မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်” အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းခဲ့ရာမှာ ဖေဖေါ်ဝါရီ ၇ ရက်က သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။ တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၇ ရက်က သွားရောက်ခဲ့တဲ့ ပုသိမ် စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်တက္ကသိုလ် ကျောင်းသားတွေ လာရောက် ကြိုဆိုနိုင်ခြင်း မရှိအောင် အဲဒီနေ့မှာ နည်းပြ စာမေးပွဲတွေ စစ်ဆေးခဲ့ပြီိး စာမေးပွဲ မဖြေသူတွေကို နောက်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်မယ်လို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို မိမိတို့ အန်အယ်လ်ဒီက တိုင်ကြားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောဆိုပါတယ်။ “ကောလိပ်မှာလည်း ဒီစာမေးပွဲမဖြေရင် ဖိုင်နယ်မဖြေရဘူး စသည်ဖြင့် လုပ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ထားပါတယ်။ ဒါတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့လက္ခဏာတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်”

Copyright © 1998-2011 Radio Free Asia. All rights reserved.

About သားငယ်

has written 20 post in this Website..