မြို့တော်ဘန်ကောက် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်၊ နိုင်ငံတစ်ဝန်း ကာဖျူးအမိန့်တစ်ပတ်ကြာ ဆက်လက်ထုတ်ပြန်ထားဖွယ်ရှိ

introMay 27, 20101min630

ပြီးခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော စစ်တပ်က ရှပ်နီများအပေါ် အင်အားသုံးနှိမ်နင်းအပြီးတွင် မေ ၂၄ ရက်၌ ဘန်ကောက်မြို့သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။ ကျောင်းများ၊ လုပ်ငန်းခွင်များ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူများသည်လည်း အပျက်အစီးများ ရှင်းလင်းထားသော လမ်းများပေါ်တွင် ပြန်လည်သွားလာ လှုပ်ရှားနေပြီဖြစ်သည်။

လူဦးရေ ၁ဝ သန်းခန့်ရှိသော ဘန်ကောက်မြို့တွင် ပုံမှန်အခြေအနေသို့ အလျင်အမြန်ရောက်ရှိခဲ့သော်လည်း ဘန်ကောက်အပါအဝင် အခြားပြည်နယ် ၂၃ ခုတွင် ကာဖျူးအမိန့်ထုတ်ပြန်ထားမှုကို လာမည့် သီတင်းပတ်အထိ တိုးမြှင့်ထုတ်ပြန် ရန် အာဏာပိုင်များက အစိုးရထံ အကြံပြုခဲ့ကြောင်း သိရသည်။

ရှပ်နီများအပေါ် စစ်အင်အား သုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် အဘ်ဟီးဆစ်နှင့်အခြား ဝန်ကြီး ၅ ဦးအား ဝေဖန်ရှုတ်ချသည့်အဆိုကို တင်သွင်းရန် ရှပ်နီထောက်ခံသော အတိုက်အခံဥပဒေပြုအမတ်များက မေ ၂၄ ရက်တွင် တင်သွင်းခဲ့သည်ဟု သိရသည်။ သို့သော် ယင်းအဆိုနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်မည့်ရက်ကို မသတ်မှတ်ရသေးပေ။ လွှတ်တော်တွင် ဝန်ကြီးချုပ်အဘ်ဟီးဆစ်ညွန့်ပေါင်းအစိုးရက အမတ်နေရာအများစု ရရှိထားသည်။

ရှပ်နီများက သီတင်းပတ်ခြောက်ပတ်ခန့် နေရာယူစခန်းချထားသော ဘန်ကောက်မြို့ရှိ ဈေးဝယ်စည်ကားရာနေရာကိုလည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ မတ်လမှစတင်ဖြစ်ပွားခဲ့သော ကန့်ကွက်ဆန္ဒပြမှုများကြောင့် လူ ၈၈ ဦးသေဆုံးခဲ့ပြီး လူ ၁၉၀ဝ နီးပါး ဒဏ်ရာရစေခဲ့သည်။ ယင်းပဋိပက္ခအပြီးတွင် အလုပ်သမား၊ ကျောင်းသား၊ လုပ်ငန်းရှင်များသည်လည်း ဆိုင်ရာနေရာသို့ ပြန်လည် ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။

ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ကာလအတွင်း အီတလီနိုင်ငံသား ဓာတ်ပုံသတင်းထောက်တစ်ဦး အပါအဝင် ပြည်ပသတင်းထောက် နှစ်ဦးလည်း သေဆုံးခဲ့သည်။

မီးလောင်ဆုံးရှုံးခဲ့သော ထိုင်းနိုင်ငံ၏ အကြီးဆုံးဈေးဝယ်ကုန်တိုက်ကြီး Central World  နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး Central World ကို ဒေါ်လာသန်း ၅၀ဝ ခန့် အာမခံထားထားကြောင်း ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် က ပြောကြားခဲ့သည်။

Central Group ၏ လက်လီလုပ်ငန်း Central Pattana သည် ဈေးဝယ် ကုန်တိုက်ကြီး ၁၅ ခု ကို လုပ်ကိုင်နေပြီး Central World သည် အကြီးဆုံး ကုန်တိုက်ဖြစ်သည်။ စတုရန်းပေ ၂ ဒသမ ဝ၀၂ သန်း ကျယ်ဝန်းသော Central World သည် ၂၀၀၉ ခုနှစ်က ပင်မကုမ္ပဏီ၏ ဝင်ငွေ ၁ရ ရာခိုင်နှုန်းကို ရှာဖွေပေးခဲ့သည်။

Taking photo Destroy Central World
ပိုကျသွားသည့် စင်ထရယ်ဝါးလ် ရှော့ပင်းမောလ်ရှေ့တွင် ဓာတ်ပုံရိုက်နေကြသူများ