လေးဘက်နာ (Rheumatism)

khinmintatthuJune 12, 20101min670

လေးဘက်နာဟာ လူရွယ်တွေ သိချင်ကြတဲ့၊ သိသင့်တဲ့ ရောဂါတခုပါ။ ဆေးစာမှာတော့ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ Rhumatic အဆစ်နာ၊ Rhumatic အဖျား၊ Rhumatic နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။ ရောကောသောကော လုပ်ရာကျနေလို့ပါ။ ဒီအုပ်စုဝင် Arthritis ရောဂါကို ကုရတာနဲ့ Lupus ကို ကုရတာ ဘာမှမဆိုင်အောင် မတူလို့ ရောဂါအုပ်စု တခုထဲ လုပ်ဘို့ မဆီလျှော်လို့ ဖြစ်ပါတယ်။

Arthritis အဆစ်နာတယ် ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့ မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့ မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလား မမေးနဲ့၊ ၁၀၀-၂၀ဝ ရှိတယ်။ လည်ပင်း ကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာတယ်။

အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ Arthritis အဆစ်နာအပြင် Tendonitis အရွတ်နာ၊ Bursitis အဆစ်ဖုံးနာ၊ Fibromyalgia အရွတ်ကြောနာ။ အများဆုံး ထိတာက Synovial joints အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာ ဖြစ်ရင် ဝတ်နေကြ အဝတ်တောင် အတင်မခံနိုင်ဘူး။

လာမဲ့ အောက်တိုဘာ ၁၂ ရက်ကို “ကမ္ဘာ့ အဆစ်နာနေ့” လို့ သတ်မှတ်ထားတယ်။ ကမ္ဘာမှာ လူ ၁၀ဝ မှာ ၁ ယောက် ဖြစ်နေကြတယ်။ အမျိုးသမီးတွေမှာ ၃ ဆများတယ်။ သွေးထဲမှာ အဆိပ်လို Toxic waste products ကိုယ်နဲ့ မသင့်တာ ရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။

တချို့က ခုခံအားစနစ်နဲ့ ဆိုင်လို့ Auto-immune ရောဂါအုပ်စုမှာ ပါတယ်။ AIDS နဲ့ မဆိုင်ပါ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံပါတယ်။ မတည့်တာ ဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။ “သူ့လူနဲ့ ကိုယ့်လူ မခွဲခြား တတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။” အဲဒီထဲက တခုကတော့ Rheumatoid arthritis (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါ ဖြစ်တာ။

“အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။” များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက Rheumatic fever (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက် ဖြစ်တယ်။ Group A Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ Scarlet fever အဝါရောင် အဖျား ရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါ ဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။ သေခြာအောင် ASO Test, Complete blood count, ECG, ESR စမ်းသပ်မှုတွေ လုပ်ရတယ်။

ဆေးကုနည်း သုံးပိုင်းရှိတယ်။ နာနေတဲ့နေရာကို ဒဏ်သက်သာအောင်လုပ်တာ၊ ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင်ဆိုင်ရာ ပြန်လုပ်နိုင်အောင် ကုသပေးတာ နဲ့ ခွဲစိတ်ကုသတာတွေပါ။ ဆေးဝါးမှာလဲ သုံးမျိုး။ (စတီရွိုက်) မပါတဲ့ NSAID အနာ သက်သာဆေး၊ (ကော်တီကိုစတီရွိုက်) ဆေး၊ (DMARD) (ရူမက်တစ်) ဆန့်ကျင်ဆေး။

Rheumatic အဖျားဖြစ်ရင် ချက်ချင်း ပဋိဇီဝဆေး (Penicillin, Amoxicillin, Sulfadiazine, Erythromycin) တမျိုးမျိုး ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ Antibiotics ကို ၁ဝ ရက်အပြည့် ပေးတယ်။ နာတာသက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် Corticosteroids (စတီရွိုက်) ဆေး ပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။

ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် တာရှည်ခံ (ပနယ်စလင်) ထိုးရတယ်။ Benzathine Penicillin G 1.2 ဆိုတာ ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ Rheumatic fever က ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။

လူက သိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ် အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။ လိုအပ်သေးရင် Physical and Occupational therapist (ဖီဇီယို) ပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ Corticosteroids ဆေးထိုး ပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။ Synovectomy, Arthroplasty လုပ်ရတာပါ။

ဆရာဝန်မလိုတဲ့ ဆေးနည်းတွေလဲ ရှိတယ်။ အာလူးရည်ကို အစာမစားခင်၊ လက်ဘက်ရည်ဇွန်း ၁-၂ ဇွန်း သောက်ပါ။ အားလူးကို အခွံမခွါတာ ပျင်းလို့လည်း ဟုတ်တယ်။ အခွံကလည်း ဒီအတွက် ကောင်းသတဲ့။ အာလူးခွံကို ကျကျနန ရေဆေး၊ ၃ဝ ဂရမ်ကို ရေ လီတာဝက်နဲ့ ထက်ဝက်ကျသွားအောင် ပြုတ်ပြီး သောက်ပါ။ ဘူးခါး အရည်ကို ပျားရည်နဲ့ရော သောက်ပါ။ တရုတ်နံနံအကြီး အစေ့ကို အရည်ဖြစ်အောင်လုပ် ၅-၁ဝ စက်ကို ရေနွေးထဲ ထည့်သောက်။ သံပုရာရည် တနေ့ ၂-၃ ကြိမ်သောက်။ အသား-ငါး၊ သကြား၊ လျော့စားပါ။ အရက်၊ ကော်ဖီ၊ လက်ဘက်ရည်၊ လျော့သောက်ပါ။

ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန် ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် Rheumatoid arthritis ဖြစ်ရင် လုံးဝ ပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတ ဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။ ရောဂါရှိတာကို စောစောသိဘို့လိုတယ်။ သိလို့ အပြင်းအထံ ဆေးကုခံပေမဲ့ ပျောက်စေမယ်လို့ မပြောနိုင်တာ ဆောရီးပါ။

Dr. တင့်ဆွေ

Q and A
To Billy Mackenzie ဒူးနာတာအတွက် ဆီးဆေး (lasix, diamox) မညွှန်းပါ။ ကိုယ်ရောင်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါတွေအတွက်သာ ညွှန်းပါတယ်။ ဒီဆေးမျိုးသောက်ရင် (ဆဲလ်)ထဲက ရေနဲ့ ဆားတွေ အပြင်ကို ထွက်စေလို့ (ဆဲလ်)တွေက ဖေါင်းနေရင် လျော့ကျသွားမယ်။ ပုံမှန်(ဆဲလ်) တွေက ပိန်ချပ်သွားလိမ့်မယ်။ ဒူးနာတာလဲ ဒူးနေရာ ရောင်နေတဲ့ သဘောတော့ ပါပါတယ်။ ဒါပေမဲ့ ဆေးပညာအရ ဆီးသွားဆေးတွေကို တကိုယ်လုံးနဲ့ ဆိုင်တဲ့ ရောဂါအတွက်သာ ပေးပါတယ်။ ဒီဆေးမျိုး သောက်ရင် စာထဲမှာရေးထားသလို ဓါတ်ဆားတွေ ကုန်သွာလို့ အား တအား ယုတ်တယ်။ ပြော့ကျသွားတာဘဲ။ (ပိုတက်ဆီယမ်) နည်းသွားတာက ဆိုးတယ်။ ဒါ့ကြောင့် အုန်းရည်၊ ရေနွေးကြမ်း သောက်ဘို့ အကြံပေးတာပါ။ (ပိုတက်ဆီယမ်) နည်းရင် ကြွက်သားတွေ အားနည်းသွားလို့ မလှုတ်ချင်-မလှုတ်နိုင်ဘူး။ ဗိုက်ကိုဖုံးပေးတဲ့ ကြွက်သားတွေ ပြော့သွားလို့ ဗိုက်စူ-ဗိုက်ပူစေတယ်။

To တစ်စုံတစ်ဦး။ ထုံဆေးရောပြီးလည်း ထိုးကြပါတယ်။ အာနိသင် မထိခိုက်ပါ။ ကြာကြာရောထည့်ပေးထားရင်တော့ မကောင်းလို့ အစထဲက ရောမထားတဲ့သဘောလို့ ယူဆရပါတယ်။

To Billy Mackenzie ပြောတဲ့အတိုင်း ၅ မိနစ်လောက်ကြာအောင် လှုတ်ရတယ်ဆိုတာ အမှန်ဘဲ။ လေမြှုတ်ကြောင့် မဟုတ်တောင် ဒီဆေးက ထိုးတဲ့နေရာမှာ ခဲ-မာနေတတ်တယ်။ နောက်ပြီး ဆေးထိုးအပ် သေးရင် ပိတ်တတ်တယ်။ ၁ဝ စီစီ (ဆရင့်ချ်) ကအပ်နဲ့ အတော်ဘဲ။ ဒါလဲ ဆေးထိုးပိုက်ကို တခြားဆေးတွေကို ထိုးသလို ၄၅-၉ဝ ဒီဂရီ စောင်းထိုးရင် ပိတ်နိုင်သေးတယ်။ ရေပြင်ညီလောက်ထား၊ အသားထဲ အပ်ဝင်တာနဲ့ ခပ်မြန်မြန်ဆေးသွင်းပြီး၊ ခပ်မှန်မှန် ထိုးပေးတဲ့နည်းက ကောင်းတယ်။

To khinmintatthu@gmail.com လေးဘက်နာကို ဘယ်လိုနေရမလဲ စာထဲမှာပါတယ်။ နှလုံးရောဂါအတွက် စာတပုဒ် ရေးမှ ဖြစ်မယ်။ အမြန်-အတို ပြောရရင် လူမော-စိတ်မော အမောမခံရပါ။ နှလုံးအတွက်ဆေး အမြဲလိုလို သောက်ဘို့ လိုတယ်။ အဆို့ရှင် အခြေအနေကို နှလုံးအထူးကုဆရာဝန်ကနေ ခွဲဘို့ပြောချင် ပြောလာနိုင်တယ်။ အဆို့ရှင် ကောင်းနေသးရင် နှလုံးခုန်နှုန်း မများအောင် ဂရုစိုက်နေပါ။

To Soe Sandar Nyi မိုးနဲနဲအုံ့တာနဲ့ လက်ဆစ် ခြေဆစ်တွေ၊ ဒူးတွေ၊ နောက်ကျောရိုးတွေ ကိုက်တာကို Arthritis, Rheumatism ထဲမှာ ပါတယ်။ ရေးခဲ့သလို တချို့ ရာသီဥတုနဲ့ ဆိုင်တယ်။ အကိုက်အခဲပျောက်ဆေးသာ သောက်ရလိမ့်မယ်။ အစာနဲ့နီးပါစေ။ သိပ်ဆိုးတဲ့သူတွေကို Prednisolone (ကော်တီဇုံး)ဆေးမျိုး ပေးတတ်တယ်။ အတော် သတိကြီးကြီးနဲ့ပေးတယ်။ ဆေးကို အစမှာ များများ ပေးရာကနေ သက်သာချိန်မှာ လျှော့လျှော့ ပေးသွားရတာ