E.T. ဆိုတဲ့ တစ်ခြား ဂြိုလ်က ဂြိုလ်သားလေး ကမ္ဘာပေါ်လမ်းမှား ရောက်လာတဲ့ ဇာတ်လမ်းလေးကို ကြည့်ဘူး ကြမှာပါ။

ကြည့်တဲ့ လူတိုင်း အီးတီ လေးကို မချစ်သူမရှိ။

အီးတီ လေး ကို သနား လိုက်တာ လွန်ပါရော။

သူ့ကို  ကြင်ကြင်နာနာ နဲ့ ကူညီကြတဲ့ ကလေးတွေ ကို အလွန်သဘောကျ ကြသလား မမေးနဲ့။

မဆီမဆိုင် သူတို့ စီးတဲ့ BMX စက်ဘီး တွေ အပြင်လောကမှာ ရောင်းမလောက်ဘဲ။

ဒီ  ဂြိုလ်သားလေး ကို အတင်းဖမ်းဖို့ ကြိုးစား တဲ့ လူတွေ ကို မုန်းလိုက်တာများ။

တီဗီ ကြီး ကွဲ မှာစိုးလို့ သာ ခဲ နဲ့ ဝင်မထုသာ။

လယ်က ယား နေတာဘဲ။

 

နောက် နဲနဲ လေး ကြာတော့ Independence Day ဆိုပြီး ကမ္ဘာကို ဖျက်ဆီးဖို့ ရောက်လာတဲ့ တစ်ခြား ဂြိုလ်က ဂြိုလ်သားတွေ ကို ကမ္ဘာ့လူသား တွေ က ဝိုင်းပြီး နှိမ်နင်း ကြရ တဲ့ ကားကို ကြည့် ရပြန်ရော။

ဒီကောင် တွေ ကတော့ ပန်းကန်ပြားပျံ အကြီး နဲ့ လာတာမှ ကမ္ဘာကနေ ကြည့်လိုက်ရင် ကောင်းကင်အပြည့် ဘဲ။

သူတို့ အပြားကြီးမှာ မီးရောင်တွေက လဲ ပျိုးပျိုးပြက်ပြက် နဲ့ပေါ့။

ဟား …. အဲဒီကား မှာတော့ ဘာပြောကောင်း မလဲ။

ကိုယ်တိုင် ဝင်ပြီးတောင် တိုက်လေယာဉ်မောင်းပြီး အဲဒီကောင် တွေ ကို အပြုတ်ဖြုတ် လိုက်ချင်တာ။

အောင်မယ်။

အဲဒီအထဲ မှာ သူကြီးတို့ သမ္မတကြီး ကိုယ်တိုင် တိုက်လေယာဉ် ဝင်မောင်းတာဗျား။

အဲဒါကို ကြည့်ပြီး လေသူရဲ ဘဝ ကို အရှင်လတ်လတ် ပြောင်းလိုက်ချင်တာ။

နောက်ဆုံး မင်းသား နှစ်ယောက် (အိုင်တီ ပညာရှင် နဲ့ လေသူရဲ) ပေါင်းပြီး အဲဒီ အပြားကြီး ကို ထိန်းချုပ်တဲ့ စနစ်ထဲ ဗိုင်းရပ်စ် ထည့် လိုက်တာ နောက်ဆုံး နိုင်သွားလေ သတည်းပေါ့။

ယုတ္တိရှိရှိ မရှိရှိ။

ဝမ်းသာ အားရ လက်ခုတ်တီး လိုက်ရတာ လက်ကို ညောင်းရော။

 

ဒီနေ့ ယူရိုဖလားမှာ အင်္ဂလန် နဲ့ ဆွီဒင် ကန်ကြမယ်။

မြင်ရသမျှ တော့ ကားတွေ မှာ အင်္ဂင်္လန် အလံ တွေ နဲ့။

လူတွေက လဲ အင်မတန် တက်ကြွ နေတာ။

သူတို့ အသင်း ကို နိုင်မယ် ကြီးကို အတတ်မှန်းတာဘဲ။

ပြီးခဲ့တဲ့ ပွဲတုန်းက လဲ ဒီလောက် နာမယ်ကြီး ၂၁ပွဲ နန်းစတော့ပ် နိုင်လာတဲ့  ပြင်သစ် ကို ၂ဂိုး ပြတ်နဲ့ တောင် နိုင်မှာလို့ မှန်းသဗျား။

ဒီလောက် မျိုးချစ်စိတ်ပြင်းထန်ကြတာ။

 

သူတို့နိုင်ငံထဲက အေလီယန် တစ်ယောက်ကတော့ အုပ်စုပွဲ မှာတင် ရှုံးမဲ့ အသင်း ကို များ ဆိုပြီး အထင်သေးနေတာ။

ပြီးတော့ တွေး နေမိသေး သူတို့ဘဲ အမှန်မမြင်တာလား၊ ငါ့မှာဘဲ မျိုးချစ်စိတ် မရှိတာလားလို့။

ဒါပေမဲ့ ရှုံးမယ် သိလဲ လက်သီးလက်မောင်းတန်းပြီး အားပေးနေပါတယ်။

 

မဆီ မဆိုင် ဆရာကြီး ရွှေဥဒေါင်း စကားဆိုလား။ (အနားက တစ်ယောက် ပြောတာ၊ မှားရင် လွှဲချလို့ ရအောင်)

မြန်မာအသင်း နဲ့ တစ်ခြားနိုင်ငံက အသင်း ဘောလုံးကန် ရင် သူဟာ မြန်မာအသင်း ကို ဘဲ မျိုးချစ်စိတ် အပြည့်နဲ့ အားပေးမှာဘဲတဲ့။

ဒါပေမဲ့ မြန်မာအသင်း က သူများ အသင်း ကို လူချပြီး ညစ် ကစားရင်တော့ အားမပေးတော့ ဘူးတဲ့။

သူဟာ အမျိုး ကို ချစ်ပေမဲ့ ဥပဒေမဲ့ လုပ်ရပ် ကို ဆန့်ကျင်တဲ့ စိတ်ဓာတ်ကို ဖော်ပြခဲ့တာ ထင်ပါတယ်။

တစ်ခါက မြန်မာကွင်း မှာ မြန်မာအသင်းစရှုံးတော့ ပွဲတောင် မပြီးသေး မျိုးချစ်စိတ် ထက်သန်သူ ပရိတ်သတ်ကြီး ကနေ ပါသမျှ ပစ္စည်းစုံ နဲ့ ပစ်ပေါက် လိုက်ကြတာ ပွဲတောင် ပျက်တယ် လို့ ကြားဘူးတယ်။

ကျွန်မ တို့ အားလုံး သတိထား စရာပေါ့။

 

အခု ယူရိုပွဲ ကျင်းပ တဲ့ ပိုလန် နဲ့ ယူကရိန်း မှာလဲ နှစ်နိုင်ငံ လုံးက အဖြူကြီးစိုး ရေး နဲ့ လူမျိုး ရေး ခွဲခြားတာ နာမယ်ကြီး ပါသတဲ့။

အာရှတိုက်သား တွေ ဆို အဲဒီကို ဘောလုံးပွဲကြည့်သွားဖို့ တောင် မသွားဖို့ သတိပေး ထား တယ် ပြောပါတယ်။

ပွဲကြည့်ပရိတ် သတ် ကို မပြော နဲ့ ဘောလုံးအသင်းတွေ ထဲမှာ ကစား တဲ့ အာဖရိကန် လူမျိုးများ ကို သူတို့ လေ့ကျင့်ကွင်းရဲ့ အပြင်က နေ “မျောက်တွေ” ဆိုပြီး ခေါ်လို့ ဆိုလား။

အဲလို နောက်ထပ် စော်ကားတာ ကို သက်ဆိုင်ရာက မထိန်းသိမ်း ရင် ပွဲကို ဝင်မပြိုင်ဘဲ တစ်သင်းလုံး ပြန် မယ်လို့ တောင် သတိပေးရသတဲ့။

ဟော်လန်အသင်းက  လူတွေ အခေါ်ခံ ခဲ့ရတာပါ။

http://www.dailymail.co.uk/sport/euro2012/article-2155926/Euro-2012-Holland-stars-subjected-racist-monkey-chants-open-training.html

 

ဒီတော့ လူမျိုးရေး ခွဲခြား ဆက်ဆံတာဟာ ကမ္ဘာပေါ်မှာ ရှိနေဆဲပါဘဲ။

ဒါပေမဲ့ တစ်ချို့ ကတော့ အတော်လေးအစွန်းရောက်ပါတယ်။

အဓိက ဥရောပ က လူဖြူကြီးစိုး ရေးနိုင်ငံ တွေမှာပေါ့။

သူတို့ မျက်စိ နဲ့ ကြည့် ရင် ကျွန်မတို့လို အေရှန် (တရုတ်၊ ကုလား၊ မြန်မာ မခွဲ အေရှန် လို့ ရောခေါ်ကြသည်) နဲ့ အာဖရိကန် တွေဟာ “မျိုးဖျက် အေလီယန်” တွေပါဘဲ။

Independence Day ထဲ က သူတို့ ကို တိုက်ခိုက် လာသူ တွေ လို့ ထင်တာကိုး။

ဒီတော့ အဲဒီ အေလီယန် တွေ ကို အမှုန့်ကြိတ် ပစ်ချင်နေတာ။

 

ဒါပေမဲ့ သူတို့ လဲ ချစ်စရာ အီးတီ ကား ကို ကြိုက်မှာပါ။

အီးတီ လေးကို သနားလဲ သနားမှာပါ။

အီးတီ လေး က သူတို့ ကို အန္တရာယ်မှ မပြု တာကိုး။

 

ဒီတော့ အေလီယန် များ သတိပြုရပါမယ်။

သူများ ပြည်မှာ နေခွင့် ရခဲ့ရင် အီးတီ လေး လို နေကြပါ။

Independence Day ထဲ က ဟာ တွေ လိုမျိုး ဆိုရင်တော့ နယ်ချဲ့တွေမို့ နှင်ထုတ်ခံ ရမှာဘဲ။

 

ကျွန်မ အေလီယန်ပါ။

ဒါပေမဲ့ အီးတီ လေးပါ။ (ရွာထဲ က အီးတီ များ မဟုတ်)

အခုချိန် မှာတော့ သူများ ပြည်ထဲ မှာ အေလီယန် အီးတီ လေး တစ်ယောက် ယူရိုပွဲ ကို မျိုးချစ်စိတ် အပြည့်ဖြင့် ကြည့်နေပါ သည်။ :-)

 Image From – http://www.sodahead.com/

 

 

About မြစပဲရိုး

Khin Latt has written 240 post in this Website..