ရွာထဲရှိ အပျိုများ အားလုံးကိုရည်ရွယ်ထားသောရည်းစားစာ {အချစ်ရယ် ဆင်မယဉ်သာလျှောက်သလို လျှောက်လှမ်းလာတဲ့မင်းကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်ရင်တွေ အရမ်းခုန်နေပါပြီ။ ရင်ခုန်သံတွေနဲ့အတူ ဆင်ခေါင်းခွေးမချီနိုင် တဲ့ ကိုယ့်ဘဝကိုလည်းတွေးပြီးအားငယ်မိပါတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ဟိုတချိန် သူငယ်ချင်းဘဝတုန်းက ဆင်ပြောင်ကြီးသွားရာဆင်မယဉ်သာနောက်ကပါ သလိုအမြဲပဲတတွဲတွဲသွားခဲ့ကြတာလေ။ လူတွေကတော့ ပြောကြတာပေါ့ အမြင်မတော် ဆင်တော်နဲ့ခလောက် တဲ့။မနာလိုလို့ပြောတဲ့စကားတွေကို ကိုယ်ဂရုမစိုက်ပါဘူး။ ကိုယ်ဂရုစိုက်တာမင်းတစ်ယောက်ထဲပါ။ ကိုယ့်ရဲ့ဖြည့်စီးပေးနိုင်မှုဟာမင်းအတွက်တော့ ဆင်ပါးစပ်နှမ်းပက်သလို ဖြစ်ရင်လည်းဖြစ်နေမှာပေါ့။ ဒါပေမဲ့လေ ဆင်လဲဆင်အထွာနဲ့ဆိတ်လဲဆိတ်အထွာနဲ့ ဆိုသလိုကိုယ်လဲဒီလောက်ပဲတတ်နိုင်အချစ်ရယ်။ မင်းအချစ်တွေကိုရဖို့မျှော်လင့်ရတဲ့ ကိုယ့်ရဲ့အဖြစ်ဟာ ဆင်အမြီးခွေးမျှော် နေရသလိုပါပဲ။ မင်းကိုယ့်ကိုအဖြေတိတိကျကျမပေးပဲ ဆင်ဝေ့ရန်ရှောင် လုပ်နေတာတော်တော်ကြာပြီနော်။ ကိုယ့်ကိုချစ်သလိုမချစ်သလိုနဲ့ လုပ်မနေပါနဲ့ကွာ ဆင်ကျီစားရာ ဆိတ်မခံသာ ပါဘူး။ မင်းအတွက်တော့ ဘာမှမဖြစ်ပေမဲ့ ကိုယ့်အတွက်ကတော့ ဆင်မှာတော့ ကျင်ငယ်၊ယင်မှာတော့ပင်လယ် လိုခံစားရပါတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့အခြေအနေကို ဆင်သေကိုဆိတ်ရေနဲ့ ဖုံး လို့မရသလို မင်းတို့အသိုင်းအဝိုင်းက သိသွားကြတယ်လေ။ […]