အမေရိကန်လက္ခဏာဆရာ ကပြောတယ်…
မင်းနှလုံးသား ဆန်ရှင်လုပ်ခံထားရတယ်တဲ့…
နိုင်ငံခြားသားနဲ့အိမ်ထောင်ပြုရင် တော့ ကြီးပွားမယ်…
ခြေနှစ်ချောင်း မကယ်ကောင်းဘူး…

ဘယ်လိုပဲဆိုဆို…
ငယ်ချစ်ဟောင်းကွန်မြူနစ်လေးကိုတော့…
တစ်ခါတစ်ခါ လွမ်းမိတယ်…
တစ်ခါတစ်ခါတော့လည်း…
နောက်အိမ်ထောင်ပြုသွားတဲ့ ဆိုရှယ်လစ်ချစ်သူနဲ့…
လမ်းမှာဆုံရင် ပြုံးပြမိတယ်…

အိမ်နီးချင်းတွေကတော့ အားပေးတယ်…
ချီတက်တဲ့…
သူတို့လည်း မကြာမကြာလာမယ်…
အနောက်အိမ်ကလည်း တစ်ခါတစ်ခါတော့…
လှမ်းလှမ်းဆဲကြတယ်…

အသဲကွဲခဲ့တာ နှစ် ၂၀ ကျော်လောက်ကြာနေတော့လည်း…
တစ်ခါတစ်ခါ ဗုံးကွဲရင်
ရင်တွေ ဘာတွေ ခုန်နေရတုန်း…
တစ်ခါတစ်ခါ ငြိမ်းချမ်းရေးဆိုတဲ့အသံကြားရင်…
သံတိုင်တွေကိုပြေးမြင်တယ်…

ဆင်စွယ်နန်းပေါ်က ကောင်မလေးလား…
အပျိုကြီးလား မသိရပေမယ့်…
ခိုးခိုကြည့်မိနေတဲ့ တစ်ယောက်တော့ရှိတယ်…
သူများတွေပြောပြောနေတာတော့
ကြား,ကြား နေရတယ်…
နည်းနည်းတော့ မေတ္တာထားရတော့မလို…

အဲဒီ(ခိုးခိုးကြည့်နေရတဲ့)  တစ်ယောက်ကို…
သူ့” အမေ” ဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်က…
နည်းနည်းရိုက်နှက်ဆုံးမ နေသံတော့ကြားတယ်…

ယက္ခ၊ ဂုဏ် မာန်တွေကြားက
အဲဒီကောင်မလေး…
နည်းနည်းတော့ စိုးရွံ့မိတယ်…
သူက တစ်ခါတစ်ခါ
ဘဘကြီးကိုကြောက်ရသေးတယ်…တဲ့

အဲကောင်မလေး နာမည်…
ဟိုနေ့က သိလိုက်ရတယ်…
ဘာတဲ့…ဒီမိုကရေစီ..ဆိုလား…
သဲသဲကွဲကွဲတော့ မဟုတ်သေးဘူး…
ခုန်နေကျ ရင်ဘတ်လည်း ခုထိမရပ်နိုင်သေးဘူး….

မြတ်ကျော်သူ
၂၃.ဒီဇင်ဘာ.၂၀၁၁
၅:၄၄ မိနစ်(ညနေ)

About အဇဋာ

အဇဋာ has written 27 post in this Website..

လွတ်လပ်သည့် သတင်းသမားတစ်ယောက်၊ ကဗျာများကို ချစ်မြတ်နိုးသူ၊ တွေးခေါ်ခြင်းကို ခုံမင်သူ၊ ဝေဖန်ခြင်းကို နှစ်သက်သူ၊