အလွန်သာယာလှပတဲ့ ဂေဇက်ရွာကို ကျွန်တော်ရောက်တာ မကြာသေး ပါဘူး။ မကြာသေးပေမယ့်လဲ ဂေဇက်ရွာရဲ့ လှပပုံ.. သာယာပုံ ချစ်စရာကောင်းပုံတွေကိုတော့ မပြောပဲ မနေနိုင်လောက်အောင်ပါပဲ။ ဂေဇက်ရွာရဲ့ အရှေ့ဘက်မှာ ရွာဦးကျောင်းရှိပါတယ်။ကျောင်းထိုင် ဆရာ တော်အရှင်အရိယ။ ဆရာတော်က ရွာသူရွာသားတွေကို အမြဲလို တရား ဓမ္မတွေဟောညွှန်ပြပါတယ်။ရွာသူရွာသားတွေထဲမှာ ကြိုက်သူလဲရှိကြသလို အကြိုက်နဲသူတွေလဲရှိရဲ့။ ထူးချားတာက ကြိုက်သူကိုရော.. အကြိုက်နဲသူ ကိုရောဆရာတော်က တသားတည်းထားပြီးဟောမြဲဟောလျှက်ပါပဲ။ မခွဲခြား ပါဘူး။
ကျွန်တော်တို့ ဂေဇက်ရွာကို သူကြီး ခိုင်ကအုပ်ချုပ်ပါတယ်။ ဆင်းရဲ ချမ်းသာ အစိမ်း အကျက်..အင်းအားရှိ..မဲ့…မခွဲခြားပါဘူး။ ဥပဒေနဲ့အညီသာ အုပ်ချုပ် ပါတယ်။ ရွာသူ ရွာသားတွေက သူကြီးခိုင်ကို ချစ်ကြပါတယ်။ လေးလဲ လေးစားကြပါတယ်။ ကြောက်တော့ မကြောက်ရပါဘူး။ဒါလေးကလဲ ဂေဇက်ရွာရဲ့ ကိုယ်ထူကိုယ်ထ ဒီမိုကရေစီလို့ ဆိုရမလားပဲ။ ကျွန်တော်တို့ ဂေဇက်ရွာမှာ ကောင်ကင်ပြာတို့ ဂျူဂျူမ တို့ မမတို့စတဲ့ ရွာရဲ့ကျက် သရေဆောင်ကွမ်းတောင်ပန်းတောင်ကိုင် လှပျိုဖြူလေးတွေကလဲဂေဇက်ရွာ ရဲ့အလှကို ပေါ်လွင်စေပြန်ပါတယ်။
လှပတဲ့အသာဝတီနွယ်နီနတ်ပန်းလေးတွေနဲ့ ဂေဇက်ရွာဆိုတဲ့ ဗိမ္မာန်ကိုကာ ရံထားကြတဲ့ ရွာရဲ့ ကာလသားခေါင်းများဖြစ်ကြတဲ့ ကိုကြောင်ကြီးတို့.. ကိုဘီလူးကြီးတို့…ကိုကြီးဂျော်နီအောင်ပုတို့ကလဲ ရွာကိုစော်ကားသူဆိုရင် ခြင်တောင်ချမ်းသာမပေးတဲ့ ဂေဇက်ရွာရဲ့ သူရဲကောင်းတွေလို့ဆိုရမှာပါ။
ကိုကြီးကြောင်ဆိုရင် ရွာမှာသွေးလွန်တုပ်ကွေးတွေဖြစ်တော့ ခြင်တွေကြောင့် ဆိုပြီး ငှက်ကြီးတောင်ဓားနဲ့ ခြင်တွေကိုလိုက်ခုတ်နေလို့ တရွာလုံးက ၀ိုင်းပြီး ဆေးရုံ ပို့လိုက်ရပါတယ်။
ဇောက်ထိုးမိုးမျှော်..ဆိုတဲ့ဆေးခန်းကြီးရဲ့ပိုင်ရှင် သခင်ကိုယ်တော်ဆိုတဲ့ တိုင်းရင်းဆေးဆရာကြီးကလဲ ရွာရဲ့ကျန်းမာရေးအတွက် အလွန်အားကိုးရပါ တယ်။ ပတ်ဝန်းကျင်ရွာတွေကပါ..အားထားရတဲ့အနေအထားပါ။
စုန်း နတ် ပယောဂတွေယုံကြည်သူတွေကိုကြတော့လဲ….မဟာထမိန်ကြီးဝါ ဒဆိုတဲ့ ဂျားလမ်းဆရာကြီးက ဥံဖွ ပေးပြန်ပါတယ်။ မှားတာ မှန်တာထက်.. အစွဲသန်သူ ရွာသူ ရွာသားတွေအတွက်တော့လဲ စိတ်ဖြေဆေးတလက်ပါပဲ။
မျက်နှာက ပြုံးရွင်ပြီး အမြဲတမ်းမူးနေတဲ့ လူကြီးနဲ့လူငယ်ကြား ပေါင်းကူး တံတားလဲဖြစ်တဲ့.. ကိုဗိုက်ကလေးလိုအမူးသမားလေးလူကလဲ ဂေဇက်ရွာကို ခေတ်မှီရင်ဘောင်တန်းစေတယ်လို့ဆိုရမလား။ကိုယ်ဗိုက်ကလေးဟာအမူးသမား ဆိုပေမယ့် သူ့ရုပ်နဲ့သူ့ဟန်ပန်ကြောင့် ရွာသူရွာသားတွေကတော့ ချစ်ကြပါတယ်။သာရေး နာရေး ဆိုရင် သူတို့က နောက်ကွယ်က အပြည့်အ၀ ကူညီကြတာမဟုတ်လား။သားပြစ် မယားပြစ်ပါပဲ။
အဲ……ရွာမှာ စောစောက နှစ်လုံးတွေ သုံးလုံးတွေ ခေတ်စားတုန်းကတော့လဲ ကျွန်တော်တို့ရွာမှာ မဟာရာဇာ အန်ဇာတုံး ကဒိုင်တွေ ဘာတွေဖွင့်ပါသေး တယ်။ ရွာသူကြီးကလဲ မသိချင်ဟန်ဆောင်ပြီးနေပါတယ်။ ကွယ်ရာမှာတော့ ကိုယ့်ရွာက ငွေ..အပြင်မရောက်အောင် မသိဟန်ဆောင်နေတာတဲ့။ ခုတော့ လောင်းကစားပပျောက်ရေးလုပ်ပြီးကတည်းက မလုပ်တော့ပါဘူး။ ဒါပေမယ့် မဟာရာဇာ အန်ဇာတုံးကတော့ အလောင်းအစားကို ၀ါသနာက ခပ်ပါပါ။
တခါတခါမှာ မြို့သွားနေတဲ့ ကိုဘုန်းကျော်ဆိုတဲ့သူပြန်လာရင် အထူးအဆန်း လေးတွေ မြင်ရကြားရပြန်သဗျ။ သူက မြို့တွေပေါ်မှာအနေများတော့ ရွာသားများ အမြင်နဲ့သိပ်တော့မတူချင်ဘူး။ သူလာရင် တခါတခါ ရွာမှာ ဆူကျန်ခဲ့တတ်ပေမယ့် သူကလဲ သူ့ဂေဇက်ရွာကို အလွန်ချစ်သူဆိုတာ ထင် ရှားပါတယ်။
နောက် ဦးပါကြီးတို့လို ရွာမိ ရွာဖများကလဲ ရပ်ရွာရဲ့အကျိုး သက်ကြီး ရွယ်အိုအကျိုးများကိုအမြဲစဉ်းစားပြီးကြိုးစားကြပါတယ်။ဦးပါရဲ့စီစဉ်ညွန်ကြား မှု….ရွာသူကြီးရဲ့ကူညီမှုနဲ့ ကျွန်တော်တို့ရဲ့ ဂေဇက်ရွာမှာ…စိတ်ကူးယဉ် ဆိုတဲ့ ဘိုးဘွားရိပ်သာတစ်ခုပေါ်ပေါက်လာပြန်ပါတယ်။
ဂေဇက်ရွာရဲ့အကြောင်းတွေကို ပြောရရင်တော့ ကုန်မှာကိုမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဂေဇက်ရွာမှာလူလာဖြစ်ရတာကတော့ လူဖြစ်ရကျိုးနပ် တယ်လို့ဆိုချင်ပါတယ်။ စီးပွားရေး ကျန်းမာရေး.. ပညာရေ…ဘာသာရေး လူမှုရေး လိုလေးသေးမရှိလို့ဆိုရမှာပါပဲ။
မနေ့ညက..ကျွန်တော်တို့ဂေဇက်ရွာ ရွာဦးကျောင်းက ဘုရားဆင်းတု တစ်ဆူကို သူစိမ်းသူခိုး နှစ်ယောက်ဝင်ခိုးပါတယ်။ ဖြစ်ချင်တော့ ကိုကြောင်ကြီးတို့..ကိုဘီလူးကြီးတို့ ကိုအောင်ပုတို့ ရွာကင်းလှည့်တုန်းနဲ့ ပက်ပင်းတိုးပြီးမိပါလေရော့ဗျာ။ ဒါကို ဗိုက်ကလေးကလဲမူးပြီး ကြားလိုက် တော့ ရွာဦးကျောင်းသူခိုးမိလို့ဆိုပြီးရွာထဲကနေအော်လာ အို…တရွာလုံးဝိုင်း လာလိုက်ကြတာ လူတွေကျောင်းဝိုင်းအပြည့် ဖြစ်သွားတာပဲ။ဒါရပ်ရွာရဲ့ ညီညွတ်မှု အင်းအားမဟုတ်လား။
တယောက်တစ်ချက်ထိုးလိုက်ရိုက်လိုက် ကန်လိုက်နဲ့ သူခိုးတွေခမျာ သနား စရာတောင်ဖြစ်သွားရှာတယ်။ ဘုရားမှ ခိုးရတယ်လို့ ဆိုပြီး တံတွေးနဲ့ ထွေးတဲ့ သူတောင်ရှိသေး။
တော်သေးရဲ့ သူကြီးရောက်လာတာမြန်လို့ ဒင်းတို့သက်သာသွားတယ် မှတ်ပါ။ အဲဒီမှာ ဆရာတော်လဲရောက်လာပြီး မရိုက် မနှက်ကြဖို့ မေတ္တာရပ်ခံ ပြန်ပါတယ်။ဒါနဲ့ သူကြီးက ရဲစခန်းအပ်ဖို့ ညွှန်ကြားလိုက်ပါတော့တယ်။
ဒီအချိန်မှာ ရွာထဲ ကိုထုံးဘဲဥက…အင်းသူတို့ခုလိုခိုးရင်..ခုလိုခံရမှာလို့ မသိကြ ဘူးလားတဲ့။ အကန်ခံရ…အရိုက်ခံရ…အဖမ်းအဆီးအချုပ်အနှောင်ခံ ရ သူခိုးတွေရဲ့ဆင်းရဲဒုက္ခတွေက နည်းတာမဟုတ်ဘူး။ ဒီကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သူခိုးဘ၀ရောက်နေကြတာ..အင်း…ဒါဟာ အတိတ်ကံ ပေါ့လေ… ဆိုပြီး ပြောပါတယ်။
ကိုနာနာ ဆိုတဲ့ လူကလဲ…ဒီကလေးတွေ ခုလိုသူခိုးဖြစ်ကြတာဟာ… ဘုရားသခင် အလိုတော်ကြလို့ပြောရမှာပါတဲ့။ ဟုတ်ပါတယ်ဒါဘုရားသခင် အလိုတော်အရပါတဲ့။ ဆရာတော်ကတော့ ပြုံးနေပါတယ်။
ဒီမှာတင် ကိုယ်ဗိုက်ကလေးက အာလေး လျှာလေးနဲ့…ထပြောပါတယ်။ နေကြပါဦး….သူတို့အတိတ်ကံကြောင့်ခုလို သူခိုးဖြစ်ရတာ ….. ဘုရားသခင် အလိုတော်အရ ခုလို သူခိုးဖြစ်ရတာ ဆိုရင်… ဒီသူခိုးတွေ ခုလို သူခိုးမဖြစ်အောင် ပြုလို့ပြင်လို့ မရတော့ဘူးပေါ့။ ခုလိုခိုးတာကလဲ အတိတ် ကံ ကြောင့်…ဘုရားသခင်အလိုတော်ကြောင့်ဆိုရင်..သူတို့မှာအပြစ်မရှိပါဘူး သနားစရာတောင်ကောင်းနေပါတယ်။ ရဲစခန်းမအပ်ကြပါနဲ့။ သူတို့ခမျှာ ဟိုဘ၀က အတိတ်ကံကြောင့် ခိုးနေရရှာတာပါ။ ဘုရားသခင်အလိုတော်အရ ခိုးနေကြရရှာတာပါ။ သနားပါတယ်။ ဒီလိုသူခိုးလေးတွေ..ဂျပိုးလေးတွေကို လူကောင်း သူကောင်းဖြစ်သွားအောင်လဲ လုပ်လို့မရတော့လို့ လုပ်စရာလဲ မလိုတော့ဘူးပေါ့။ ဗိုက်ကလေးတို့ ခုလိုအရက်သောက်နေရတာလဲ အတိတ်ကံကြောင့်နော်။ ဘုရားသခင်အလိုတော်ကြနော်…ဗိုက်ကလေးကို အပြစ်မပြောကြနဲ့။ သောက်ချင်လို့သောက်နေရတာမဟုတ်ဘူး။ ဟင်း..ဟင်း….. ဆိုပြီး ထဆော်ပါတော့တယ်။ ဒီနေရာမှာ သူကြီးက ခပ်လှမ်းလှမ်းကဆရာတော်ကို လှမ်းကြည့်လိုက် ပါတယ်။
ဆရာတော်အရှင်အရိယက ချောင်းလေးဟန့်ပြီးခုလို မိန့်ပါတယ်။ ရွာသား တွေ ခုလိုပြောတာ ကောင်းပါတယ်။ ခုလို ဝေဘန်ကြမှ တိုးတက်မှာ။ တကယ်တော့ အတိတ်ကံကြောင့် သူခိုးဖြစ်ရတာဆိုရင်တော့ ဒီအယူဟာ ဟိန္ဒူရဲ့ အယူအဆပါ။ ဘုရားသခင်အလိုတော်အရဆိုရင်တော့ ခရယာန် အစ္စလာန်တို့ရဲ့ အယူအဆအရပေါ့။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာ အရဆိုရင်တော့ ခုလို သူခိုးဖြစ်ရတာဟာ သူခိုးဘ၀ရောက်နေကြလို့ပဲ။ အဲဒီလို သူခိုးဘ၀ရောက်နေရတာကတော့ ခိုးတဲ့အလုပ် (ကံ)ကြောင့်ပဲ။ ခိုးတဲ့အလုပ်လုပ်လို့ပဲ။ ခိုးတဲ့အလုပ်..လုပ်တာကလဲ…သူများပစ္စည်းကို အချောင် လိုချင်တဲ့ လောဘဆိုတဲ့ ကိလေသာကြောင့်ပဲ။ လိုချင်တဲ့ လောဘ ကိလေသာမရှိဘူးဆိုရင်…ခိုးခြင်းဆိုတဲ့အလုပ် (ကံ) ကိုလုပ်မှာမဟုတ်ဘူး။ ခိုးတဲ့အလုပ် မလုပ်ရင် သူခိုးဘ၀ရောက်မှာမဟုတ်ဘူး။ သူခိုးဘ၀ မရောက်ရင် ခိုးမှာမဟုတ်ဘူး။ ဒါကြောင့် သူခိုးမဖြစ်အောင် သူခိုးဘ၀ မရောက်အောင် ကြိုးစားကြရမယ်။ သူခိုးဘ၀ မရောက်အောင် ကလဲ ခိုးတဲ့အလုပ် (ကံ)ကို မလုပ်ကြဖို့ပဲ။ ခိုးတဲ့အလုပ် မလုပ်ဖြစ်အောင်ကလဲ သူများပစ္စည်းကို အချောင်ရချင်တဲ့ လောဘဆိုတဲ့ ကိလေသာကို ပယ်ရမှာပဲ။ လူမှာ လောဘမရှိရင် ခိုးတဲ့အလုပ်လုပ်မှာမဟုတ်ဘူး။ ခိုးတဲ့အလုပ် မလုပ်ရင် သူခိုးဘ၀မရောက်ဘူး။ သူခိုးဘ၀ မရောက်ရင် သူခိုး မဖြစ်ဘူး။ ဒါကြောင့် သူခိုးမဖြစ်အောင်..လူဆိုးမဖြစ်အောင် ပြုပြင်လို့လဲရပါတယ်။ အတိတ်ကံ ကြောင့်တို့ ဘုရားသခင်အလိုတော်အရတို့ဆိုရင်တော့ လူဟာ ကိုယ်ဟာကို ဘာမှမပိုင်လို့ ပြုလို့ပြင်လို့ရသူမဟုတ်ဖြစ်သွားတယ်။ ကဲ ညစ်လဲ နက်နေပြီ…ပြန်ကြတော့ပြန်ကြတော့ဆိုပြီး မိန့်ပါတယ်။ အားလုံး စဉ်းစား စရာပါ။ ဒီစကားမျိုးကြားရတာကလဲ ဂေဇက်ရွာမှာ လူဖြစ်ရကျိုး နပ်ခြင်း တစ်ခုပါပဲ။ ကဲကျွန်တော်ပြောတာကြာသွားပါတယ်။ နောင်ကို ဂေဇက်ရွာရဲ့ ခေတ်နဲ့ညီတဲ့ ကိုယ်ထူကိုယ်ထ ကြိုးစားကြပုံတွေ လွပ်လပ်ပုံတွေကို တင်ပြပါဦးပါမယ်။ ရွာသူအပေါင်း ကျန်းမာပါစေကြောင်း။

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..