တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း “အဘွား ဆရာတော်ကြီး… ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ဝင်ကန်တော့ကြ” လို့ ခေါ်တော့ မိန်းကလေးက “တော်ပြီအဘွား” တဲ့။ “ဟဲ့၊ ဘာလို့တုန်း” လို့ တအံ့တဩ ပြန်မေးမိတော့ “ဘုန်းကြီးနဲ့ စကားမပြောတတ်လို့” တဲ့ ရယ်လို့။ ဒီစကားကို ဒီကလေးမလေးက ရှက်ကိုးရှက်ကန်း ပြောတာလည်း မဟုတ်ပါဘူး၊ ရိုးရိုးအေးအေးပဲ ထမင်းစားရေသောက်လို ပြန်ပြောလိုက်တာပါ။ ကြားရတဲ့ အမေ့အဖို့သာ “ဪ ကလေးတွေ ဒီလို ဖြစ်နေပြီကိုး” […]