ရွေးကောက်ပွဲ

ယမန်နေ့က အဆက်   –

၁ဝ နာရီ ထိုးပြီ ။ ဘုန်းတော်ကြီး ဦးရာဇိန္ဒ ကျောင်းဝိုင်း အပြင်ဘက် ဇရပ်တွင် ရွေးကောက်ပွဲ ကျင်းပရာ နေရာများကို ပြင်ဆင်ကြကုန်၏ ။ မဲပုံးများ ထားရာ မဲရုံကလေး ကိုလည်း စီမံကြလေသည် ။

လူပျိုခေါင်း မောင်ကာလီ တို့ လူစုကား မောင်ရွှေကျေး၏ အိမ်တွင် ထမင်း စားသောက်ရန် သွားကြကုန်၏ ။ ထမင်းစားရုံမျှမက လက်ဖက်ရည် တို့ ကွမ်းယာတို့ ကိုလည်း ဗိုက်ကားအောင် စားသောက်ခဲ့ကြသေးသည် ။ ထိုမျှမကသေး မဲတစ်မဲလျှင် ငွေ တစ်ကျပ် ကျ ပေးမည် ဆိုက မဲလိုသလောက်ရအောင် လုပ်ပေးနိုင်သည် ဟူ၍လည်း ဆိုသေး၏ ။ မောင်ကာလီ အပြောကောင်းသောကြောင့် မောင်ရွှေကျေး၏ သေတ္တာထဲမှ ငွေ ၂ဝ ကျပ် ထွက်လေပြီ ။

၁၁ နာရီ ထိုးသော် မောင်လူအေးနှင့် သူ၏ စာရေး မောင်ဖျန်စိန် တို့ရောက်လာကြကုန်၏ ။ ရွေးကောက်ပွဲကျင်းပရာ ဇရပ် သို့ခြေဦး လှည့်ကြလေသည် ။ မောင်ရွှေကျေးနှင့် မောင်သာပန်းတို့လည်း ခရီးဦးကြိုပြုကာ နောက်မှ လိုက်လာကြကုန်၏ ။ ရွာထဲတွင်ရှိကြသော ရွာသူ ရွာသား ၊ ကလေး များပါမကျန် ရွေးကောက်ပွဲကျင်းပရာ ဇရပ်သို့ လိုက်ပါကြလေသတည်း ။

ဇရပ်သို့ ရောက်ကြသောအခါ ဇရပ်ပတ်ဝန်းကျင်တွင် ဆူဆူညံညံ နှင့်နေကြ၏ ။ တကျွန်းပြန် ဦးသာအေးကား အရက်မူးပြီးလျှင် ဟိုပြောသည်ပြောနှင့်လုပ်နေလေသည် ။ တကျွန်းပြန် တည်းဟူသော ဘွဲ့ထူးကြီးကို ရထားသူဖြစ်သောကြောင့် ရွာထဲတွင် တစ်ခွန်မှန်ကင်း ကဲ့သို့ ထောင်လွှားခြင်းပြုလျက်နေ၏ ။ မောင်ရွှေကျေး၏ ပုံးထဲ ခဲပြားမထည့်သူအား မှတ်ထားမည်ဟု ဆိုလေသည် ။ သို့သော် ခဲပြားထည့်သည်ကို မည်သူမျှမမြင်နိုင်အောင် မဲပုံးများထားရာရုံကလေးကို အလုံကာထားသောကြောင့် ဤသို့မှတ်ထားရန် ခဲယဉ်းလှပေ၏  ။

ဦးသာအေး နှောက်ယှက်နေသည်ကို မခံနိုင်ရှာသော မောင်သာပန်းက နယ်ပိုင်အား တိုင်ကြားလေသည် ။ တကျွန်းပြန် ဦးသာအေး နယ်ပိုင်ရှေ့သို့ရောက်လေပြီ ။ မူးနေ၏ ။ ငြိမ်ငြိမ် သက်သက် မနေလျှင် ခေတ္တ သူကြီး မောင်သာပန်း၏ အိမ် တွင် ၂၄ နာရီ ချုပ်ထားမည်ဟု ပြောလိုက်တော့မှ ဦးသာအေး ငြိမ်သွားသတည်း ။ တကျွန်းပြန် ပေမင့် ၂၄ နာရီ အချုုပ်ကိုကား ကြောက်လှပေ၏ ။ ဦးသာအေး၏ ကိစ္စပြီးသွားလေပြီ ။ ရွေးကောက်ပွဲ ကျင်းပရန်သာလိုတော့၏ ။

နေပါဦး၊ နေပါဦး ၊ စစ်ကွင်းသူကြီးမင်း သည် လျှောက်လွာတစ်စောင်ကို ကိုင်ကာ နယ်ပိုင်နားမှ ရပ်နေပြန်ပြီ ၊ အဘယ်သို့သော လျှောက်လွှာပါနည်း ။ မိမိအား အထူးအာဏာကိုပေးရန် လျှောက်ထားသော လျှောက်လွှာဖြစ်လသည် ။ အရေးပိုင်းမင်းထံ အစီရင်ခံစာ ရေးမည်ဟု ပြောပြီးလျှင် ရွေးကောက်ပွဲကို စမည် ပြု၏ ။ စ၍မရသေးပေ ။ ဇလုပ်ကြီး ရွာသူကြီး မောင်သာလင်း သည်လျှောက်လွှာ တစ်စောင်နှင့် သူ၏နေရာမှ ထလာပြန်၏ ။ ခြောက်လုံးပြူး သေနတ် ဆုကိုပေးရန် လျှောက်လွှာဖြစ်လေသည် ။ ဆုများအကြောင်းရေးသည့်အခါ စဉ်းစားမည် ဟုပြောပြီးလျှင် လျှောက်လွှာကို စားပွဲပေါ်၌တင်ထားလိုက်လေသည် ။

ရွေးကောက်ပွဲကို အကယ်ပင် စတော့မည် ။ အဘယ်မှာလျှင် စ၍ရသေးအံ့နည်း ။ ကျေးရွာကော်မတီ မောင်လူကြီးသည် ထောင့်တစ်ထောင့်မှ ထ ၍လာပြန်၏ ။ ရွာမြေ အသစ်ရှာပေးရန် လျှောက်လွှာဖြစ်လေသည် ။ ရွေးကောက်ပွဲ လုပ်ရာမှာ သူတို့တတွေက တစ်မှု ။ အလွန်ရှုပ်ပွေလှ၏ ။ မောင်လူအေး စိတ်မရှည်တော့ပြီ ။ လျှောက်စရာရှိလျှင် ရွေးကောက်ပွဲ ပြီးမှ လျှောက်နိုင်၏ဟု ပြောလိုက်တော့မှ အေးသွားလေတော့သတည်း ။

လျှောက်လွှာကိစ္စတွေကား ပြီးသွားလေပြီ ။ ရွေးကောက်ပွဲကို စ ရန် သာ လိုတော့၏ ။ မောင်ရွှေကျေးနှင့် မောင်သာပန်း တို့၏ အရည် အချင်းများကို စစ်ဆေးပြီးလျှင် မောင်သာပန်းအား ပုံးအနီ ၊ မောင်ရွှေကျေးအား ပုံးအစိမ်း တို့ကိုပေးလေသည် ။ မောင်လူအေးက ပရိတ်သတ်ကြီးအား ၊ မောင်သာပန်းကို သဘောကျလျှင် ပုံးအနီ ထဲတွင် ခဲပြားထည့်ကြပါ ၊ မောင်ရွှေကျေးကို သဘောကျလျှင် ပုံးအစိမ်းထဲတွင် ခဲပြားထည့်ကြပါဟု ပြောကြား၏ ။ အားလုံးတိတ် လျက် နားထောင်နေကြလေသည် ။

မောင်သာပန်း အနီ၊ မောင်ရွှေကျေး အစိမ်း ။

မောင်ရွှေကျေး အစိမ်း ၊ မောင်သာပန်း အနီ ။

ထိုခဏ တွင် အနီ ၊အစိမ်း ။ အစိမ်း ၊ အနီ ဆိုသော အသံများ အပြင် မည်သည့် အသံကိုမျှမကြားရချေ ။

ဆယ်အိမ်ခေါင်း ဦးလူမောင်က ချောင်တစ်ချောင်မှ ထ၍ “ မောင်သာပန်းက  ရဲရင့်လို့ နီသဗျ ၊ ကျေးငှက်ရဲ့ အမွှေးအတောင်က စိမ်းလို့ မောင်ရွှေကျေးက စိမ်းသဗျ ၊ ဘာမျှ မှားစရာမရှိဘူး ” ဟု ဆို၏ ။

“ ခင်ဗျားတို့ရဲ့ကျေးငှက်ကို ကျုပ်တို့ လေးတစ်ချက်တည်းနဲ့ ခွင်းမယ်ဗျ ” ဟူ၍ ကော်မတီ ဦးဒါလီ က ဆိုလေသည်။

ပရိတ်သတ်ကြီးလည်း အတောမသတ်အောင် ရယ်ကြလေသတည်း ။

မောင်လူအေးသည် ပုံးစိမ်း နှင့် ပုံးနီ တို့ကို မဲဆန္ဒရုံ ကလေး အထဲတွင် သွား၍ထားပြီးနောက် ၊ လူခွန် စာရင်းကို ဖွင့်ကာ မောင်ကာလီ ဟုခေါ်လိုက်၏ ။ မောင်ကာလီ တက်၍လာလေပြီ ၊ မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ နှစ်ယောက်စလုံး သူ့ကိုပြုံး၍ကြည့်ကြလေသည် ။

မောင်ကာလီ ၏ ပုံပန်းကို ကြည့်ကြပါဦး ။ မန္တလေးလုံချည် အသစ်ကို ဝတ် ၊ လက်နှီးရောင်  ခေါင်းပေါင်းကိုပေါင်းထား၏ ၊ အင်္ကျီကား မရှိပေ ။ ဘွတ်ဘိနပ် တစ်ရံကို လက်တစ်ဖက်က ကိုင် ၊ လက်တစ်ဖက်တွင်ကား ထီး ၊ ရှုပ်ပွေ ၍နေလေတော့သည် ။ စိတ်ရှုပ်စရာ လွန်စွာကောင်း၏ ။ သို့သော် ရွာသူရွာသား တို့က မူကား ၊ မောင်ကာလီမှာ အလွန် ဂိုက်ကျသည်ဟု တီးတိုးစကားပြောကြားနေကြလေသည် ။ မောင်ကာလီကားပြုံး ပြုံး ၊ ပြုံး ပြုံး နှင့် ဝင်လာ၏။

မောင်လူအေး ၏ အနီးသို့ရောက်လျှင် ရပ်လျက်နေလေသည် ။ မောင်လူအေးလည်း စစ်မေးစရာ ရှိသည်တို့ကိုမေး ၊ စစ်ဆေးစရာ ရှိသည်တို့ကို စစ်ဆေးပြီးလျှင် ခဲပြားတစ်ပြားကို လှမ်း၍ပေး၏ ။ လှမ်းယူရန် မောင်ကာလီတွင် လက်ပိုမပါ ။ လက်နှစ်ဖက် စလုံးမအားရှာပေ ။ပရိတ်သတ်ကြီးက ဝါးခနဲ ရယ်ကြပြန်လေသည် ။ နောက်မှ ဘွတ်ဘိနပ် များကို ပခုံးတွင် ချိတ်ကာ ခဲပြားကိုလှမ်း၍ ယူ၏ ။ ပရိတ်သတ်ကြီးလည်း အတောမသတ်အောင် ရယ်လေတော့သတည်း ။

မောင်ကာလီ မဲဆန္ဒရုံမှ ထွက်လာလေပြီ ။ မောင်ရွှေကျေးက သူ့ပုံးထဲ မဲထည့်ခဲ့သည်ဟု ထင်၏ ။ မောင်သာပန်းကလဲ သူ့ပုံးထဲ ထည့်ခဲ့သည်ဟု ထင်မှတ်လေသည် ။ မောင်ကာလီကား မောင်ရွေကျေးထံမှ ငွေ ၂ဝ ကျပ် ၊ မောင်သာပန်း ထံမှ ငွေ ၂ဝ ကျပ်  ရပြီးလေပြီ ။ အလွန် အလှော် ကောင်းသော မောင်ကာလီ ပါတကား ။

လူခွန် စာရင်းတွင်ပါသော သူတို့အား တစ်ယောက်ပြီးလျှင် တစ်ယောက်ကို ခေါ်လာရာ လူ ၂ဝ ခန့် ဆန္ဒပေးပြီးလေပြီ ။ ထို့နောက် မောင်လူအေးက “ မြွေဟောက် ” ဟုခေါ်လိုက်ရာ လူအများ ရယ်ကြပြန်၏ ။ “မြွေဟောက်” ဆိုသူသည် အဘယ်သို့သော သူနည်းဟု သိလို၍ မောင်လူအေး လှမ်း၍ကြည့်လေသည် ။

ဟော ဟော “ မြွေဟောက် ”ဝင်လာလေပြီ ၊ အကျီင်္မပါ ၊ ခေါင်းပေါင်းလည်း မရှိ ၊ မျက်နှာသုတ်ပုဝါ ညစ်ပေပေ ကိုလုံချည် လုပ်၍ ဝတ်လာရရှာလေသည် ။ လွန်စွာ့ လွန်စွာ မှပင် ဆင်းရဲ ဟန်တူ၏ ။ မောင်လူအေး သနားမိလေသည် ။ သို့သော် “မြွေဟောက်” ကား အရယ်ပင် မပျက် ၊ ရွာသားတို့ကလဲ ရယ်လျက်ပင် ။ သတ္တဝါတို့၏ ဓမ္မတာ  ဖြစ်လေရာမှာပျော်စမြဲ  ဖြစ်သည်ဟု မောင်လူအေး တွေးတော မိပြန်လေသည် ။

“ မြွေဟောက် ” မဲဆန္ဒရုံ အတွင်းမှ ထွက်လာသောအခါ “ ဟေ့သာပန်း မင်းပုံးထဲမှာ ထည့်သကွဲ့ ” ဟု ဆိုကာ ဆင်းသွားလေသတည်း ။ကြားရသူတို့လည်း ရယ်လျက် ကျန်ရစ်ကြလေသည် ။

“ မြွေဟောက် ” မဲထည့်ပြီးသည့်နောက် ရယ်စရာ အချက် မပေါ်သေးပေ ။ လူပေါင်း ၉ဝ ကျော် မဲပေးပြီးလေပြီ ။  သုံး ၊ လေး ၊ယောက်သာ ကျန်တော့၏ ။ လူခွန်စာရင်းတွင် နောက်ဆုံးအမည်ကား  “ ကဇန်း ”  ဖြစ်လေသည် ။ “ကဇန်း ” ဟူ၍ မောင်လူအေးက ခေါ်လိုက်ရာ ရွာသူရွာသားတို့ ရုတ်ရုတ် ၊ ရုတ်ရုတ် ဖြစ်ပြန်၏ ။ ဟိုကြည့် သည်ကြည့် လုပ်ကြပြန်၏ ။ အဘယ်ကြောင့်ပါလိမ့် ၊ ထူးဆန်းသောကြောင့် ဖြစ်ဟန်တူလေသည် ။

ဟော …  ဟိုမှာ ကြည့်လော့ လူနှစ်ယောက် တက်လာကြလေပြီ ။တစ်ယောက်ကား ရှေ့က ၊ တစ်ယောက်မှာ နောက်မှ လိုက်လာလေသည်။ ရှေ့လူက နောက်လူကို တွဲ၍ လာခြင်းဖြစ်၏ ။ “ ကဇန်း ” မျက်စိ ကွယ်သွားသည်မှာ လေးလ မျှသာ ကြာသေးသည် ။

“ ကဇန်း ” မိမိ အနား သို့ရောက်လျှင်  မောင်လူအေး က “ ဘယ်သူ့ပုံးထဲ ထည့်ချင်သလဲ ”ဟုမေး၏ ။

“ မောင်သာပန်း ပုံးထဲထည့်ချင်တယ် ” ဟုဖြေလေသည် ။

မောင်လူအေး ကိုယ်တိုင် မဲဆန္ဒ ရုံထဲသို့ဝင်ကာ ခဲပြားကို မောင်သာပန်း ၏ ပုံးထဲသို့ ကဇန်း အစား ထည့်ပေးရ၏ ။

“ ကဇန်း” တို့ဆင်းသွားလျှင် မဲဆန္ဒပေးသော ကိစ္စကြီး ပြီးသွားလေတော့သတည်း ။ မောင်လူအေးလဲ မောင်သာပန်းနှင့် မောင်ရွှေကျေး တို့အား မေးစရာရှိသည် တို့ကိုမေး ၊ စစ်ဆေးစရာ ရှိသည်တို့ကို စစ်ဆေး၏ ။ အုပ်စုသူကြီး တို့အားလည်း စစ်ဆေးလေသည် ။

ဤသို့ စစ်ဆေးပြီးလျှင် ပုံးစိမ်း နှင့် ပုံးနီ တို့ကို မဲဆန္ဒရုံ ကလေး အထဲမှ  ယူထုတ်ပြီးလျှင် လူကြီးများစုံရာရှေ့တွင် ပုံးများကို ဖွင့်ကာ ခဲပြားမျာကို ရေတွက်၏ ။ ပရိသတ် ကားငြိမ်လျက်ပင် ။

မဲကို ရေတွက်ပြီးလျှင် မောင်လူအေးက ဤသို့ ကြေငြာ၏ ။

မောင်သာပန်း ၈၅ မဲ ၊

မောင်ရွေကျေး ၁၅ မဲ ၊

ပရိသတ်ကြီး ဆူညံ၍သွား၏ ။ မောင်ရွှေကျေး ကား ကြက်ပျောက် ၊ ငှက်ပျောက် ၊ ပျောက်သွားလေပြီ ။ ကောင်းကင် သို့ပင် ပျံသွားလေသလား ၊ ရွာသူရွာသားတို့လည်း စကား တပြောပြောနှင့် ရွာသို့ ပြန်သွားကြကုန်၏ ။

လင်းလွန်းပင် ရွေးကောက်ပွဲကြီး ဆုံးခန်းတိုင်ရောက်ခဲ့လေပြီ ။             ။

ယောဆရာကြီး