ပုဂ္ဂလိကစက်သုံးဆီများစတင်ရောင်းချလျက်ရှိပြီး မြဝတီနှင့်နီလာရိုးမဆိုင်၌ ဒီဇယ်ဆီဈေးကျပ် ၂၈၅ဝဖြစ်ကာ PETRO K၊ HTOO ၊ မက်(စ်) မြန်မာအပါအဝင် အခြားဆိုင်များက ဒီဇယ်တစ်ဂါလန်ကျပ် ၂၉၀ဝနှုန်းဖြင့်ရောင်းချနေ

klnJune 14, 20101min470

ပုဂ္ဂလိကစက်သုံးဆီဆိုင်များကို ရန်ကုန်မြို့ပေါ်တွင် ဇွန်လ ၁ဝရက်နေ့မှ စတင်ဖွင့်လှစ်ရောင်းချပြီဖြစ်ကြောင်းနှင့် ဒီဇယ်ဆီဈေးမှာ တစ်ဆိုင်နှင့် တစ်ဆိုင် ကွာခြားမှုအချို့ရှိကြောင်း သိရသည်။ လက်ရှိဖွင့်လှစ်ရောင်းချသည့် ပုဂ္ဂလိကစက်သုံးဆီဆိုင်များထဲတွင် မြဝတီ၊ နီလာရိုးမအမည်ရှိစက်သုံးဆီဆိုင်များမှ ရောင်းချသည့် ဒီဇယ်ဆီတစ်ဂါလန်လျှင် ကျပ် ၂၈၅ဝ ဟူသည့် ဈေးမှာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များအားလုံးထဲတွင် အသက်သာဆုံးနှုန်းဖြင့်ရောင်းချသည့် ဆိုင်များဖြစ်ကြောင်းသိရသည်။ ရန်ကင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် PETROK အမည်ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ဒီဇယ် အားလီတာဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် တစ်လီတာ ကျပ် ၆၅ဝနှုန်းအား ဂါလန် ဈေးဖြင့်ပြန်လည်တွက်ချက်မည်ဆိုပါက ဒီဇယ်တစ်ဂါလန်လျှင် ၂၉၂၅ကျပ်ဝန်းကျင် အထိကျသင့်ကြောင်း ဝယ်ယူသူများ ကပြောကြားခဲ့သည်။ HTOO ၊ မက်(စ်) မြန်မာ ကုမ္ပဏီအုပ်စုစက်သုံးဆီဖြန့်ဖြူးရေးအရောင်းဆိုင်၊ NEWDAY စက်သုံးဆီအရောင်းဆိုင်များအပါအဝင် အခြားဆိုင်များတွင်မူ ဒီဇယ်ဆီတစ်ဂါလန် ကျပ် ၂၉၀ဝနှုန်းဖြင့် စတင်ရောင်းချပေးလက်ရှိသည်ဟုသိရှိရပါသည်။ “မက်(စ်) မြန်မာ၊ HTOO နဲ့ စမ်းချောင်းမှာဖွင့်ထားတဲ့ NEWDAY စက်သုံးဆီအရောင်းတွေဆိုရင် ဒီဇယ် ဆီတစ်ဂါလန်ကို အကုန်လုံးကျပ် ၂၉၀ဝနဲ့ ရောင်းတယ်။ ဓာတ်ဆီက တော့ တစ်ဂါလန်ကိုကျပ် ၂၅၀ဝနဲ့ဆိုင်တိုင်းရောင်းပေးတာတွေ့ရတယ်။ မတူတာက ဒီဇယ်ပဲမတူတာ” ဟု ဝယ်ယူခဲ့သူတစ်ဦးကရှင်းပြခဲ့သည်။ ဓာတ်ဆီကို မူ ဆိုင်များအားလုံး မှ တစ်ဂါလန် ကျပ် ၂၅၀ဝဖြင့် တစ်သမတ်တည်းရောင်းချပေးလျက်ရှိကြောင်း၊ လာမည့် နှစ်လ အထိ အဆိုပါ တစ်ဂါလန် ကျပ် ၂၅၀ဝနှုန်းဖြင့် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။