ချို ပေါ့ ကျ (၁၁)

black chawMay 4, 20125min52153

မန္တလေးဂဇက်က နိုင်ငံရေးသမားတွေ

ဆရာ လူထု စိန်ဝင်းက ရေးပါတယ်။

စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့ နိုင်ငံရေးသမား
ဘယ်နိုင်ငံရေးပါတီ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အသုံးချခံ လက်ကိုင်တုတ် အဖြစ်မခံရပါဘူး

တဲ့။
လှနေတာပါပဲ။

မန္တလေး ဂဇက်ရဲ့ သူကြီး kai က ပြောပြန်ပါတယ်။

– ဒီခေတ်ရဲ့.. ယူအက်စ်စာနယ်ဇင်းတွေကတော့.. ပါတီအစွဲနဲ့..ပေါ်ပေါ်တင်တင်ဘက်လိုက်ကြကြောင်း..
ခေတ်ပြောင်းနေပြီဖြစ်ပါကြောင်း..။

တဲ့။
ဆိုတော့ သေချာတာတစ်ခုကတော့ ဘက်လိုက်တာ ဘက်မလိုက်တာပဲ ကွာမယ်။
စာနယ်ဇင်းသမားဆိုတာ နိုင်ငံရေးသမားဆိုတဲ့ အဆိုကိုတော့ လက်ခံရမှာပါပဲ။
ဆရာဇော်ဇော်အောင်က ဂျာနယ် တစ်စောင်မှာ ရေးပါတယ်။ ဒီလှိုင်းဂျာနယ်မှာပါ။
လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ တဲ့။
လှပြန်တာပါပဲ။
သိတ်လှလွန်းတော့ ကျွန်တော် လည်း ထောက်ခံချင်မိပါတယ်။
မြန်မာပြည်လွတ်လပ်ရေးဗိသုကာ အောင်ဆန်းဟာ လူငယ်ပါ။
တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးစလုပ်ခဲ့တာပါ။
ဦးစောတို့ လုပ်ကြံလို့ ကျဆုံးသွားတဲ့အချိန်မှာတောင် ကိုအောင်ဆန်းအသက်က ၃၂ နှစ်သာရှိပါသေးတယ်။
ဆိုတော့ လူငယ် စစ်စစ်ပဲ ရှိပါသေးတယ်။
ကိုအောင်ဆန်းသာ လူကြီးဖြစ်မှ နိုင်ငံရေးလုပ်ခဲ့မယ်ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတဲ့ နှစ်ကလည်း နောက်ကျကောင်းနောက်ကျသွားပါလိမ့်မယ်။
ဒါက ကျွန်တော် လိုရာဆွဲပြောတာမျိုး ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ထားပါတော့…။
လူငယ်တွေ ယူပေးခဲ့လို့ လွတ်လပ်ရေးကြီးရခဲ့တယ်ပေါ့ဗျာ။
လွတ်လပ်ရေးရပြီးကတည်းက လူကြီးတွေနိုင်ငံရေးလုပ်ခဲ့ကြတာ မြန်မာပြည်ကြီး ဘယ်အဆင့်ရောက်သွား ခဲ့ပါသလဲ။
လူကြီးတွေလုပ်ခဲ့ကြလို့လည်း မြန်မာပြည်ကြီး LDC နိုင်ငံစာရင်းထဲကို ရှေ့မျက်နှာနောက်ထားလို့ ဝင်ခဲ့ရပြီးပါပြီ။
ဒါကြောင့် လူကြီးတွေ နိုင်ငံရေးလုပ်ခဲ့တာ မလန်းပဲနဲ့ ဂွမ်းခဲ့ရပါတယ်။
ဆရာဇော်ဇော်အောင် ရဲ့ ဆောင်းပါး အဆုံးသတ်လေးကို ဖေါ်ပြပေးချင်ပါတယ်။

ဒီမယ်လူငယ်တို့။ မောင်ရင်တို့ လုပ်နိုင်ပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်က လုပ်နိုင်ပါ့မလားလို့ သံသယနဲ့ မေးလာရင် … သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်လို့ ပြောလိုက်ပါ။ ဒီမယ်လူငယ်တို့။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ မောင်ရင်တို့ ဘယ်တုန်းကမှ မမှားခဲ့ဘူး။ တစ်ခါမှ အမှားမလုပ်ခဲ့ဘူး။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းသမိုင်းမှာလည်း ဘယ်တုန်းကမှ မမှားခဲ့ဘူး။ တစ်ခါမှ အမှားမလုပ်ခဲ့ဘူး။ ဒီနေ့အထိပါပဲ။
ဒါကြောင့်လိုရင်းကို ချုပ်ရရင် — လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ……။

ဟုတ်ပါတယ်။ လူငယ်တွေ နိုင်ငံရေးလုပ်ဖို့ လိုပါတယ်။
လူငယ်ဘဝကတည်းက နိုင်ငံရေးကိစ္စတွေ လေ့လာ သင်ယူထားတာ လူကြီးဘဝအတွက် ပြင်ဆင်ထားသလိုဖြစ်စေပါတယ်။
လူကြီးဘဝကျတော့ တစ်လွဲတွေ မဖြစ်ဖို့ များသွားတာပေါ့ဗျာ။
ကဲ ကျွန်တော့်စာကို အဆုံးသတ်ပါတော့မယ်။
ဆရာဇော်ဇော်အောင်က လူငယ်တွေ နိုင်ငံရေးလုပ်ကြပါလို့ တိုက်တွန်းပါတယ်။
ဆရာ လူထုစိန်ဝင်းက စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့ နိုင်ငံရေးသမားလို့ ပြောပါတယ်။
အဲဒီတော့ မန္တလေး ဂဇက်မှာ စာရေးနေကြသူ လူငယ်တွေဟာ စာနယ်ဇင်းသမားတွေလို့ သတ်မှတ်လို့ရပါတယ်။
ဒါကြောင့် သူတို့ဟာ ဆရာ လူထုစိန်ဝင်း အဆိုအရ နိုင်ငံရေးသမားတွေပါ။
သူတို့လုပ်နေတဲ့ နိုင်ငံရေးကိုလည်း အသိအမှတ်ပြုကြစေချင်ပါတယ်။
လူငယ်တော့ မဟုတ်တော့ပေမယ့်
မန်းဂဇက်က နိုင်ငံရေးသမား ဘလက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာသာပြန်ကဗျာ

ဒီတစ်ခါတော့ ထူးထူးခြားခြား မြန်မာပြန် ကဗျာလေးတစ်ပုဒ်နဲ့ စတင်ခွင့်ပြုပါ။
ကဗျာလေး ကို မဖေါ်ပြမီ ကဗျာသမိုင်းကြောင်းလေး အရင် ပြောပြချင်ပါတယ်။
၂၄-၁၁-၁၉၈၈ နေ့က NLD လူငယ်မှ စည်းရုံးရေးတာဝန်ခံ (ယာယီ) လူငယ် ၁၄ ဦး စည်းရုံးရေးမဆင်းမီ နှုတ်ဆက်ဩဝါဒခံယူပွဲ၌
ဒေါ်အောင်ဆန်းစုကြည်က Rudyard Kipling (1856-1936) ရေးခဲ့သော “IF” ကဗျာအား
ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြန်ကာ ပြောကြားခဲ့ပါသည်။
အဆိုပါ ပြောကြားချက်အား မှီငြမ်းကာ “အကယ်၍” ကို ပြန်လည်ရေးသားပြီး ၆၈ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ပါသည်။
Rudyard Kipling ၏ IF ကဗျာ မူရင်း က ဒီလိုပါခင်ဗျာ။

IF
IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:

If you can dream – and not make dreams your master;
If you can think – and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build ’em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: ‘Hold on!’

If you can talk with crowds and keep your virtue,
‘ Or walk with Kings – nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run,
Yours is the Earth and everything that’s in it,
And – which is more – you’ll be a Man, my son!

အမေစု ဘာသာပြန်ပေးထားတဲ့ အကယ်၍ ကဗျာလေးကို ဖေါ်ပြပေးလိုက်ပါတယ်။
ကြာပြီဆိုတော့ ဖတ်ဖူးသူတွေရှိနေမှာ သေချာပါတယ်။ မဖတ်ရသေးသူတွေအတွက်
သည်းခံပေးပါလို့ တောင်းပန်ပါတယ်။

အကယ်၍
အကယ်၍
မင်းအသိုင်းအဝိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်…။
အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်…။
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်…။
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်…။
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်…။
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်…။
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်…
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်…။
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…။
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်…။
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်…။
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…။
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…။
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့…။
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

နောက်ထပ် ကဗျာတစ်ပုဒ် လောက် ဖေါ်ပြခွင့်ပြုပေးပါဦးခင်ဗျာ။
ကျွန်တော် ချိုပေါ့ကျ (၉) မှာတုန်းက တစ်ဝက်တစ်ပျက် ပဲ ဖေါ်ပြပေးခဲ့တဲ့ ကိုရွေးရဲ့ မြို့သိမ်းကဗျာ လေးပါ။
ရေးထားတာလေးကိုကြည့်ရင်တော့ ကွန်ဆာဗေးတစ် ဆန်ကောင်းဆန်နေမှာပါ။
သို့သော် ဒီကဗျာလေးကို ကြိုက်နှစ်သက်မိတဲ့အတွက် တတ်ချင်တဲ့ တံဆိပ်သာ ကပ်ကြပါ။
မန္တလေးမြို့ကို ကျွန်တော် ချစ်ပါတယ်။
ဒါကြောင့် မန္တလေးမြို့ကြီး တစ်စတစ်စ ဆုံးရှုံးနေတာကို ကျွန်တော် စိတ်မချမ်းမြေ့ပါဘူး။
မဆီမဆိုင် မန္တလေးသားမဟုတ်တဲ့ ကျွန်တော်က ဝင် စိတ်မချမ်းမြေ့နေတယ်ဆိုရင် မန္တလေးသားစစ်စစ်ကြီး ရွှေတိုက်စိုး
ဆိုရင်တော့ ပြောစရာတောင်ရှိမှာမဟုတ်ပါဘူး။
သူ့ကို ရွတ်ပြတဲ့အခါ သူကလည်း ကြိုက်ပါတယ်တဲ့။
အဲဒါကြောင့် ဒီမြို့သိမ်းကဗျာလေးကို ကျွန်တော် ရိုးရိုးသားသား ကြိုက်တယ်ပေါ့ဗျာ။
ခင်ဗျားလည်း ကြိုက်ကြိုက်မကြိုက်ကြိုက် သည်းခံပြီး ဖတ်ပေးပါ ကျောင်းဒကာ။
ပြီးမှ ခင်ဗျား မကြိုက်ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောပေတော့ဗျို့။ ကဲစပြီဗျာ။

မြို့သိမ်းကဗျာ
မြို့ချစ်သကောင့်သားတို့
မြို့ချစ်ညီရင်းအစ်ကိုတို့
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ…။
မင်းတို့မြို့ဟာ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး
မင်းတို့မြို့ဟာ စီးပွားရေးအရ ကျုံးပေါ့။
လယ်ယာမြေကောင်းထဲ
ရေငန်တွေ ဝင်လာသလို
မင်းတို့မြို့ထဲလူငန်တွေဝင်လာ နေပြီ။
အောင်မြင်တဲ့ ဂျုံခင်းထဲ
ကျိုင်းအုပ်တွေ ကျလာသလို
မင်းတို့မြို့ထဲ လူကျိုင်းတွေကျလာနေပြီ။

ရန်သူဟာ
ကျည်တစ်တောင့်မဖောက်ဘဲ
မြို့ကို သိမ်းနေပြီ။
ပေါင်မုန့်အနားသားလို
မြို့ချစ်သကောင့်သားတို့
အစွန်အဖျားကို ဆုတ်ခွာနေရပြီ။
မြို့ချစ်သကောင့်သားတို့
မင်းတို့ ကလောင်အစွမ်းဟာ
အမှောင်ခြမ်းမှာ အိပ်မပျော်စေနဲ့
ဦးနှောက်ကို မီးထွန်းကြ
ဦးနှောက်ကို မုန်တိုင်းဆင်ကြ

မင်းတို့မြို့ဟာ လှန်ထားတဲ့ စာအုပ်
မင်းတို့မြို့ဟာ ဖွင့်ထားတဲ့ ဘောလ်ပင်
ကိုယ့်သမိုင်းကို ကိုယ်ရေးကြ
ကိုယ့်ခေတ်မှာ ကိုယ်မညံ့စေနဲ့

အနာဂတ်သမိုင်းဖတ်စာမှာ
မြို့ကို ကုန်ကူးသူထဲ မင်းမပါစေနဲ့
အနာဂတ် သမိုင်းဖတ်စာမှာ
မြို့ကို ရောင်းစားသူစာရင်းထဲ မင်းမပါစေနဲ့
မင်းတို့မြို့မှာ လင်းလက်တဲ့ သာသနာရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်မြစ် ရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်ကျုံး ရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်တောင်တန်းတွေ ရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ ရှိတယ်
မင်းတို့မြို့မှာ တောင်သမန် ရှိတယ်
မင်းတို့မြို့မှာ ကမ္ဘာသိ ရာဇဝင်တွေ ရှိတယ်
မင်းတို့မြို့မှာ မင်းတို့ ရှိနေကြတယ်

ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ရောင်းရင်းတို့
သူငယ်ချင်းတို့
ညီရင်းအစ်ကိုတို့
မြို့ချစ်သကောင့်သားကြီးတို့
သတိတရားလက်ကိုင်ထားကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ။
ကိုယ့်မြို့ကို ကိုယ် မြန်မြန်ပြန်သိမ်းကြ။
ကိုရွေး

အဲဒါလေးပါဗျာ။
အနာဂတ် သမိုင်းစာမျက်နှာမှာ
မန္တလေးမြို့ကို ရောင်းစားသူတွေ စာရင်းထဲ
ရွှေတိုက် ရေ မင်းမပါပါစေနဲ့
မယ်ပုချ် ရေ ညည်းမပါပါစေနဲ့
ဖရဲ ရေ မင်းမပါပါစေနဲ့
မောင်ပေ ရေ မင်းမပါပါစေနဲ့
ဘဝမှာ အဆင်မပြေမှုတစ်ခုခု ရှိခဲ့တယ်ဆိုရင်တောင်
မင်းတို့မြို့ကို မင်းတို့ ရောင်းမစားသင့်ဘူးဆိုတာ
မင်းတို့မြို့ကို မင်းတို့ မစွန့်ခွာသင့်ဘူးဆိုတာ
မင်းတို့မြိုကို မင်းတို့ လက်ထဲမှာပဲ ထားသင့်တယ်ဆိုတာ
ဒီကဗျာလေးက မီးမောင်းထိုးပြနိုင်ကောင်းပါရဲ့ ဗျာ။

ကံကောင်းလို့မသေ တဲ့ ဆရာနေဝင်းမြင့် ( အလင်းတန်း )

စာအရေးကောင်း၊ စာပေဟောပြောပွဲတွေမှာ သီချင်းအဆိုကောင်းလှတယ် လို့ နာမည်ကြီးတဲ့ ဆရာနေဝင်းမြင့် ရဲ့
ကျန်းမာရေး သတင်းလေးပါ ကျောင်းဒကာ။
ဧပြီ ၉ ရက်မှာ သစ္စာရာဇာပုဂ္ဂလိကဆေးရုံကို တင်လိုက်ရပြီး ဦးနှောက်ထဲသွေးရောက်နေပြီ ဆိုတာကြောင့်
ခွဲစိတ်ကုသမှုခံယူရပါတယ်တဲ့။
ကံကောင်းသွားတဲ့ ဆရာနေဝင်းမြင့်ဟာ ဦးနှောက်ထဲထိ သွေးရောက်မသွားဘဲ အမြှေးပါးအဆင့်မှာ ရပ်နေတာကြောင့်
စုပ်ထုတ်ယူရုံနဲ့ အဆင်ပြေသွားပါတယ်တဲ့။
ဧပြီလ ၁၈ ရက်နေ့အထိ ဆေးရုံမှာ နေခဲ့ရပြီး အခုအခါမှာတော့ နေအိမ်မှာ ပကတိ ကျန်းမာလျက်ရှိနေပါတယ်တဲ့။
ဆေးရုံတက်နေစဉ်မှာ အမည်မဖေါ်လိုသူ စာဖတ်ပရိသတ်တစ်ဦးက ဆေးရုံမှာ ငွေကျပ်ငါးသိန်း ပေးသွင်းသွားသလို
တခြားစာဖတ်ပရိသတ်တွေကလည်း ဆရာ့အတွက် ဆေးဖိုးဝါးခများ
လာရောက် ပေးအပ်ကြတာကြောင့် ဆရာနေဝင်းမြင့်နဲ့ ဆရာမခင်ခင်ထူး မိသားစုက မျက်ရည်ဝဲသည်အထိ ခံစားမိကြပါတယ်တဲ့။
ကဲ ကျောင်းဒကာ။ စာရေးဆရာတစ်ယောက်အပေါ် စာဖတ်ပရိသတ်က ထားတဲ့မေတ္တာ ဟာ ဘယ်လောက်အေးမြသလဲ ဆိုတာ
ဆရာနေဝင်းမြင့်ကြီး ကိုသာ ကြည့်ကြပေတော့ဗျို့။ ကျွန်တော်တို့ ရွာသူရွာသားတွေကလည်း ဒီနေရာကနေ ဆုတောင်းပေးကြရအောင်ဗျာ။
ဆရာနေဝင်းမြင့် သက်တော်ရာကျော်ရှည်ပြီး စာကောင်းပေမွန်များလည်း ရေးသားနိုင်ပါစေ။ စာပေဟောပြောပွဲများလည်း ဟောနိုင်ပြောနိုင်ပါစေ။
သီချင်းကောင်းသီချင်းခန့်များလည်း ဆိုပြနိုင်ပါစေ ပေါ့ ဗျာ။

ငွေဆယ်သိန်း၊ လူစိမ်းတစ်သိုက် နဲ့ ဦးဖြိုးမင်းသိန်း (ပြည်သူ့ခေတ်)

ပြည်ခိုင်ဖြိုးပါတီရဲ့ ငွေကြေးအင်အားတောင့်တင်းမှုကတော့ အံ့မခန်းပါပဲ။
တောင်ညွန့်က NLD ဒေါ်ဖြူဖြူသင်းကို ငွေဆယ်သိန်းတင်ပြီး တရားစွဲထားတာ အပြင်
အခုတစ်ခါ လှည်းကူး က NLD ဦးဖြိုးမင်းသိန်းကို ငွေဆယ်သိန်းတင်ပြီး တရားစွဲဆိုလိုက်ပြန်ပါတယ်တဲ့ ကျောင်းဒကာရေ။

ကျွန်တော့်ကို တရားစွဲတာက ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ စွဲထားတာပါ။
အသက်မပြည့်သေးတဲ့ ကလေးတွေကို အမေစုကိုချစ်ရင် NLD ကိုမဲပေးကြဆိုပြီး ပြောခဲ့တဲ့ ကိစ္စလည်း ပါတယ်။
နောက်ပြီးတော့ အဖွဲ့ချုပ်က အခွင့်အာဏာတွေကို သုံးပြီး တစ်ဖက်ကိုလုပ်တယ်ဆိုတာလည်း ပါတယ်။
အမှန်တော့ ရွေးကောက်ပွဲကာလ တစ်လျှောက်လုံးမှာ ကျွန်တော်တို့ကပဲ ခံခဲ့ရတာများတယ်။ ဒါကြောင့် လူထုက မဲပေးလိုက်တာပါ။

လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
ဘက်လိုက်တယ်ပဲဆိုချင်ဆိုတော့ ကျောင်းဒကာရေ။
ငွေပေါတိုင်းသာ တရားစွဲနေရင်တော့ တရားခွင်တွေက ပြီးနိုင်ပါဦးမလား။
အော် တရားမျှတမှုကို တယ်လိုချင်ကြတာပဲကိုး…။

၅၀၀ဝ တန်ဖုန်း ပျော်ပျော်ကြီးသုံးရအောင် NLD က အကျိုးတော်ဆောင် ( Messenger )

လွှတ်တော်ထဲမှာ ကိုယ်စားလှယ်များတာမများတာ အဓိက မဟုတ်ပါဘူး။
စဉ်းစားချင့်ချိန် ပြောဆိုဆွေးနွေးနိုင်စွမ်းကသာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို သက်သေပြဖို့ ခက်ခက်ခဲခဲ လိုက်ရှာနေစရာမလိုပါဘူး။
ဒေါက်တာမြတ်ဉာဏစိုး က သက်သေပါပဲ။ သူများတွေထက် ပြောဆိုဆွေးနွေးနိုင်စွမ်းရှိလို့လဲ သူများတွေထက် ပိုကျော်ကြားတယ်ပေါ့ဗျာ။
တိုတောင်းတဲ့ လွှတ်တော် သက်တမ်းအတွင်းမှာ ကိုယ်ပိုင် image တစ်ခုကို ပြည်သူလူထုကြားမှာ ခိုင်ခိုင်မာမာ ထူထောင်ထားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။
အခု အဲဒီ ပုဂ္ဂိုလ်က ခင်ဗျားတို့ ကျွန်တော်တို့ ပြည်သူတွေ ငါးထောင်တန်ဖုန်း အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး လွှတ်တော်မှာ မေးခွန်းအဖြစ် တင်သွင်းခဲ့ပါတယ်တဲ့။
ဂွဒ်။ ကောင်းတယ်ဗျာ။ မေးသာမေး။
ပေးရင်ပေး မပေးရင် အဲ… မပေးရင် မယူဘူးပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ နော့။

ကျွန်တော်တို့ဆီမှာ သိန်းလေးဆယ်လောက်ကနေ ချလာတာ အခု နှစ်သိန်းဖြစ်သွားပြီ။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အခုဈေးက တော်တော်ကြီးနေသေးတယ်။ ဒါကြောင့် ပြည်သူတွေဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်မယ့် ဒီ ငါးထောင်တန် Sim Card ကိစ္စကို ဒီလွှတ်တော်မှာ တင်တာပါ

လို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
အခုကတော့ ငါးထောင်နဲ့ ရဖို့ အသာထား။ ဖုန်းကဒ်ပျောက်သွားလို့ ပြန်လျှောက်ရင်တောင် ကျပ် နှစ်သောင်းတဲ့ ဦးလေးရေ။
မြတ်လိုက်ကြတဲ့ ပိုက်ဆံတွေ။ ဘယ်နားသွားသိမ်းထားမှန်း မတွေးတတ်တော့ပါဘူး ကွယ်။

NLD ဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်တယ်လို့ ဆိုသူ (Favourite)

ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ် ကျောင်းဒကာ။
၂၃ နှစ်ကြာ ပါတီတာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးကျော်ဆန်းဟာ NLD ပါတီမှ တရားဝင်နှုတ်ထွက်စာတင်ပြီး
အွန်လိုင်းမှတစ်ဆင့် ဧပြီ ၂ရက်က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်တဲ့။ အဲဒီလို နှုတ်ထွက်တာနဲ့ ပတ်သက်ပြီး Favourite ဂျာနယ်က
အင်တာဗျူးထားတာလေးတွေထဲက တချို့ကို ထုတ်နှုတ်ဖေါ်ပြပေး ချင်ပါတယ်။

NLD ပါတီက နှုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းနဲ့ ယုံကြည်မှု ကင်းမဲ့ခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်များကို ပြောပြပေးပါ။
အဓိက အကြောင်းရင်းကတော့ ဒီမိုကရေစီစည်းမျဉ်းနဲ့ ပြောင်းပြန်လှန်လုပ်လို့ အာဏာရှင်ဆန်ဆန်လိုလုပ်လို့ပါ။
ဗျူရိုကရေစီ စရိုက်လက္ခဏာတွေကျင့်သုံးလို့ပါ။ အဲဒါဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ပါ။
ရေပေါ်ဆီ ဒီမိုကရေစီတွေ၊ အစစ်အမှန်တွေမဟုတ်ဘူး။ သရုပ်ပျက်ဒီမိုကရေစီလုပ်ပြီး တကယ်တမ်းကျတော့
ဒီမိုကရေစီရဲ့ အသွင်လက္ခဏာတွေကို အဖွဲ့ချုပ်ကမလိုက်နာလို့ပါ။ အလွယ်ပြောရရင်တော့ အများလုပ်ရမယ့်ကိစ္စ၊
ငါ့ ဒီမိုကရေစီလုပ်လို့ ပေါ့။ ဗိုလ်ကျလို့ပါ။ NLD ကိုဆန့်ကျင်တာမဟုတ်ပါဘူး။ NLD ရဲ့ လုပ်ရပ်၊ ဗဟို အလုပ်အမှုဆောင်ရဲ့
လုပ်ရပ်ကိုင်ရပ်၊ တည့်တည့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ပုံရိပ်ရှိတယ်။ နိုင်ငံပုံရိပ် ဒါကိုမငြင်းဘူး။
ဒါပေမယ့် သူက တဇွတ်ထိုးလုပ်တာတွေ အများကြီးပါတယ်။ အဘက ဒေါ်အောင်ဆန်းစုကြည်ချစ်တဲ့နေရာမှာ ပြိုင်စရာမလိုဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် နိုဗယ်ဆု ထောက်ခံလို့၊ သူ့ကိုထုတ်ပစ်လို့၊ ကန့်ကွက်လို့ ထောင်ကျတာ အဘ တစ်ဦးတည်းရှိတယ်။
ဒီလိုပြောတာ ဒေါ်အောင်ဆန်းစုကြည်ဆီက ဆုကြေးလိုချင်လို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် တော့ မြင်ဖို့ကောင်းတာပေါ့။
အသိအမှတ်ပြုဖို့ကောင်းတာပေါ့။

ကဲ ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်း (ငြိမ်း) ရဲ့ အသံတစ်ခုပါ။ ကိုယ့်ဟာကိုယ်သာ ချင့်ချိန်သုံးသပ် ထင်မြင်ချက်ပေးပေတော့ ကျောင်းဒကာရေ။

၄၆ နှစ်ပြည့်သွားတဲ့ မခိုင်ကြီး ( Oasis )

ဘယ်လောက်ပဲဝေးဝေး မင်းအနားမှာ
ထိုင်ကာလေ အမြဲရှိချင်တယ်

မျိုးကျော့မြိုင်ရေးခဲ့တဲ့ မိုးကလေးဖွဲတုန်း ဆိုတဲ့ စုံတွဲသီချင်းလေးကို မှတ်မိဦးမှာပေါ့ ကျောင်းဒကာ။
မခိုင်ကြီး ခေါ် ထွန်းအိန္ဒြာဗို ရဲ့ LIVE SHOW မှာ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် မျိုးကျော့မြိုင် နဲ့ စုံတွဲဆိုခဲ့ပြီး
မျိုးကျော့လေး ပုခုံးကို မခိုင်ကြီးက ဗုန်းဗုန်းဗုန်း ဆိုပြီး လက်ဝါးကြမ်းကြမ်းကြီးနဲ့ ချစ်စနိုးလေး ပုတ်လိုက်တဲ့အခါ
ပရိသတ်က လက်ခုတ်တွေ တစ်ဖြောင်းဖြောင်းတီးပြီး အားပေးခဲ့ကြသေးတာပေါ့။ အော် ပီတိဖြစ်ကြရှာ ထင်ပါ့။
ဘာတွေကိုများသွားပြီး ပီတိဖြစ်နေကြတယ် မသိဘူး။
မခိုင်ကြီးက မျိုးကျော့လေး ပုခုံးကို ဗုန်းဗုန်းဗုန်းဆိုပြီး ပုတ်လိုက်တာများ အဆန်းလုပ်လို့။
မြန်မာပရိသတ်က အဲဒီလိုပဲဗျ။ ခံစားနိုင်စွမ်းတွေက လွှတ်မြင့်နေကြတာကိုး ကျောင်းဒကာရဲ့။
မျိုးကျော့မြိုင်ရေးပြီး မခိုင်ကြီး ဆိုခဲ့တဲ့ သီချင်းတွေထဲမှာတော့ မိုင်ပေါင်းကုဋေ ဆိုတဲ့သီချင်းက
အမြင်ကတ်လောက်အောင်ကို ပေါက်ခဲ့တာပါ။ ဘယ်လောက်အောင်မြင်ခဲ့သလဲဆို
သွားလေသူကြီး လွှမ်းမိုးကတောင် ကြိုက်လွန်းခိုက်လွန်းလို့ဆိုပြီး သူ့အသံပြာပြာကြီးနဲ့
ကိုယ်တို့ဝေးနေ မိုင်ပေါင်းကုဋေ လို့ ကြုံးကြုံးပြီး အော်ခဲ့သေးဗျာ။
ဟုတ်ပါပြီ။
အဲဒီ မခိုင်ကြီးတစ်ယောက် မေလ ၁ ရက်နေ့မှာ အသက် ၄၆ နှစ်ပြည့်သွားပါပြီတဲ့။
ဘယ်ငယ်တော့မလဲ ကျောင်းဒကာရယ်။
၄၆ နှစ်ပြည့်တာနဲ့ ပတ်သက်လို့ မခိုင်ကြီးက ပြောပါတယ်တဲ့။

ဒီနှစ်မွေးနေ့က ၄၆ ဆိုတော့ ၁ဝ ဂဏန်းကျတယ်။ ထူးထူးခြားခြား မလုပ်ဖြစ်ဘူးလားဆိုရင်
မခိုင်ကြီးက ဘာကိုမှ အစွဲအလန်းမထားဘူး။ အခုလက်ရှိလည်း မခိုင်ကြီး ဝိပ္ပသနာတရားအားထုတ်နေတယ်ဆိုတော့
မခိုင်ကြီး စိတ်ထဲမှာ ဘုရားကလွဲပြီး ဘာမှမရှိပါဘူး။

သာဓုပါ အမေခိုင်ရေ။
အော် အမေအရွယ်ရောက်နေလို့ အမေခိုင် လို့ ခေါ်လိုက်တာပါဗျာ။ စိတ်မဆိုးပါနဲ့။
ဦးကျော်ကြီးလို သာသနာ့ဘောင် တော့ ဝင်မသွားပါနဲ့ဦးနော်။
သီချင်းတွေလည်း ဆိုပါဦး။ ရုပ်ရှင်တွေလည်း ရိုက်ပါဦး။
၄၆ နှစ်ဆိုပေမယ့် အလတ်ကြီးရှိပါသေးတယ်နော့။
အားပေးပါတယ်နော့။

ချစ်သုဝေ နေတဲ့အရပ် (အလင်းတန်း)

ချစ်စဖွယ်အပြုံးပိုင်ရှင်လေး ချစ်သုဝေ ရဲ့ တိမ်တွေနေတဲ့အရပ် တစ်ကိုယ်တော် တေးစီးရီးရဲ့
ဗီစီဒီကို မေလဆန်းမှာ ဖြန့်ချိတော့မှာပါ။ ကျွန်တော်ကတော့ တိမ်တွေနေတဲ့အရပ် ဆိုတဲ့ ခေါင်းစဉ်လေးကို
သဘောကျနေမိပါတယ် ကျောင်းဒကာ။ အဲဒီတိမ်တွေနေတဲ့အရပ် သီချင်းကိုတော့ ချစ်သုဝေက
ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီး နေတိုးနဲ့တွဲ သရုပ်ဆောင်ထားပါတယ်တဲ့။ မန္တလေးသူ မန္တလေးသားတွေအတွက်
မေလ ၄ ရက်နေ့ ညနေ ၆ နာရီမှ ၈ နာရီအထိ မနော်ရမန် ကစားကွင်းမှာ အမှတ်တရတွေ့ဆုံလက်မှတ်ထိုးပေးသွားမှာပါတဲ့။
ကဲ ချစ်သုဝေ ကို ချစ်ကြသူများ မနော်ရမန်ကစားကွင်းမှာ စောင့်ကြပါ။
အစစ်အမှန် ဗီစီဒီ လေးတွေကိုသာ ဝယ်ယူအားပေးပြီး ချစ်သုဝေလေးကို ချစ်ကြောင်းသက်သေပြ လိုက်စမ်းပါ ကျောင်းဒကာ။
ကျွန်တော်က အစောကြီးကတည်းက ဝယ်ပြီးပါပြီဗျာ။
ကျွန်တော်ကလည်း ချစ်တာကိုး…။

သဇင် ရဲ့ ဟန်းနီးမွန်းခရီး (နံနက်ခင်း)

ကိုဘွဲ့မှူးကြီးရေးပြီး စည်သူလွင် ဆိုခဲ့တဲ့ ဟန်းနီးမွန်းခရီး သီချင်းကိုတောင် သွားသတိရမိပါတယ်။
အဆိုတော် ရုပ်ရှင်မင်းသမီး သဇင်နဲ့ သူ၏ ခင်ပွန်းကိုသက်နိုင်အောင်ဇေယျ တို့ ဧပြီလ ၁၉ ရက်နေ့မှာ
ဒူဘိုင်းကို ဟန်းနီးမွန်း ကြပါတယ်တဲ့ဗျာ။ မနာလိုဖြစ်မနေပါနဲ့ ကျောင်းဒကာရယ်။
သူ့ယောက်ျားနဲ့ သူ့မိန်းမ သူတို့ဟာသူတို့ ဟန်းနီးမွန်းတာ ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့။
အဲ နည်းနည်း စိတ်ဝင်စားအောင် လှည့်ပတ်ရေးရရင်တော့ ဒီဟန်းနီးမွန်းခရီးက ဒူဘိုင်းဘုရင့်တပ်မတော်မှ လေယဉ်မောင်သူငယ်ချင်းနဲ့
ဇနီးလေယဉ်မယ်တို့က ခေါ်ယူလည်ပတ်စေခဲ့တာပါတဲ့။ တစ်ရက်ကို ဒေါ်လာ ၃၀၀ဝ ပေးရတဲ့ဟိုတယ်မှာလည်း
အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြပါတယ်တဲ့။ ဓါတ်ပုံရိုက်တယ်လို့ပဲ ပါတယ်နော်။ တည်းတယ်လို့ မရေးထားဘူး။
နောက်ထပ် စိတ်ဝင်စားအောင် လှည့်ပတ်ရေးရရင် သဇင်တစ်ယောက် ကုလားအုတ်ကြီး ပျော်ပျော်စီးခဲ့ပါတယ် တဲ့ ဗျာ။
သဇင်လေးက ကုလားအုတ်စီးရတာကိုလည်း သဘောကျပါတယ်တဲ့။
အော် ဘေးမှာ သူ့ယောက်ျားပါနေမှတော့ ဘာစီးစီး သဘောကျနေမှာပါ ကျောင်းဒကာရာ။ ချစ်စခင်စ ကြင်နာစ ဆိုတော့…။
ကုလားအုတ်ကြီး ပျော်ပျော်စီး ပါ မသဇင်။

သိပ်လေးစားတဲ့သူတွေကို ရေလောင်းလိုက်ရလို့ ပျော်နေတဲ့ ကြည်ဖြူရှင် (ပေါ်ပြူလာ)

ပြုံးမောင်မောင် ကတော် ဘယ်နှစ်ထပ်ကွမ်းအကယ်ဒမီလည်းမသိတဲ့ ခင်သီတာထွန်းရဲ့ တူမတော်
ဒါရိုက်တာ ကြည်ဖြူရှင် ဆိုတဲ့ ကလေးမလေး ကို ခင်ဗျားသိမှာပါ ကျောင်းဒကာ။
အသက်ကတော့ ဘယ်လောက်ဆိုတာ အတိအကျ မသိဘူးဗျာ။
အပျိုကြီးစာရင်းတော့ဝင်နေပါပြီ။ အပျိုကြီးဖြစ်တာလည်း မပြောနဲ့ဗျို့။
သင်္ကြန်မှာ ဘဲနဲ့ ကဲဖို့ စိတ်မကူးပဲ ပထမရက်တွေကို တရားစခန်းဝင်သတဲ့။ အတက်နေ့မှာ တရားစခန်းက ထွက်လာပြန်တော့
ဘဲကိုရေလောင်းဖို့ တို့ ဘဲကရေလောင်းရင် ရေလောင်းခံဖို့တို့ မကြံစည်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရေလောင်းဖို့ကြိုးစားပါတယ်တဲ့ဗျာ။
အေးလေ ဘဲ ကို မရှိတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ (နောက်ထှာ…)

အန်တီစုခြံထဲသွားပြီး အန်တီစုကို အစ်မရေလောင်းလိုက်ရတယ်။ အစ်မ တအားပျော်တယ်။
နောက်ကိုမင်းကိုနိုင်ကိုလည်း ရေလောင်းတယ်။ အစ်မရေလောင်းချင်တာကလည်း အန်တီစုရဲ့ ခြံထဲမှာပဲ ရေလောင်းချင်ခဲ့တာလေ။
ဒီနှစ်ရေလောင်းရတာလည်း အန်တီစုရဲ့ ခြံထဲမှာပဲ ဖြစ်နေတယ်။ အစ်မရင်ထဲက ဆန္ဒတစ်ခု ဒီနှစ်သင်္ကြန်မှာ ပြည့်သွားခဲ့တယ်။

ဟုတ်ပါပြီ ကြည်ဖြူရှင်ရယ်။ နောက်နှစ်သင်္ကြန်ကျရင် ကိုယ့်အတွက်လည်း ကိုယ်လုပ်ပါဦးဗျာ။

ချစ်သူက အနုပညာရှင်မဟုတ်၊ ပြင်ပကပါဆိုတဲ့ သတင်းများနဲ့ ဝတ်မှုန်ရွှေရည် (နံနက်ခင်း)

အဲဒါကြောင့် မင်းသမီးတွေနဲ့ မတွဲချင်တာ။
ဒီလိုဗျ။
ဒီသတင်းလေး ပြန်ပြောမပြခင် ဝတ်မှုန်ရွှေရည် ရဲ့ပြင်ပကချစ်သူဆိုတာ ကျွန်တော်မဟုတ်ကြောင်းလေး ကြိုရှင်းထားချင်တာပါ ကျောင်းဒကာ။
မတော် ကျွန်တော့်ကိုထင်နေရင် မကောင်းဘူးလေနော့။ အာဟီး။
ကျွန်တော်တို့ ရွာသား ဘကြီးတစ်ယောက် သိတ်ခိုက်ပါတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်လေးကို
ကျွန်ုပ်တို့၏ နံနက်ခင်းသတင်းထောက်က မေးခွန်းလေးမေးပါတယ်။
သတင်းတစ်ခုဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ချစ်သူဟာ ပြင်ပလောကက ဆိုတာ ဟုတ်လား
ကြည့် အင်တာဗျူးဆရာနှယ်။ အဲဒီလို ဒဲ့ကြီးသွားမေးလိုက်တော့ ကလေးမလေးမှာ ရှက်ရှာမှာပေါ့။ လူဇိုး။
ဝတ်မှုန်ရွှေရည်လေးက ရှက်ရှက်နဲ့ ဖြေရှာတယ်။

ဟင်င်င် … သတင်းကလည်း မြန်လိုက်တာ။ ကစ်က စဉ်းစားတုန်းပဲ ရှိပါသေးတယ်

လို့ ပြောပြီး ရယ်ပါတယ်တဲ့။
ဟုတ်သားပဲ။ ကျွန်တော်က ခုမှ ကမ်းလှမ်းထားတုန်းရှိသေးတာ။
သတင်းက ပေါက်ကြားတာသိတ်မြန်တာပဲ။ အဲဒါကြောင့်မင်းသမီးတွေနဲ့ မတွဲချင်တာ။

ကိုယ်တိုင်ဇာတ်ထောင်လိုက်တဲ့ စွမ်းဇာနည် (နံနက်ခင်း)

ဟိုတလောက ဇာတ်ကန်ထရိုက်နဲ့ ပြသနာတွေဖြစ်လို့ ဇာတ်သဘင်အစည်းအရုံးမှာ သွားရောက်ဖြေရှင်းခဲ့ရတဲ့
ဇာတ်မင်းသားလေး စွမ်းဇာနည် သတင်းကို မှတ်မိဦးမှာပေါ့ ကျောင်းဒကာ။ အခု စွမ်းဇာနည်က သူ့နဲ့
စာချုပ်ချုပ်ထားတဲ့ ဒေါ်ကေသီညွန့် နဲ့ လမ်းခွဲပြီး ကိုယ်ပိုင် ဇာတ်ထောင်လိုက်ပါတယ်တဲ့။
အဲဒီ စွမ်းဇာနည်ကို နံနက်ခင်းက ဗျူးဆရာက အင်တာဗျူးထားတဲ့အထဲက ပြုံးစရာလေးတစ်ကွက်လောက် ဆွဲထုတ်ပြချင်ပါတယ်။

အားပေးနေတဲ့ပရိသတ်ကို ဘာပြောချင်လဲ။
ကျွန်တော့်မကောင်းသတင်းလေးတွေ နည်းနည်းမွှေးနေတယ်လို့ ကြားရပါတယ်။
အဲဒါအမှားလား။ အမှန်လားဆိုတာ ကျွန်တော့်ပရိသတ်အစစ်တွေက သိကြပါတယ်။
ပဲခူးပွဲမှာ ၁ဝ ညလုံးကြည့်တဲ့ ပရိသတ်တောင်ရှိပါတယ်။ ဆိုလိုတာက ကျွန်တော်အမှားတွေလုပ်နေရင်
အဲဒီလောက်ဘယ်အားပေးပါ့မလဲဗျာ။ မဟုတ်ဘူးလား။ ကျွန်တော့်ကိုအထင်သေးတာထက်
ဇာတ်မင်းသားနဲ့ သဘင်လောကကို အထင်သေးမှာကို မလိုလားပါဘူး။ ကျွန်တော်မဟုတ်တာတွေ ဘာမှ မလုပ်ပါဘူးလို့။

ပြုံးမိတယ်။ ပြုံးမိပါတယ်။ အော် … ပြုံးစရာမို့ ပြုံးပါသည်ပေါ့ခင်ဗျာ။
၁ဝ ညလုံး ကြည့်တဲ့ ပရိသတ်တောင် ရှိဆိုတော့ အော် ဘယ်လို ပရိသတ်မျိုးပါလိမ့်နော်။

မိုးပြည့်ပြည့်မောင် ဗိုက်ကြီးခြင်း (နံနက်ခင်း)

မြန်မာစကားက တော်တော် ရှုပ်ပါတယ် ကျောင်းဒကာရယ်။
ဗိုက်ကြီးတာနဲ့ ကိုယ်ဝန်ရှိတာ ဘာများကွာခြားလို့လဲ။
နံနက်ခင်းက သတင်းက ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့ မိုးပြည့်ပြည့်မောင်တဲ့။
သတင်းထဲမတော့ ကိုယ်ဝန်က သုံးလ ရှိနေပါပြီတဲ့။
ဟုတ်ကဲ့ ကျွန်တော်က ခေါင်းစဉ်တတ်လိုက်တာ မိုးပြည့်ပြည့်မောင် ဗိုက်ကြီးခြင်းတဲ့။ ရိုင်းများသွားသလား ဟင်င်င်။
ကဲ အနှစ်ချုပ်ကတော့ စိုင်းမိုးစံနဲ့ အိမ်ထောင်ကျထားတဲ့ မိုးပြည့်ပြည့်မောင်တစ်ယောက် ကိုယ်ဝန်သုံးလ ရှိနေပါပြီတဲ့။
အဲဒါလေး သတင်းပေးချင်တာ။
ရှုပ်နေတာပဲ။
ကိုယ်ဝန်ရှိတာတွေရော။ ရင်သွေးလွယ်ထားရတာတွေရော။
ဗိုက်ကြီး ကြီးတယ်ပေါ့ နော့…။

NLD ပါတီမှ ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်သေးသည့်အပေါ် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ကိုကောင်းမြင့်ထွဋ် ၏ အမြင် (Messenger)

ထူးထူးခြားခြား ပါတီဥက္ကဌ တစ်ဦးရဲ့ ဒိုင်ယာလော့ခ် လေး ဖတ်ကြည့်ကြပါဗျာ။

အမှန်တကယ်တော့ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မှာနဲ့ လေးစားလိုက်နာတယ်ဆိုတာ ကုလားကြီးနဲ့ အရာကြီးပါပဲ။

ပျင်းစရာကောင်းလိုက်တဲ့ ဒိုင်ယာလော့ခ်။
ကာကွယ်စောင့်ရှောက်တာနဲ့ လေးစားလိုက်နာတာ အတူတူပဲတဲ့။
ဗဒင်ကြီးအော်သလိုသာ အော်လိုက်ချင်တော့တယ် ကျောင်းဒကာ…။
သူက…။

မင်းကွန်းဆရာတော်ကြီး၏ တောင်းဆိုချက် ၃ ခု (Hot News)

ဒါလေးက ပျံလွန်သွားရှာပြီဖြစ်တဲ့ မင်းကွန်းဆရာတော်ကြီးနဲ့ ဦးခင်ညွန့်တို့ရဲ့ စိတ်ဝင်စားစရာ ကိစ္စလေးတစ်ခုပါ။
ဒေါက်တာထူးထူး ဆိုတဲ့ ဆရာ ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ထဲက ကောက်နှုတ်တင်ပြလိုက်တာပါ။
ဆောင်းပါးပါခဲ့တဲ့ Hot News ဂျာနယ်က 24-2-2012 နေ့စွဲနဲ့ ထုတ်ဝေခဲ့တာပါ။
၂ လကျော်လောက်တောင် ရှိရောပေါ့။ မင်းကွန်းဆရာတော်ကြီး ပျံလွန်တော်မမူမီ ကျန်းမာရေးစောင့်ရှောက်ခွင့်ရခဲ့သော သမားတော်ကြီး (ပါမောက္ခချုပ်) ဒေါက်တာဦးထွန်းသင်မှ ဆောင်းပါးရှင်အားပြောပြခဲ့သော ကိစ္စတစ်ခုအကြောင်းဖြစ်ပါသည်။
ဆရာကြီး၏ ပြောပြချက်အရ ဆရာတော်ကြီး မပျံလွန်မီ ရက်ပိုင်းအလိုတွင် မင်းကွန်းသို့ တစ်ခါက
ဗိုလ်ချုပ်ခင်ညွန့် လာရောက်ခဲ့သည့်ကိစ္စကို ပြောပြပါသည်။ ဦးခင်ညွန့်က ဆရာတော်ကြီး၏ အခြေအနေကို
တာဝန်ယူကုသပေးနေသည့် သမားတော်ကြီး ဒေါက်တာဦးထွန်းသင် ကို မေးမြန်းရာ ဆရာတော်ကြီး၏ အခြေအနေမှာ
ရက်ပိုင်းအတွင်း ပျံလွန်တော်မူတော့မည် ဖြစ်ကြောင်း၊ မီးစာကုန် ဆီခန်း အခြေအနေဖြစ်ကြောင်း ဆရာကြီးက ရှင်းပြခဲ့ပါသည်။
ထိုအခါ ဗိုလ်ချုပ်ခင်ညွန့်က ဆရာတော်ကြီးအား ရှစ်ခိုး၍ ဖြစ်ချင်သည့် ဆန္ဒကိုပြောပါ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်ဟု
ပြောကြောင်း၊ ဆရာတော်ကြီးက အချက် ၃ ချက် တောင်းဆိုခဲ့ကြောင်း အဘ ဦးထွန်းသင် က ပြောပြခဲ့ပါသည်။
၎င်းတို့မှာ (၁) ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးပါ။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည်
တိုင်းပြည်လွတ်လပ်ရေးအတွက် ကျေးဇူးရှင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဘာသာတရားကို အလွန်ကိုင်းရှိုင်းကြောင်း၊
ဉာဏ်ပညာကြီးမားပြီး အရည်အချင်းပြည့်ဝကြောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် အများကြီးအလုပ်အကျွေးပြုနိုင်ကြောင်း မိန့်ဆိုခဲ့ပါသည်။
(၂) သီတဂူဆရာတော် ဦးဉာဏိသရကို ပြည်ဝင်ခွင့်ပြန်ပေးပါ။ (ထိုစဉ်က ဆရာတော် မှာ နိုင်ငံခြားတွင်သာ သတင်းသုံးနေရပါသည်။
“မင်းတို့ကြိုက်ကြိုက် မကြိုက်ကြိုက် သီတဂူဆရာတော် ဟောသမျှ တရားတွေဟာ ကျမ်းဂန်နဲ့ မဆန့်ကျင်”၊
ဦးဉာဏိသရကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးရင် အမျိုးဘာသာ သာသနာအတွက် အလွန်အကျိုးကျေးဇူးရှိလိမ့်မယ် ဟု
မိန့်ကြားခဲ့ပါသည်။
(၃) အချက်မှာ တိပိဋက ဆရာတော် ဦးသုမင်္ဂလကို မြစ်ကြီးနားထောင်မှ လွှတ်ပေးဖို့ ဖြစ်ပါသည်။
“တိပိဋက ရတာချင်းအတူတူ ငါ့ကိုတော့ ချီးမြှောက်ပူဇော်ပြီး ဟိုဆရာတော်ကိုတော့ ထောင်ချထားတာ ငါလုံးဝစိတ်မချမ်းသာဘူးဟု တောင်းဆိုခဲ့ပါသည်။
ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်ကိစ္စ သူမဆုံးဖြတ်နိုင်ကြောင်း၊ ကျန်တဲ့ ၂ ချက်ကို တာဝန်ယူပါကြောင်း ပြန်လည်အာမခံခဲ့သည်။
ထို့ကြောင့် ဆရာတော် ဦးဉာဏိသရမှာ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရခဲ့ပြီး ဆရာတော်ဦးသုမင်္ဂလမှာလည်း မြစ်ကြီးနားအကျဉ်းထောင်မှ
ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဆရာကြီး ဦးထွန်းသင်မှ ပြန်လည်ပြောပြခဲ့ပါသည်။
ကဲ အခု ဆောင်းပါးပါ မင်းကွန်းဆရာတော်ကြီးက ပျံလွန်တော်မူသွားခဲ့ပါပြီ။
ဆရာကြီးဦးထွန်းသင်ကလည်း ကွယ်လွန်ခဲ့ပြီးပါပြီ။ တစ်ယောက်ပဲ ကျန်ပါတော့တယ်။
ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးခင်ညွန့် ပါပဲခင်ဗျာ။ ဒီဆောင်းပါးရှင်ကလည်း ဆရာကြီးဦးထွန်းသင်ရဲ့တပည့်တစ်ယောက်ပါ။
သူက ဆရာကြီးဦးထွန်းသင် ပြောသွားခဲ့တဲ့ အဖြစ်အပျက်တွေ ကို အတည်ပြုချင်ပုံရပါတယ်။
ကဲ… ဦးခင်ညွန့် ရေ။
ကျန်းမာရေးကောင်းတုန်းလေး ဒီကိစ္စ သမိုင်းမှန်မမှန် ရှင်းပါဦးဗျာ။
မတော် တစ်ယောက်တည်းကျန်တဲ့ ဦးခင်ညွန့် တစ်ခုခု ဆို သမိုင်းဂွင်းဆက်ပြတ်သွားရင် မခက်လား ကျောင်းဒကာရယ်။

အလှူလမ်းညွှန်စာအုပ်ဖြန့်ဝေမည် (Education Digest)

အလှူရှင်များနှင့် အမှန်တကယ်လိုအပ်သော လှူချင်စဖွယ်နေရာများကို ချိတ်ဆက်ပေးမည့် “အလှူလမ်းညွှန်” စာအုပ်ကို
အခမဲ့ဖြန့်ဝေမည်ဟု သိရပါသည်။
အလှူလမ်းညွှန်စာအုပ်တွင် အလှူရှင်လိုအပ်နေသော လူမှုရေးအသင်းအဖွဲ့၊ လူငယ်စောင့်ရှောက်ရေးဌာန၊ ပရဟိတဂေဟာ၊
သက်ကြီးဂေဟာ၊ ကုသိုလ်ဖြစ်ဆေးခန်း စသည်တို့နှင့် ၎င်းတို့လိုအပ်ချက်များ၊ လူဦးရေ ခန့်မှန်းကုန်ကျငွေနှင့် လိပ်စာတို့ပါဝင်သည်။
လှူဒါန်းလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၎င်းဌာနများသို့ သွားရောက်မလှူဒါန်းနိုင်ပါကလည်း အလှူဝန်ဆောင်မှုအခမဲ့
ကုသိုလ်ယူပေးမည်ဟု သိရပါသည်။ ယခု လတ်တလောတွင် ရန်ကုန်မြို့တွင်း၌သာ ကုသိုလ်ပြုပေးနိုင်သေးသည်ဟု သိရသည်။
စာအုပ်ထုတ်ဝေသည့် Help Our People & Environment (HOPE) အဖွဲ့၏ အလုပ်အမှုဆောင် ကိုအောင်စည်လင်းက
“အခုလောလောဆယ် အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တစ်ဦးက အဝတ်အထည် ၅၀ဝ လှူဒါန်းချင်တဲ့အတွက် ကူညီပေးဖို့ စီစဉ်နေပါတယ်။
အမှန်တကယ် လိုအပ်တဲ့ နေရာကို သွားလှူပေးမှာပါ” ဟု ပြောသည်။
ကဲ…ရွာထဲက လှူနိုင်တန်းနိုင်ကြသူတွေ၊ လှူချင်ကြသူတွေအတွက် HOPE အဖွဲ့ရဲ့ လိပ်စာ ကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
အမှတ် (၂၇)၊ ၄-လွှာ (ဘီ)၊ ၁၄၈-လမ်း၊ ပျားရည်ကုန်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း – ဝ၉၅၀၁၈၃၂၉

ဒီတစ်ခါ ဓါတ်ပုံတွေကတော့ ပုဂံသွားတုန်းက ဧရာဝတီမြစ်ထဲက လှေကလေးတွေကို လက်ဆော့ထားတဲ့ပုံလေးတွေပါ။

လှေ ၁။

လှေ ၄။
လှေ ၅။

လှေဆိပ် ။

53 comments

  • ဗိုက်ကလေး

    May 9, 2012 at 12:23 pm

    ဟမငေး ကျောင်းဒဂါရဲ့
    အူးလေးကြယ်နှစ်ပွင့်ဖြစ်နေတာကြာပြီ
    လာကြည့်လှည့်ပါဦးလားဗျ….
    (အူးလေးယောက္ခမ အမြန်နေကောင်းပါစေလို ့ ဆုတောင်းပါတယ်ဗျား…ဒါမှ ချိုပေါ့ကျ မကြာမကြာ သောက်ရမှာ)

    • nozomi

      May 9, 2012 at 12:35 pm

      ကိုဗိုက်ကလေးရေ
      ကျွန်တော်ကြားရတဲ့သတင်းကတော့
      ယောက္ခမကြီး နေမကောင်းလို့ အလုပ်များနေတာထက်
      ကိုဗိုက်ကလေးက ကိုဖြူလှကြီးကတော်ကို အမှန်အတိုင်းတွေသွားပြောလို့ အကြပ်ခံနေရတာနဲ့
      ရွာထဲ မဝင်ဖြစ်တာပါတဲ့
      အခု မိန်းမ ယုံကြည်အောင် လိမ်လိမ်မာမာနေပြနေရလို့ ချိုပေါ့ကြကို ခဏသည်းခံစောင့်ကြပါတဲ့

      ဒီ လူကြီး ဗျာ…………………

      • ဗိုက်ကလေး

        May 9, 2012 at 5:50 pm

        အငယ်လေးနဲ ့ တွဲသွားတာတွေ ့လို ့ တွေ ့တယ်ပြောတာပါဗျာ..
        ဒါတောင် ခေး ဆိုတဲ့ တစ်ယောက်အကြောင်း မပါသေးပါဘူး

        လိမ်လိမ်မာမာနေပါ အူးလေးချောရာ

        နောက်ခါ မကြပ်တော့ပါဘူးဗျာ..ဂဒိပေးပါတယ်

  • Swal Taw Ywet

    May 9, 2012 at 1:02 pm

    Bravo Brother, Black Chaw,
    Especially for ” IF “.
    Bravo Brother, Ko Gi,
    We used same flight as yours,TG 305 , from Bangkok to Yangon.
    You were totally RIGHT.
    They show their habits of Myanmar.
    As soon as the plane landed to Yangon Airport, Some people started to drop down their hand carry while the plane is still moving ( Taxi condition ).
    The TG’s cabin crews rushed to request them to sit down and to be belted.
    Yes, I also agreed your reminding-
    ဇဂါးအတင်းစပ် …လူတယောက်ရှိသဗျ …CJ တွေဘာတွေ အော်ပြီး ဗမာ နှစ်ကူးကျော်ရင်
    ဘာကတ် ထုတ်ပေးမယ် ညာကတ် ထုတ်ပေးမယ်ဆိုလား ….
    By the way, is BURMETON enough for him?

    Let’s try our best for our mother land,
    With respect,
    Swal Taw Ywet.
    ( Yangon, Myanmar. )

  • ရွှေအိမ်စည်

    May 9, 2012 at 5:56 pm

    ချို ပေါ့ကျ အခုမှစဖတ်ရပါကြောင်း
    ဦးဘလက်…စာပေလက်ဘက်ရည်သောက်သွားပါကြောင်း။
    အလွန်ကောင်းပါကြောင်း

    တခုများကျန်ခဲ ့မလား…ပဲခူးတိုင်းဒုတရားသူကြီး(မီးပူနဲ ့ကပ်ခံရတာလေး)
    အရှေ ့က….ချိုပေါ့ကျခွက်တွေထဲ များပါနေမလားတော့…..သိချင်သား
    ကျွန်တော်ကတော့ခဏခဏလာချင်သားဗျာ
    ကိုးနတ်ရှင်မကောင်းရင်တော့…ရွာပြင်ကလှည့်ပြန်ရတာချည်းပါဘဲ

  • Khin Latt

    May 11, 2012 at 4:58 am

    ကိုဘချောရေ
    ဒက်ဒီဖေဖေယောက္ခမကြီး အမြန်ဆုံး ကျန်းမာ ရွှင်လန်း စေဖို့ ဆုတောင်းပေးပါတယ်။
    ကိုဘချော လဲ ရွာကို အမြန်ဆုံးပြန်လာနိုင်ပါစေ။

Leave a Reply