ဒီကနေ့ အငယ်ဆုံးတူလေးရဲ့ concert ကို အားပေးချင်တာနဲ့ မအားတဲ့ကြားထဲက အမျိုးသားဇာတ်ရုံကို အရောက်သွားခဲ့ပါတယ် … အချိန်နဲနဲစောသွားမိတာနဲ့ အပေါက်ဝကနေ ဟိုငေး ဒီငေး ဟိုတွေး ဒီတွေးနဲ့ ဦးဦးပါလေရာပို့စ်ကိုပါ သတိရသွားခဲ့ပါသေးတယ် ..
ကလေးတွေ မိဘတွေ ကားအကောင်းစားတွေ … ချမ်းသာတဲ့မိဘတွေနဲ့ ကံကောင်းတဲ့ ကလေးငယ်တွေပေါ့ … ကလေးငယ်လေးတွေရဲ့ ဘ၀အစမှာ ကြီးကျယ်ခမ်းနားမှုကို ခံစားနိုင်အောင် စီစဉ်ပေးနိုင်တဲ့ ILBC ကျောင်းကိုလဲ ချီးကျူးမိတယ် … marketing ကောင်းပုံကိုလဲ သတိထားမိရင်း ရွာထဲက ဆြာလေး ဂီဂီ ကိုလဲ သတိရမိသေးတယ် … ILBC က မူကြိုကို အထူးဂရိုစိုက်ပြီး အကောင်းဆုံး service ပေးခြင်းဖြင့် ကလေးမိဘတွေကို စွဲဆောင်နိုင်ပါတယ် … မူကြိုထားပြီးနောက် ကျေနပ်မှုရလာတဲ့အခါ မူလတန်းကို ဆက်ထားမယ် … မူလတန်းပြီးရင် အလယ်တန်း အထက်တန်းလဲ မဖြစ်မနေ ထားကြမှာပဲလေ …
မူလတန်းမှာလဲ စာသင်ကြားမှုစနစ်ကောင်းပြီး ဆရာမတွေကလဲ အထူးဂရုစိုက်ကြတာ ကျေနပ်စရာကောင်းပါတယ် … ကလေးတွေက ကျောင်းသွားရမှာ သိပ်ပျော်ပါတယ် … အိမ်မှာအရမ်းဆိုးနေပြီး ပြောစကားနားမထောင်ရင် ကျောင်းမပို့ဘူးပြောလိုက်တာနဲ့ ချက်ခြင်းလိမ်မာသွားလေ့ရှိလောက်အောင် ကျောင်းက စွဲဆောင်မှုရှိပါတယ် …
အလယ်တန်းရောက်နေပြီဖြစ်တဲ့ တူလေးတစ်ယောက်ကတော့ ကျောင်းစာတွေကို စိတ်မ၀င်စားတော့ပဲ တခြားကိစ္စတွေကိုပဲ စိတ်ဝင်စားလာလို့ ကလေးအမေက အတော်စိတ်ညစ်နေရတယ် … ကျောင်းက ဆရာမတွေက သူတို့အရွယ်ကို စာထဲမှာစိတ်ဝင်စားအောင် စွဲဆောင်ဖို့ ခက်နေပြီလို့ သတိထားမိခဲ့တယ် …

သူငယ်ချင်းတစ်ယောက်ရဲ့သားကတော့ ၉ တန်းရောက်နေပြီး ကျောင်းတက်ရမှာ လုံးဝမပျော်တော့လို့ ကျောင်းထုတ်လိုက်ရပြီး အိမ်မှာပဲ အပြင်ကဆရာတွေကိုခေါ်သင်နေတယ်တဲ့။ အထက်တန်း ဆရာမတွေက သင်ကြားမှုပိုင်းမှာ အားနဲလာပြီး သိပ်တော်တဲ့ကလေးတွေရဲ့ အမေးတွေကို ကျေနပ်အောင် မဖြေရှင်းပေးနိုင်ဘူးလို့ ပြောတာပဲ။

အတွေးတွေက ဟိုရောက်ဒီရောက်ကနေ လေးလေးနက်နက် စဉ်းစားစရာလေးတစ်ခု ပေါ်လာပါတယ်။ ကလေးတွေ .. ကလေးတွေ … အများစုက ယောက်ျားလေးတွေဖြစ်နေလို့ပါပဲ။ ILBC ကျောင်းဆိုတာက ပိုက်ဆံတတ်နိုင်မှထားနိုင်တဲ့ကျောင်းမှာ မိန်းကလေးဦးရေနဲ့ ယောက်ျားလေးဦးရေက သုံးပုံတစ်ပုံလောက်ပဲ ရှိပါတယ် … အတန်းထဲမှာ အယောက် ၂၀ ရှိရင် ၁၅ ယောက်က ယောက်ျားလေးဖြစ်နေလေ့ရှိပါတယ် … အဲဒါ ဘာ့ကြောင့်လဲ … ယနေ့အထိ ယောက်ျားလေးနဲ့ မိန်းကလေး ခွဲခြားနေတုန်းမို့လို့ပဲလေ … ယောက်ျားလေးကို ပညာတတ်ဖို့လိုတယ်လို့သဘောထားပေးပေမယ့် မိန်းကလေးကိုတော့ တော်ရုံတန်ရုံပဲ သဘောထားတာကြောင့်ဖြစ်မယ်ထင်တယ် …

ဝမ်းနည်းစရာကောင်းတဲ့အတွေးကတော့ ကျွန်မရတဲ့လစာက မူကြိုကလေးရဲ့ ကျောင်းလခလောက်တောင် မတတ်နိုင် … ကျွန်မမှာသာ ကလေးရှိရင် ဒီလိုကျောင်းမှာထားချင်မှာလား … သာမန်နယ်ကကလေးဘ၀ကိုပဲ ပေးနိုင်မှာလားလို့ တွေးနေမိတယ် …
သြော် .. မုန့်ဆီကျော်ကဘယ်နေမှန်းမသိဘူး နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုသလိုများ ဖြစ်နေပြီလားမသိ … :)

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....