ ကိုယ့်စိတ်ကိုယ်မပိုင်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့သည်လေ။ […]