ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေနဲ့ လမ်းခွဲခဲ့ရတိုင်း ကွဲချင်ချင် ဖြစ်နေခဲ့တဲ့ ကျွန်မအသည်းက ခုများတော့ ဟက်တက်ကွဲသွားခဲ့ပြီလား မသိ။ လူမှန်းသိတတ်စကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ဒီအနံ့ဒီအရသာတွေကို အရိုးသားဆုံး တွယ်တာခဲ့ရပါတယ်ဆိုရင် လောကကြီးက ကျွန်မ အမှားလို့ပြောမယ်မထင်ဘူး။ နောက်ဆုံးပိတ် အသည်းဟက်တက်ကွဲသွားခဲ့တာ တစ်ပတ်လောက်ပဲရှိဦးမယ်လေ။ ဖြစ်ပုံက မန်းဂေဇက်ကို ဝင်ဖတ်နေရင်း နာမည်ခေါ်ရခက်တဲ့သူတစ်ယောက်က ငပိငံပြာရည်အကြောင်း တင်လာတယ်။ သူ့ရဲ့ပို့စ်အရ ငပိကို ပုလဲဓာတ်မြေဩဇာနဲ့ ငါးမြန်မြန်ပုပ်အောင်လုပ်ကြောင်း၊ ပြီးတော့ ငံပြာရည်ချက်ပုံအကြောင်း တင်လာတယ်။ ငံပြာရည်ချက်ပုံကတော့ ကျွန်မသိပြီးသားကိစ္စမို့ မထူးဆန်းပေမယ့် ငယ်ကျွမ်းဆွေ ငပိအကြောင်းကိုတော့ မယုံချင်ဘူး။ ဒါနဲ့ အဲဒါကို ပရင့်ထုတ်ပြီး နောက်တစ်နေ့မနက်မှာ ကျွန်မရဲ့အိမ်ဦးနတ်ကြီးကို စာရွက် ပေးပြီး ဈေးထဲကငပိဆိုင်တွေကို သွားမေးခိုင်းလိုက်တယ်လေ။ သူကပြောတယ် ”ဟုတ်ရင်တောင် ဘယ်သူက ဝန်ခံမှာလဲ” […]