ဘာသာရေးနှင့် ဓလေ့ထုံးတမ်း ယဉ်ကျေးမှု

Tourism မှာ အလုပ်လုပ်တုန်းက အမြဲတမ်းတွေးဖြစ်နေခဲ့တာတွေ။ Religion, Tradition, Culture ကြားမှာ ခဏခဏ တွေးရခက်တာတွေ အများကြီးပဲ။

ဥပမာဆို ကိုယ့်အတွေးအရ ရှင်လောင်းလှည့်တာဟာ မလိုအပ်ဘဲ ပိုက်ဆံအများကြီးကုန်တယ်၊ အဲဒီကုန်တဲ့ပိုက်ဆံဟာ အလှူကျွေးမွေးစရိတ်ထက် အဆများစွာ ပိုကုန်တယ်၊ အဲဒီငွေတွေကို တကယ်လိုတဲ့နေရာမှာ လှူတာဖြစ်ဖြစ်၊ ကျွေးမွေးစရိတ်ထဲ ထည့်လိုက်တာဖြစ်ဖြစ်ဆို ပိုမကောင်းဘူးလား။ ဒီလိုပဲ ဆိုင်းတွေထည့်တာလည်း အပိုငွေကုန်တယ်၊ အလှူက ပကာသနတွေများနေတယ်လို့ တွေးဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ နိုင်ငံခြားသားဧည့်သည်တွေအတွက် ပုဂံမှာ ရှင်ပြုပွဲ စီစဉ်ပေးရတယ်။ ရှင်လောင်းလှည့်တာတွေ၊ ဆံချတာတွေ၊ အလှူကျွေးတာတွေ အကုန် ကုန်ကျစရိတ်ကို သူတို့ဆီက ကောက်တာ။ မှတ်မှတ်ရရ မင်းနန်သူရွာမှာ ထင်တယ်၊ ဘုရားလေးတွေကြားထဲကနေ တန်းစီပြီး ရှင်လောင်းလှည့်ထွက်လာတာ၊ တအားလှတာပဲ။ နိုင်ငံခြားသားတွေက အဲဒါကို တကူးတကကြည့်ပြီး ဓာတ်ပုံရိုက်ကြတာ။ ဒီလိုပဲ လမ်းသွားရင်း ရှင်လောင်းလှည့်ပွဲတွေတွေ့ရင်လည်း ဂိုက်တွေက တကူးတကပြပေးပြီး ရှင်းပြကြတယ်။ ဒါက Tradition ပိုင်းပေါ့။

နောက် အခု ရှင်လောင်းလှည့်ပွဲတွေမှာ မြန်မာအင်္ကျီဆင်တူ၊ ပုသိမ်ထီးဆင်တူနဲ့ ရှင်လောင်းလှည့်ကြတာ ခေတ်စားနေတယ်။ အဲဒီတော့ ရိုးရာချိတ်ထည်တွေ ရောင်းရတယ်၊ ပုသိမ်ထီးလုပ်ငန်း ပြန်ပြီးတွင်ကျယ်လာတယ်။ ဒါကလည်း ကောင်းတဲ့တစ်ချက်ပေါ့။

နောက် ဆိုင်းထည့်တာ။ အခုမှသာ ဖုန်းတွေပေါလာပေမယ် တောရွာတွေမှာက အခုထက်ထိ တီဗီတို့ ဖုန်းတို့ ပေါပေါသီသီ ရှိကြသေးတာမဟုတ်ဘူး။ ဆိုင်းဆိုတာ သူတို့အတွက် ဖျော်ဖြေရေးတစ်ခုပဲ။ ပြီးတော့ တောရွာတွေက အလှူပွဲတွေမှာ ဆိုင်းတွေငှားကြလို့သာ ဆိုင်းပညာ မတိမ်ကောသေးတာလို့ သတ်မှတ်လို့ရတယ်။ မဟုတ်ရင် ဆိုင်းပညာရှင်တွေ အလုပ်မရှိကြလို့ ဆိုင်းလည်း ပျောက်ကွယ်သွားလောက်ပြီ။

နတ်ကန္နားပွဲတွေလည်း ဒီအတိုင်းပဲ။ ကိုယ်တွေကသာ ဗုဒ္ဓဘာသာစစ်စစ်မို့ ဒါတွေကို မကိုးကွယ်ပေမယ့် တောင်ပြုန်းပွဲမှ လာကြည့်ချင်တယ်ဆိုတဲ့ နိုင်ငံခြားသားတွေအတွက် ခရီးစဉ်တွေကို ရက်နဲ့သေချာတိုက်ပြီး စီစဉ်ပေးခဲ့ရတယ်။

ပြောရရင်တော့ အများကြီးပေါ့လေ။ Religion, Tradition, Culture ဆိုတာ အဖက်ဖက်ကလှည့်တွေးရင် ဆုံးဖြတ်ရခက်တဲ့အရာလို့ ထင်တာပါပဲ။

#လုံမလေးမွန်မွန်

One comment

  • kai

    April 16, 2024 at 3:28 am

    မျောက်ပြပြီး.. ဆန်တောင်းချင်တယ်ပေါ့..။
    ကောင်းတာပဲ..။ အဲလိုနဲ့ဆို.. ဘယ်တော့မှ.. ဆန်ပေးတဲ့သူတော့.. ဖြစ်လာမှာမဟုတ်ဖူး.. 🙂

Leave a Reply