မိုးစက်ကရင်ရွာလေးမှာလုပ်အားပေးဆရာမလုပ်နေတုန်းက ကျောင်းသားမိဘတစ်ယောက်က တောထဲက ကြောင်ပေါက်စလေးတစ်ကောင်ယူလာပေးတယ်။ အမှန်ကသူတို့ကကြောင်အမေကြီးကို သတ်စားပြီးမှ ကြောင်သားလေးကိုမိုးစက်ကိုလာပေးတာ။ တောကြောင်သားကဆေးဘက်ဝင်တယ်တဲ့လေ။ သူ့ပုံစံက အိမ်မွေးကြောင်တွေနဲ့မတူပဲ မျက်နှာရှည်ပြီး ခြေတံလက်တံတွေ လည်းရှည်တယ်၊ အရောင်ကမီးခိုးရောင်။ သေးသေးလေးပေမယ့် အရမ်းရိုင်းတယ်၊ တစ်ချိန်လုံးမာန်ဖီနေပြီး ဘယ်သူမှအနားကပ်မခံဘူး။ လက်သည်းတွေကချွန်ထက် နေတာပဲ။ မိုးစက်တပည့်လေးတစ်ယောက်က သူ့ကိုအတင်းယူချီလို့ ကုတ်ထည့်လိုက်တာ သွေးတွေရဲခနဲထွက်လာတယ်။ ဒဏ်ရာတော်တော်နက်လို့ မိုးစက်တို့အားလုံးစိတ်ပူခဲ့ရသေးတယ်။ တော်တော်ကိုစိတ်ရှည်လက်ရှည်နဲ့ ချော့မော့ပြီးတိုက်မှနွားနို့ကိုသောက်တယ်။ တစ်လလောက်နေတော့ မိုးစက်နဲ့အိုကေသွားတယ်။ တခြားတော့ဘယ်သူမှခေါ်လို့မရဘူး။ သုံးလလောက်အတွင်းမှာ အရမ်းကြီးလာတယ်။ ခေါင်းကနေအမြီးထိ အလျားရှည်ပြီး ဝတော့မဝဘူး။ ခြေထောက်နဲ့လက်တွေ တော်တော်ရှည်တယ်။ အရပ်မြင့်တယ်လို့ပြောရမှာပေါ့။ သူ့ရဲ့ကိုယ်က ကောက်ညှင်းလိုမျိုးအနံ့တစ်မျိုးရတယ်။ အနေကြာတော့ အားလုံးနဲ့ အဆင်ပြေသွားတယ်။ အိမ်လာတဲ့ကလေးတွေနဲ့လည်း ဆော့ကစားနေတတ်တယ်။ သူကအစားသိပ်မစားဘူး။ နွားနို့တော့အရမ်းကြိုက်တယ်။ မိုးစက်ရန်ကုန်ပြန်သွားပြီး ၃ရက်လောက်နေတော့ အိမ်ကပျောက်သွားတာ လုံးဝပြန်မလာတော့ဘူး။ သူများခိုးစားတာလား အိမ်ကထွက်သွား တာလားတော့မပြောတတ်ဘူး။ […]