အမေရိကန်နှင့်ထိုင်း ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် မလေးရှားပါဝင်မည်

khinmintatthuJune 11, 20101min530

ယခုနှစ်၊ ဖေဖော်ဝါရီတွင်ပြုလုပ်ခဲ့သော Cobra Gold 2010 ၂၀၁ဝ စစ်ရေးလေ့ကျင့်မှုဖွင့်ပွဲတွင် ထိုင်းစစ်သားများကို တွေ့ရစဉ်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်ခဲ့သည်။

Cobra Gold

၂၀၁၁ ခုနှစ်တွင် ပြုလုပ်မည့် အမေရိကန်နှင့်ထိုင်းနိုင်ငံတို့၏ Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီး ဒါတွတ်ဆီရီ ဒေါက်တာအာမက်ဇာဟစ်ဟာမီဒီက ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်အား ၎င်းနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်တို့ လွန်ခဲ့သည့် သီတင်းပတ်က ပင်တဂွန်စစ်ဌာချုပ်တွင် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဇာဟစ်က ပြောကြားခဲ့သည်။”အမေရိကန်နဲ့ထိုင်းနိုင်ငံ ပူးတွဲပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု မှာ ပါဝင်ခွင့်ရခြင်းအားဖြင့် နောက်ဆုံးပေါ် ခေတ်မီလက်နက်တွေကို မလေးရှားစစ်တပ်အနေနဲ့ သုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်” ဟု ဇာဟစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

တော်ဝင်မလေးရှားလေတပ်မှ Nuri ရဟတ်ယာဉ်များနှင့် Hercules C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်များအား ၂၀၁၄ခုနှစ် နောက်ပိုင်းတွင် အဆင့်မြှင့်တင်ပေးရန်နှင့် မလေးရှားစစ်တပ်အရာရှိများကိုလည်း အမေရိကန်နိုင်ငံသို့ ခေါ်ယူလေ့ကျင့်ပေးရန် ရောဘတ်ဂိတ်က သဘောတူခဲ့ကြောင်း ဇာဟစ်က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ၏ လေယာဉ်များထိန်းသိမ်း၊ ပြုပြင်၊ မွမ်းမံခြင်းလုပ်ငန်းများကို မလေးရှားနှင့် ရုရှား ဖက်စပ်ပိုင်ဆိုင်သည့် ATSC (Aerospace Technologies Systems Coporation) မှ ပြုလုပ်ပေးနေကြောင်း သိရသည်။

မလေးရှားနိုင်ငံအနေဖြင့် Airbus A-400M သယ်ယူပို့ဆောင်ရေး လေယာဉ်များအား ၂၀၁၂ ခုနှစ်မကုန်မီ ဝယ်ယူသွားမည်ဖြစ်သည်။