ဒီလပိုင်းအတွင်း ရုံးတက်တိုင်း မြင်နေရတဲ့ မြင်ကွင်းကတွေ့နေကြဖြစ်နေပေမယ့် ။ ကျွန်မအတွက်တော့ မြင်လေတိုင်း အမည်မသိတဲ့ စိတ်ခံစားမှုတစ်ခုခု ဖြစ်နေသလိုပါပဲ ။ ကားဖြတ်သွားတိုင်းတွေ့နေရတဲ့ သူတို့မျက်နှာတွေမှာ မျှော်လင့်ချက်ကိုယ်စီနဲ့ပေါ့ ။စိုးရိမ်မှုတွေရောယှက်နေတဲ့ မျက်လုံးတွေထဲ သောကတွေလည်း တစွန်းတစနဲ့ ။ နေပူမရှောင် ၊ မိုးရွာမရှောင် ပိတ်ထားတဲ့ စက်ရုံတံခါးဝအနီး ဟိုတစ်စု ဒီတစ်စု ရပ်သူကလည်းရပ် ၊ ဖိနပ်လေးတွေင် ဖင်ခုထိုင်လျက်စောင့်သူကလည်းစောင့်နဲ့  မမောနိုင် မပမ်းနိုင်အောင်ပါပဲ ။ အားလုံးရဲ့ အကြည့်ကတော့ စက်ရုံဘက်ဆီက ပိတ်ထားတဲ့ သံတခါးဆီကိုပါ ။ တစ်ခုခုကို စောင့်စားနေတဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဆိုတာ ကျွန်မရိပ်မိခဲ့ပါတယ် ။

ယခုနှစ်များအတွင်း စက်ရုံ အလုပ်ရုံများတွင် ဆန္ဒပြခြင်းသည် အတော်ပင်ခေတ်စားနေခဲ့ပါတယ်။ စက်ရုံအများပြားတွင် ဖြစ်လေ့ဖြစ်ထရှိသော အဖြစ်ပျက်တစ်ခုလို့တောင် သတ်မှတ်လို့ ရတယ် ။ အရင်ကတော့ ဆန္ဒပြတယ်လို့ဆိုလျှင် နိုင်ငံခြား ရုပ်ရှင်တွေထဲကလို ဆူပူအော်ဟစ်သောင်းကျန်းမယ် ၊ ကြွေးကျော်တောင်းဆိုတာတွေ မြင်ခဲ့ဖူးလို့ ကျွန်မတို့ စက်ရုံ ဆန္ဒပြတုန်းက ခြေမကိုင်မိလက်မကိုင်မိဖြစ်ခဲ့ပါသေးတယ် ။ နောက်တော့ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့မြင်တော့မှ ဆန္ဒပြတယ်ဆိုတာ အလုပ်မလုပ်ပဲ စက်ရုံအပြင် ၊ စက်ရုံဝန်းအတွင်းထွက်ရပ်/ထိုင်ခြင်းပါလားလို့ သိရတော့တယ် ။ ဆန္ဒပြမှုအများစုရဲ့ အခြေခံလိုအပ်ချက်ကတော့ လုပ်ခ ၊ လစာကြောင့်ဖြစ်တာများတယ် ။ ဒါ့ပြင် အချိန်ပိုဆင်းရတာများတာမျိုး ပိတ်ရက်နည်းတာမျိုးတွေနဲ့ အခြားသော တောင်းဆိုချက်အနည်းငယ်ကြောင့်လည်းဖြစ်တတ်တယ် ။

ဆန္ဒပြပွဲတစ်ခုဖြစ်ဖို့အတွက် လွယ်တော့မလွယ်ပါဘူး ။ အလုပ်သမားအချင်းချင်း ကြိုတင်ညှိနှိုင်းရပါတယ် ။ ဦးဆောင်မယ့်လူရှိရပါတယ် ။ တောင်းဆိုမယ့်အချက်တွေနဲ့ ဆန္ဒပြမယ့်အချိန်ကို ကြိုတိုက်ထားကြပါတယ် ။တစ်ခါတစ်လေ ဆန္ဒပြမယ်သတင်းကြားပေမယ့် လူမညီလို့ ၊ ဦးဆောင်မယ့်လူမရှိလို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးတွေနဲ့ ဆန္ဒပြပွဲမဖြစ်မြောက်လိုက်တာမျိုးတွေလည်း ကြားခဲ့ဖူးပါတယ် ။ ဒါက အရင်ကအခြေနေပါ ။ အခုနောက်ပိုင်းတော့ ဆန္ဒပြမယ်ဆိုလျှင် ကြိုပြီးအကြောင်းကြားရတာမျိုး ၊ ပါဝင်မယ့်လူဦးရေအသိပေးရတာမျိုး၊ အချိန်ကိုကြိုပြီး အသိပေးရတာမျိုးလုပ်ရသတဲ့ ။ ကဲပါလေ ဆန္ဒပြပြီဆိုကတည်းကတော့ လိုအပ်ချက်တစ်ခုသော်လည်းကောင်း ၊ လိုအပ်ချက်များကိုသော်လည်းကောင်း တောင်းဆိုတာပေါ့လေ ။တစ်ခုခုအဆင်မပြေလို့ ဆန္ဒပြတဲ့အခါ စက်ရုံပိုင်းက တာဝန်ရှိသူတွေ အတော်ခေါင်းကြီးရပါတယ် ။ နိုင်ငံခြားသားပိုင်စက်ရုံတွေဆိုပေမယ့် စာရွက်စာတမ်းအရကိုက နိုင်ငံသားပိုင်တွေချည်းဆိုတော့ ၊ သက်ဆိုင်သူတွေ စိတ်ပူရပြီပေါ့ ။ ဒီလိုကိစ္စမျိုးက အလုပ်သမားတွေအပေါ် အာဏာရှင်ဆန်ဆန်ဖြေရှင်းလို့ရတဲ့နည်းမျိုးလည်းမဟုတ်တော့ အတတ်နိုင်ဆုံး အဆင်ပြေမယ့်နည်းကို သူတို့တောင်းဆိုချက်ပေါ်မူတည်ပြီးရွေးရပါတယ် ။ အလုပ်မလုပ်ပဲ အပြင်ထွက်နေတဲ့အခါ ၊ စက်ရုံဘက်က အရင်ဆုံး နစ်နာပါပြီ ၊ ဂျန်နရေတာမောင်းထားတာတွေ ၊ လျှပ်စစ်ပစ္စည်းအသုံးပြုမှုတွေ ၊ လုပ်ငန်းခွင်အတွင်းစက်ယန္တရားလည်ပတ်မှုတွေက အလုပ်သမားမရှိပဲ ပါဝါတွေဖွင့်ထားတာကြောင့် အလေလွင့်စဖြစ်ရပြီပေါ့ ။ ဒီလိုပါပဲ အလုပ်သမားအရေးမို့ ပါးနပ်စွာမဖြေရှင်းနိုင်တဲ့အခါ တာဝန်ရှိတဲ့ ၀န်ကြီးဌာနတွေနဲ့ ဖြေရှင်းရတာတွေ ၊ဆွေးနွေးရတာတွေလုပ်ရတော့မယ် ဒီတော့ ပိုပြီး အလုပ်ရှုပ်အချိန်ကုန်တယ်ပေါ့လေ ။ ဒါကြောင့်လည်း တတ်နိုင်သမျှ ကျွန်မတို့စက်ရုံကတော့ ဆန္ဒပြမှုမဖြစ်အောင် အလုပ်သမားတွေရဲ့ လိုအပ်ချက်ကို ညှိနှိုင်းပြီး ဆွေးနွေးပေးတာမျိုးလုပ်ပါတယ် ။ သူများစက်ရုံမှာ ဆန္ဒပြတယ်ဆိုတဲ့ အသံကြားကတည်းက ထိုက်သင့်တဲ့ လုပ်အားခနဲ့ ပိတ်ရက်မျိုးတိုးပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားပါတယ် ။

လူတိုင်းမှာ လိုအပ်ချက်ကိုယ်စီရှိကြပါတယ် ။ အထူးသဖြင့် အခြေခံလူတန်းစားဘ၀မှာ လိုအပ်ချက်ဆိုတာ ပိုလို့တောင်များပါသေးတယ် ။ စာဝတ်နေရေးအတွက်ရုန်းကန်ရတာ မလွယ်ပါဘူး ။ နေ့စားသမားတွေဆို တစ်ရက်လုပ်ပြီး ပြန်လာမှ ၀ယ်ခြမ်းစားသောက်ရတာမျိုးလည်း မြင်ခဲ့ဖူးပါတယ် ။ ဒါကြောင့် လုပ်အားခ ပိုလိုချင်တယ် ၊ ပိုတောင်းဆိုချင်တယ် ဒါက သဘာဝပါ ။ ကျွန်မကိုယ်တိုင်ကလည်း သူများအလုပ်လုပ်နေရတဲ့ အလုပ်သမားမို့  တစ်ကျပ်ဖိုးလောက်ပဲ လုပ်နိုင်ပြီး တစ်သိန်းဖိုးလောက်လိုချင်စိတ်ရှိသူမျိုးပါ ။ အလုပ်ရှင်ကတော့ နည်းနည်းပေးရလေ ၊ သူ့အတွက်ကျန်လေပေါ့ ။ အလုပ်သမားကတော့ များများရဖို့သာ အဓိကပေါ့ ။ ဒါကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြား မကျေလည်မှုလေးတွေ ၊ ကတောက်ကဆဖြစ်တာလေးတွေ ကြုံရတတ်တယ် ။ ဒီလိုမပြေလည်မှုတွေ၊ ခံစားချက်တူသူချင်း ပြောမိတဲ့အခါ ဆန္ဒပွဲလေးလုပ်ဖို့ တွန်းအားပေးလာတယ် ။ ဆန္ဒပြပြီဆိုကတည်းက စက်ရုံပိုင်းက အတတ်နိုင်ဆုံးလိုက်လျောပေးတာများတယ် ။ ထုတ်လုပ်မှု ဖြစ်စဉ်မှာ အချိန်ကြန့်ကြာမှု မရှိစေချင်တဲ့အတွက်ပါ ။ အရမ်းကို လည်ပတ်မှုအားကောင်းတဲ့ အလုပ်မျိုးဆိုလျှင်တော့ အလုပ်သမားတွေတောင်းဆိုချက်အတိုင်းပေးလို့ ရပေမယ့် တစ်ချို့သော လည်ပတ်မှု အားသိပ်မကောင်းတဲ့ ကုန်စည်ထုတ်လုပ်မှုမျိုးဆိုလျှင်တော့ ၊ အလုပ်သမားတွေကို လစာတိုးဖို့ဆိုတာမျိုး မဖြစ်နိုင်တော့ပါဘူး ။ ဒီအချိန်မှာ စက်ရုံဘက်က တာဝန်ရှိသူတွေကအလုပ်ရှင်နဲ့ အလုပ်သမားကြား ၊ ကြားဝင်ဖြေရှင်းရတာမျိုးလည်း လုပ်ကြရပါတယ် ။ တစ်ချို့သော စက်ရုံတာဝန်ရှိသူတွေကတော့ ကိုယ်တိုင်လည်း အလုပ်သမားမို့ ၊ အလုပ်သမားတွေဘက်ကနေမျှမျှတတထားပြီး ကူညီစဉ်းစား ညှိနှိုင်းပေးပေမယ့် သခင်းအားရအောင် ကျွန်ပါးဝနေတဲ့ တာဝန်ရှိသူတစ်ချို့ကတော့ အလုပ်သမားတွေအပေါ် ပြေလည်အောင်မညှိပေးပဲ ။ နစ်နာကြေးယူ စက်ရုံယာယီရပ်ဆိုင်းဖို့ကိုသာ စိတ်ထက်သန်ကြတယ် ။

တောင်းဆိုချက်ဆိုတိုင်းလည်း တကယ်လိုအပ်လို့တောင်းဆိုတာနဲ့ ၊ မလိုအပ်ပဲ သူများတကာတွေ တောင်းဆိုလို့ လိုက်လုပ်တာဆိုတာမျိုးလည်း ကြုံခဲ့ဖူးပါတယ် ။ ဥပမာပေါ့လေ အလုပ်သမားတွေကို ညနေခြောက်နာရီမှ ပြန်ရမယ်ဆို အစာပြေ ပေါင်မုန်တစ်လုံးစီပေးတယ် ။ ဒီတော့ သူတို့ဘက်က ကွန်ပလိန်းတက်တယ် ကျွေးတယ်ပေါင်မုန့်က ညံ့တယ်ပြောင်းကျွေးပါပေါ့ ။ သူတို့လည်းကောင်းကောင်းစားချင်ရှာမယ် ။ဈေးနှုန်းနည်းနည်းကွာသွားပေမယ့် ပိုစားကောင်းမယ့်မုန့်မျိုးပြောင်းခဲ့တယ် ၊ ဒီလောက်ထိ လက်ခံနိုင်ပါတယ် ။နောက်ပိုင်းသိပ်မကြာခင် ဘာဖြစ်လာသလဲဆိုလျှင် ပေါင်မုန့်ကိုမစားတော့ပဲ ပေါင်မုန့်ဖိုးကို ပေးပါဆိုတာမျိုးဖြစ်လာတယ် ။ ဒီတော့မှ ယခင်က ပေါင်မုန့်စားမကောင်းဘူး ပိုကောင်းတာကျွေးပါပြောခဲ့တာ ၊ ပိုများတဲ့ပေါင်မုန့် ဖိုးလိုချင်လို့ ဆိုတဲ့အချက်ကိုမြင်လာကြတော့တယ် ။ ဆိုလိုတာက တောင်းဆိုတဲ့အချက်တိုင်းတော့ မဖြစ်မနေကြီး လိုအပ်လို့တောင်းဆိုတာမဟုတ်ဘူးဆိုတာပါပဲ ။

နိုင်ငံခြားသား လုပ်ငန်းရှင်တွေ(နိုင်ငံသားပိုင်အမည်ခံပြီး) ဒီမှာ စက်ရုံ အလုပ်ရုံတွေ လာလုပ်တယ် ။ သူတို့ကိုယ်ကျိုးအတွက်လုပ်တာမှန်ပေမယ့်  ၊ တစ်ဖက်တလမ်းကကြည့်လျှင် ကျွန်မတို့နိုင်ငံက အလုပ်လက်မဲ့တွေ အလုပ်ရကြတယ် ၊ ပုံမှန်ဝင်ငွေလေးရမယ်ပေါ့ ။ ဒါကကောင်းတဲ့အချက်ပါ ။ ဒါပေမယ့် အလုပ်ခွင်ဝင်ပြီးမှ နားလှည့်ပါးရိုက်တာမျိုး ခဏခဏာကြားနေရလို့ ဘယ်သူက မှန် ၊ ဘယ်သူကမှား  မဝေခွဲတတ်အောင်ပါပဲ ။ နှစ်ဖက်စလုံးသော်လည်းကောင်း ၊ တစ်ဖက်ဖက်သော်လည်းကောင်း ချို့ယွင်းချက်တွေရှိလို့ အဆင်မပြေတာမျိုးကြုံရတာ အဲ့ဒီအချိန်မှထပြီးတောင်းဆိုတာတွေ ဆန္ဒပြတာတွေ လိုက်လျောတာတွေ ၊ မလိုက်လျောတာတွေ ဖြစ်ကုန်တော့တာပါပဲ ။

ဒါတွေကို ကာကွယ်ဖို့အတွက် ကျွန်မတို့တွေ အလုပ်ခွင်ဝင်တဲ့အခါ အလုပ်ရှင် အလုပ်သမား စာချုပ်တစ်ခု ရှိသင့်ပါတယ် ။ တခြားနိုင်ငံတွေမှာ ရှိတယ်လို့ တော့ကြားဖူးတယ် ။ ဒီနိုင်ငံမှာတော့ သမန်ကာလျှံကာ စည်းကမ်းချက်လိုစာရွက်လေး အလုပ်ရှင်ဘက်ကရေးတာမျိုးတော့တွေ့ဖူးပါတယ် ။ သူရေးချင်တာတွေရေးပြီး အလုပ်သမားက ဖတ်ပြီး လက်မှတ်ထိုးရတာပါ ။ အလုပ်ရှင်ဘက်ကအသေရေးပြီး ပရင့်ထုတ်ထားမျိုးမို့ အလုပ်သမားအနေနဲ့ ပြင်ဆင်ခွင့်စွက်ဖက်ခွင့် တောင်းဆိုခွင့်တွေ ထည့်သွင်းလို့ မရတာမျိုးပါ ။ ဖြစ်သင့်တာက အလုပ်ရှင်အလုပ်သမား နှစ်ဖက်ကြား စည်းတစ်ခုအနေနဲ့ အလုပ်မ၀င်ခင် အပြန်လှန်ဆွေးနွေးထားတာတွေကို စာချုပ်အနေနဲ့ ချုပ်ပြီး အလုပ်ခန့်၊အလုပ်ဝင်သင့်ပါတယ် ။ ခြောက်လတစ်ခါ လခအကြမ်းပျှမ်းဘယ်လောက်တိုးတာမျိုး ၊ အိုဗာတိုင်းမ်းအများဆုံးဆင်းချိန်ဘယ်လိုမျိုး ၊ ခံစားခွင့်က ဘယ်လိုမျိုး စသဖြင့်ပေါ့လေ  ၊ ရှိသင့်ပါတယ် ။ မဟုတ်လျှင် တစ်ချို့သော စိတ်ဓါတ်နိမ့်သူ အလုပ်ရှင်များက လိုတုန်းကတော့သုံးပြီး မလိုတဲ့အခါ အကြောင်းပြချက်ရှာပြီး လျှော်ကြေးမပေးပဲ ကန်ထုတ်တာမျိုးလုပ်တတ်ပါတယ် ။ အလုပ်သမားတိုင်း အလုပ်ဝင်တဲ့အခါ အလုပ်ရှင်နဲ့ ညှိနှိုင်းစာချုပ်ချုပ်နိုင်မယ့် အခွင့်အရေးမျိုးရှိသင့်ပါတယ် ။လုပ်ငန်းခွင်ဝင်နေစဉ်အတွင်းလည်း စာချုပ်စည်းမျဉ်းအရ ဘောင်အတွင်းက အပြန်လှန်ဆွေးနွေးမှုတွေ လုပ်ခွင့်ရှိရပါမယ် ။ ရွေးချယ်ပိုင်ခွင့် ၊ ငြင်းဆန်ပိုင်ခွင့်လည်း ဘောင်အတွင်းကရှိရပါမယ်  ဒါမှသာ မတရားဖိနှိပ်ခိုင်းစေခံရခြင်းနဲ့ ဆန္ဒပြခြင်းကိုကာကွယ်ကောင်း ကာကွယ်နိုင်ပါလိမ့်မယ် ။  အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း အဲ့ဒီအချက်ပေါ် ဖိအားပေးလုပ်ဆောင် ၊ စစ်ဆေးတာမျိုး ၊ အကြံပြုချက်ပေးတာမျိုးတွေလည်း လုပ်သင့်ပြီး ၊ အလုပ်သမားတွေရဲ့ ဘ၀ကို ကာကွယ် ၊ မြင့်တင်ပေးဖို့ မျှော်လင့်မိပါတော့တယ် ။  ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!