ရွှေဘုံသာမုနိကို ၃ ကြိမ် ရောက်ဖူးပါတယ်။ ပထမဆုံးအကြိမ်တုန်းက ဆယ်နှစ်ကျော်ပြီထင်ပါတယ် ပြုပြင်ဆဲကာလမှာ စေတီပတ်ဝန်းကျင် အရမ်းသာယာပါတယ်။ ဧရာဝတီမြစ်ရေတက်ချိန်မှာ ဘုရားနားရောက်တဲ့အထိ ရေတက်တာနဲ့ကြုံခဲ့ဖူးတယ်။ ဘုရားမှာပဲ ချက်ပြုတ်စားသောက်ခဲ့ကြတာကို ပြန်သတိရမိတယ်။ အခုအချိန်မှာ ပြုပြင်တည်ဆောက်မှု အားလုံးပြီးဆုံးသွားပြီး သန့်ရှင်းသပ်ရပ်နေပါပြီ။ သရက်သီးပေါ်ချိန်မို့လို့ မြကျောက်သရက်သီးဆိုင်တွေအများကြီးတွေ့ခဲ့ရတယ်။ အနောက်ဘက်မှ ဇရပ်အကြီးကြီးတွေရှိပြီး အေးအေးဆေးဆေး နားနေနိုင်ပါတယ်။ ကျွန်မတို့က နေ့လည် ၁၂ နာရီလောက်ကြီးရောက်သွားတာမို့လို့ ဇရပ်ပေါ်မှာ တစ်နာရီလောက်ထိုင်ပြီး နားနေခဲ့ကြသေးတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ တောင်တောင်သဘာဝပတ်ဝန်းကျင်များကြောင့် ဘုရားဖူးသွားရတာ ပျော်စရာကောင်းတယ်။ နွေနေပူပူနေ့လည်ခင်းဖြစ်နေလို့ ရင်ပြင်တော်ပေါ်မှာ ခြေချရ အင်မတန်ခက်နေချိန်ပေါ့ … တစ်နေရာနဲ့တစ်နေရာကို တစ် နှစ် သုံး ရေတွက်ပြီး အမြန်ဆုံးပြေးကြရတာ အမှတ်တရပါပဲ … မန်ကျီးပင်ကြီးအရိပ်အောက်မှာနားနေပြီး မန်ကျီးပန်းတွေကို တအံ့တဩဖြစ်ခဲ့ပါသေးတယ်။