ဒုတိယဒီမိုကရေစီ၊ အမြစ်မရှိသောသစ်ပင်နှင့် ့ခြအုံကြီးအကြောင်း (အပိုင်း-၄)

asiamastersMarch 3, 20121min1106

 

လွှတ်တော်ထဲမှာ ငြင်းကြခုန်ကြ၊ အာဏာရှိသူတွေက လုပ်ငန်းရှင်တွေကို လိုင်စင်တွေချပေးပြီး ကိုယ်ကျိုးအတွက်ရှာကြနဲ့ အလုပ်များနေကြပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတုန်းက အတူတူလုပ်ကိုင်ခဲ့ကြတဲ့လုပ်ဖေါ်ကိုင်ဖက်တွေဟာ တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းတွေကွဲပြားပြီး ရန်သူ တွေဖြစ်လာကြပါတယ်။ လူဆိုတာမျိုးက အဆင်ပြေနေရင် မသိသာသော်လည်း အဆင်မပြေတော့ရင် အသေးအဖွဲကိစ္စပင်လျှင် အမြင်ကွဲပြားလာကြပါတယ်။ နိုင်ငံရေးသမား (Politician) တွေမှာလည်း ဂိုဏ်းတွေ ဂနတွေ ကွဲပြားလာပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများလာပါတယ်။ အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အတွက် ပြိုင်ဆိုင်နိုင်ဖို့ ငွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာရပါတယ်။ မဖြစ်နိုင်တဲ့ ကတိတွေကို လူတွေကို ပေးရ ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ မိန်းမတွေကလည်းပြိုင်ကြပါတယ်။ ဘယ်သူကတော့ ဘယ်ဆိုင်မှာစိန် ဘယ်လောက်ဖိုး ဝယ်သွားတယ်။ ဘယ်သူကတော့ ဘယ်နေရာကမြေကွက်ကြီးကို ဝယ်လိုက်ပြီ။ ဘယ်သူ့မင်္ဂလာဆောင်မှာ ဘယ်လောက်လက်ဖွဲ့လိုက်တယ် ဆိုပြီး တော့ပေါ့လေ။ အာရပ် စကားပုံ တစ်ခုရှိပါတယ်။ ဒါကတော့ “ ဘယ်လောက်ပင်သေချာပါစေ အနာဂတ် ကိုပြောသူဟာ လိမ်တာပါပဲ” လို့ဖြစ်ပါတယ်။ Politician တွေဟာ အနာဂတ် ကို ပြောရသူ တွေဖြစ်ပါတယ်။ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ပေါ့။ တကယ်လက်တွေ့မှာ မလုပ်ပေးနိုင်တဲ့ အချိန်မှာတော့ ဒီလူတွေကို လူလိမ်တွေစာရင်းထဲထည့်လိုက်ကြတယ်။ ၁၉၅၀-၆ဝ ကာလမှာတော့ နိုင်ငံရေးသမားဆိုရင် လူလိမ်လူကောက်တွေ၊ မယုံကြည်ရတဲ့သူတွေအဖြစ် လူတွေရဲ့ အတွင်းစိတ် သဏ္ဌန်မှာ စွဲထင်လာခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန်မှာ ဂျာမဏီ၊ ဂျပန်နဲ့ အီတလီ တို့က စစ်ရှုံးပြီး၊ အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်တွေက နိုင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုထူထောင်ကြပါတယ်။ ဒီအချိန်မှာ အနောက်ဥရောပနိုင်ငံတွေမှာ စက်မှုခေတ်ပြောင်းဖြစ်နေချိန်ဖြစ်ပါတယ်။ စစ်ကြီးပြီးတဲ့အချိန်မှာ အမေရိကနဲ့ ဥရောပမှာ စက်ရုံကြီးတွေ၊ အလုပ်ရုံကြီးတွေတဖန်ဖြစ်လာပြီး ပြန်လည်ပတ် လာနေပြီဖြစ်ပါတယ်။ ဒီအချိန်မှာ အနောက်ဥရောပနိုင်ငံများဟာ ဖွံ့ဖြိုးဆဲဖြစ်တဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို အကူအညီပေးမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ မူလရည်ရွယ်ချက်က လူတွေကို ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးဖြစ်နေတော့ ကောင်းသလိုလိုရှိပေမဲ့ ဒီအကူအညီကြောင့် ဒုက္ခတွင်းထဲ ရောက်သွား ခဲ့တဲ့နိုင်ငံတွေမနည်းပါဘူး။ အဓိက သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့ဆီက အသုံးမလို တော့တဲ့စက်ရုံအဟောင်းအမြင်းတွေ၊ ခေတ်နောက်ကျ ကုန်တဲ့စက်ရုံတွေ ကို ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ လိုက်ဆောက်ပေးမယ်။ ဒီတော့ သူတို့စက်ရုံတွေရောင်းရမယ်။ ငွေလည်း သူတို့ Account ထဲဝင်သွားမယ်။ ဆင်းရဲတဲ့ နိုင်ငံတွေအတွက်ကလည်း ဘာငွေမှမလိုဘူး။ နောက်မှ အကြွေးအနေနဲ့ ပြန်ဆပ်ရမယ်။ အခုလက်ရှိတော့  ခေါင်းကလေးတစ်ချက်ညိတ်လိုက်ယုံပဲ။ ချက်ချင်း စက်ရုံကြီးတွေပေါ်လာမယ်။ အစရှိတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုအခွင့်အလမ်းတွေကို အသုံးချဖို့အတွက် အမေရိကန်နဲ့ အနောက်အုပ်စုတွေရဲ့ အမျိုးစုံသော လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကို တဖွဲဖွဲရောက်လာကြပါတယ်။ သူတို့အားလုံးက ဆုံးဖြတ်ပေးနိုင်တဲ့ နိုင်ငံရေးသမားတွေအားလုံးဆီ နည်းအမျိုးမျိုးနဲ့ ချည်းကပ်ကြတယ်။ တစ်ချို့ ကလည်း အိမ်ရှေ့ကလာတယ်။ တစ်ချို့ကလည်းနောက်ဖေးကလာတယ်။ ငွေကြိုက်တဲ့လူကို ငွေနဲ့ မျှားတယ်။ မိန်းမကြိုက်တဲ့လူကို မိန်းမနဲ့မျှားတယ်၊ လောင်းကစားကြိုက်တဲ့သူကို လောင်းကစား နဲ့မျှားတယ်။ တစ်ချို့ကလည်း နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေကို အမေရိကတို့ အင်္ဂလန်တို့မှာ ကျောင်းထားပေးတယ်။ ဆွဲဆောင်တာကလည်း “ ဘာမှ မလိုပါဘူးဆရာ၊ ခေါင်းလေးသာတစ်ချက် ညိတ်လိုက်ပါ။ မနက်ဖန်စက်ရုံကြီးတွေဒီမှာပေါ်လာပြီ၊ ဗမာလူမျိုးတွေ ဆင်းရဲတွင်းက လွတ်ကင်းပြီ၊ ကျွန်တော်တို့က စေတနာနဲ့လာတာပါ။ လူကြီးမင်းအတွက် သီးခြား ဘဏ်စာရင်းကိုလဲ ဆွစ်ဇာလန်မှာဖွင့်ထားပေးမှာပါ” အစရှိသည်ဖြင့် ဆွဲဆောင်ကြပါတယ်။

ဒီခေတ်က မြန်မာ Politician တွေထဲမှာ Economic နဲ့ Business တွေကို နားလည်တဲ့ လူအနည်း စုတော့ရှိပါတယ်။ အများစုကတော့ ဘာမှ ရေရေရာရာ လေ့လာသင်ယူဆည်းပူးခဲ့ရတာမျိုးမဟုတ်ပဲ၊ တစ်ချို့ကလည်း မျိုးချစ်စိတ်ကြောင့် Politic ထဲရောက်လာတာရှိတယ်။ တစ်ချို့ကလည်း အခွင့်  အရေးအတွက် ရောက်လာတာရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ အလကားရတော့မယ်ဆိုတာသိတာနဲ့ သွားရည်တောင်မဆယ်နိုင်ပါဘူး။ ဒီနေ့ ဒီခေတ်ထိ မြန်မာခေါင်းဆောင်အချို့ရဲ့ စိတ်ထဲမှာ မြန်မာလူမျိုးတွေ ခောတ်နောက်ကျပြီး ကျန်ခဲ့တာ နည်းပညာမရှိလို့၊ စက်မှုမဖွံ့ဖြိုးလို့ဆိုပြီးတော့ ယုံကြည်ကြတယ်။ ဒီယုံကြည်ချက်တွေအတွက်လည်း အမှားတွေ တစ်ခုပြီးတစ်ခုထပ်လာခဲ့တာဟာ ဒီနေ့ဒီအချိန်ထိပါပဲ။ ဒီတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံရေးသမားအတော်များများဟာ ဒီစက်ရုံတွေကို လက်ခံဖို့ဆုံးဖြတ်ကြတယ်။ တစ်ချို့ကတော့ အကျိုးသင့် အကြောင်းသင့် ကန့်ကွက်ကြသော်လည်း ဆွစ်ဇာလန်ဘဏ်က ကိုယ်ကျိုးစီးပွားတွေကပါနေတော့က ဘယ်သူမှ မတားနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ အင်းစိန် သံမဏိစက်ရုံတို့၊ ဂုံလျှော်စက်ရုံ၊ ဂုံနီအိတ်စက်ရုံ၊ ချည်ထည်စက်ရုံအမျိုးမျိုးကို မြန်မာနိုင်မှာ စပြီးတည်ဆောက်ကြတော့တာပါပဲ။ ယခင်စက်မှု-၁ ဝန်ကြီးဌာနအောက်က စက်ရုံအတော်များများဟာ ဒီအကူအညီတွေနဲ့ထူထောင်ခဲ့တာဖြစ်တယ်။ ဒီစက်ရုံတွေကြောင့် ဘာတွေဖြစ်လာသလဲဆိုတာနောက်တစ်ပိုင်းမှ ဖတ်ပါ။

6 comments

  • ဒီခေတ်က မြန်မာ Politician တွေထဲမှာ Economic နဲ့ Business တွေကို နားလည်တဲ့ လူအနည်း စုတော့ရှိပါတယ်။ အများစုကတော့ ဘာမှ ရေရေရာရာ လေ့လာသင်ယူဆည်းပူးခဲ့ရတာမျိုးမဟုတ်ပဲ၊ တစ်ချို့ကလည်း မျိုးချစ်စိတ်ကြောင့် Politic ထဲရောက်လာတာရှိတယ်။ တစ်ချို့ကလည်း အခွင့်  အရေးအတွက် ရောက်လာတာရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ အလကားရတော့မယ်ဆိုတာသိတာနဲ့ သွားရည်တောင်မဆယ်နိုင်ပါဘူး။
    _______________________
    လူတိုင်းတော့ အခွင့်အရေးသမား မဟုတ်တန်ရာဘူးနော် အကိုရေ။
    စစ်အာဏာရှင်တွေရဲ ့သားသမီးတွေ၊သူတို ့နဲ ့ဆက်စပ်နေသူတွေဘဲ
    လက်ဝါးကြီးအုပ်လုပ်ကိုနေကြတုန်းဘဲလေဗျာ။

  • ကိုရင်မောင်

    March 3, 2012 at 9:21 pm

    ဒီလိုအကြောင်းအရာတွေအားလုံးသိထားသင့်ပါတယ်
    ဆက်ရေးပါအားပေးနေပါတယ်……

  • kai

    March 4, 2012 at 4:26 am

    နိုင်ငံရေးသမားဟာ… စီးပွားရေးသမားမဟုတ်သလို.. လူမှုရေးသမားလည်း မဟုတ်ဖူးလို့ထင်တယ်…
    မွေးရာပါဗီဇနဲ့လာတာပဲ..။
    ယူအက်စ်မှာ.. နိုင်ငံရေးသမားဖြစ်မယ့်သူတွေဟာ.. ကလေးတန်းမှာကတည်းက.. သာမန်ကလေးတွေနဲ့မတူဘူးလို့.. ဖတ်ဖူးတယ်..။
    အဲဒီလိုနဲ့.. အောက်ခြေကတဆင့်ပြီးတဆင့်. .ရွေးကောက်ခံရပြီး တက်လာကြတာပေါ့…။

    …ရွေးကောက်ခံရပြီးတက်လာကြဖို့.. အင်မတန်အရေးကြီးတယ်ထင်မိတယ်..။
    ပြသနာတွေဖြစ်လာရင်.. နိုင်ငံရေးမတည်မငြိမ်ဖြစ်လာရင်.. ရွေးကောက်လိုက်တဲ့.. လူထုအပေါ်မှာသာ တာဝန်ရှိတာမျိုး ဖြစ်သင့်တယ်..။
    ဆိုတော့…
    ဦးနုခေတ်အမှားအယွင်းတွေဟာ.. ဦးနုအပေါ်တိုက်ရိုက်တာဝန်ရှိတာမှန်ပေမဲ့.. ဦးနုကိုရွေးကောက် တင်မြောက်လိုက်တဲ့.. လူထုကသာ.. အကျိုးဆက်တွေကို.. တာဝန်ယူသင့်လှတယ်..။

    In a Democracy, the people get the government they deserve – Alexis de Tocqueville

  • အရှုံးတွေနဲ့ ကျွန်တော်

    March 5, 2012 at 10:31 pm

    နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဟာ မိမိတာဝန်ယူထားချိန်မှာ မိမိနိုင်ငံရဲ့ နိုင်ငံရေးတင်မဟုတ်ပဲ စီးပွားရေး၊ လူမှုရေးပိုင်းမှာလဲ တာဝန်ရှိတယ်လို့ထင်တယ် သူ့အနေနဲ့ ကိုယ်ကိုတိုင်က စီပွားရေးသမားမဟုတ်ပေမယ့် စီးပွားရေးကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်သင့်တယ် ဦးဆောင်လမ်းညွှန်ပေးနိုင်သင့်တယ်လို့ထင်တယ်
    အခြား အခြားသော ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ အဂတိလိုက်စားမှုပပျောက်ရေး စသဖြင့်အားလုံးအပေါ်မှာလဲ တာဝန်ရှိတယ်လို့ ထင်တယ် သူကိုယ်တိုင်က အဲဒီလုပ်ငန်းတွေမှာ မကျွမ်းကျင်ဘူးဆိုရင်တောင် ဆိုင်ရာဆိုင်ရာ နယ်ပယ်ဒေသတွေမှာ အမှန်တကယ်ကျွမ်းကျင်တတ်မြောက်တဲ့သူတွေကိုပဲ ခန့်ထားသင့်တယ် တာဝန်ပေးအပ်သင့်တယ်လို့ ထင်တယ်
    ကိုယ့်နိုင်ငံရဲ့ အားနည်းနေတဲ့ အပိုင်းတွေမှာ ဘယ်လိုမျိုးပြုပြင်ဆောင်ရွက်သင့်သလဲဆိုတာတွေကို အဖြေရှာရမယ် နားလည်တတ်ကျွမ်းသူတွေဆီက အကြံဉာဏ်တွေရနိုင်စေဖို့ ကဏ္ဍအမျိုးမျိုးအတွက် အကြံပေးတွေ ထားရှိရမယ် ပေးအပ်လာတဲ့ အကြံဉာဏ်အပေါ်မှာ ဖြစ်နိုင်၏ မဖြစ်နိုင်၏ စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိရမယ် နောက်ပြီး နိုင်ငံတကာနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ဂုဏ်မငယ်စေဖို့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဟာ နိုင်ငံတကာရဲ့ လေးစားမှုကို အထိုက်အလျောက်ခံယူရရှိထားသူ ဖြစ်သင့်တယ် ဒါမှလဲ နိုင်ငံတကာဆီက အကူအညီတွေ ရရှိနိုင်လိမ့်မယ် ယုံကြည်လေးစားမှုတွေ ရရှိနိုင်လိမ့်မယ်လို့ ထင်တယ်
    ဒီမိုကရေစီစနစ်မှာ အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်ဝတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရရှိဖို့အတွက်ကတော့ ပြည်သူတွေရဲ့ တာဝန်ဖြစ်တယ်လို့ထင်တယ် ကျွန်တော်တို့တတွေ နောက်နှစ်များမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ရွေးချယ်နိုင်အောင် ကြိုးစားကြရမယ်
    ကနောင်မင်းသားတို့ ဗိုယ်ချုပ်အောင်ဆန်းတို့ ကျရှုံးခဲ့ရသလို ကျွန်တော်တို့ နိုင်ငံတော်ကြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွ ဆက်မဖြစ်ပါစေနဲ့တော့လို့ပဲ ဆုတောင်းနေမိတယ် အမေစု ကျန်းမာပါစေ……..

    အကိုရေ အကို့ရဲ့ Post လေး ဆက်ပါဦးနော်
    လေးစားစွာဖြင့်

  • bigchef

    March 7, 2012 at 6:22 am

    ငါးးပိုင်းစလုံး ဖတ်ပြီး ပြီ။ကောင်းတယ်။ မြန်မာတွေ စီးပွားရေး တကယ်နား မလည်တာပါ.ဒါကြောင့်မို့လို့မြို့တိုင်း ရဲ ့ မြို ့မျက်နှာဖုံးတွေဟာ လူမျိုး ခြားတွေ များနေတာပေါ့။

  • ဦးဦးပါလေရာ

    March 7, 2012 at 3:25 pm

    ကွန်နက်ရှင်မကောင်းလို့ဗျာ
    ခေါင်းစဉ်တွေ့ရက်နဲ့ ကျော်ကျော်သွားနေရတယ်။
    ပေါင်းဖတ်ပြီးမှပဲ ဝင်ဆွေးနွေးတော့မယ်။

Leave a Reply