သတင်းစာတန်ခိုးနဲ့အမျိုးဂုဏ်တက်စေသည် အမှတ်(၂) – ပညာရှင်ကြီးယောမင်းကြီးဦးဘိုးလှိုင်

‘အစ်မ၊နှမ၊သမီးကစ၍ဆက်နှင်း၊ လက် ဆောင်သွင်း၍၊စိုးမင်းချစ်မြတ်၊ထိုအမတ်သည်၊ အတတ်မရှိ၊သတိ္တကင်းကွာ၊ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်းတည်း။’
ဘုရင်ကိုသမီးဆက်သပြီး နေရာရရှိနေသူ ညံ့ဖျင်းသောအမတ်တဦးအား ပြစ်ပြစ်နှစ်နှစ် ဝေဖန်သောကဗျာကိုရေးသည်။ ထိုကဗျာကို ညီလာခံတွင်ဖတ်ပြသည်ကို ထောက်ရှု၍ယောအတွင်းဝန်ဦးဘိုးလှိုင်၏ သတိ္တကိုခန့်မှန်းနိုင်၏။ အမတ်တဦး၏ သမီးကိုကောက်ယူထားသောဘုရင်အဖို့ ရာဇအိန္ဒြေပျက်သွားကာလက်သုံး တော်လှံကိုဆွဲမိသည်။
‘ဟဲ့၊ငလှိုင်၊ ဒီလှံကိုကြည့်စမ်း၊ ဘယ်သူကိုင် တဲ့လှံလဲ။’
‘အရှင်၏ခမည်းတော်ကိုင်ဆောင်တော်မူတဲ့လှံဖြစ်ပါ၏ဘုရား။’
‘ငါ၏ခမည်းတော်သည်ဒီလှံနှင့်မည်သူ့ကိုစီရင်သနည်း။’
‘ကျွန်တော်မျိုး၏ကျေးဇူးရှင်အဖကိုစီရင်ပါ ကြောင်း။’
‘ဤလှံတော်ဖြင့်မောင်မင်းကိုစီရင်ခြင်း ခံလို သည်လော။’
‘စီရင်တော်မူပါဘုရား။ ‘ဦးဘိုးလှိုင်ကရင်ကို ကော့ပေးသည်။
ဘုရင်ပုဂံမင်းသည်မိမိဖခင်လက်ထက်ကပင် ခန့်ထားခဲ့သောဝန်ကြီးကို သေဒဏ်မပေးရက် သဖြင့်ထောင်ဒဏ်ပေးခဲ့သည်။ တနှစ်ကြာမှ နိုင်ငံခြားဆက်ဆံရေးအတွက်သူ၏အကူအညီ ကိုလိုသဖြင့်ထောင်မှထုတ်ကာ မူလရာထူးကို ပြန်ပေးသည်။
သူ၏ထူးချွန်လှသောပညာအရည်အသွေးအရ ယောမြို့ကိုစားရသောယောမင်းကြီးသည်သာယာဝတီမင်း ၊ပုဂံမင်း နှင့် မင်းတုန်းမင်းအထိ မင်း၃ဆက်ကသူကောင်းပြုခဲ့ရာတွင်သက်ဦးဆံပိုင်ဘုရင်များထံ အမှုထမ်းနေပါလျက်မိမိမှန်သည်ယူဆချက်ကိုပွင့်လင်းစွာပြောလေ့ရှိ သောကြောင့် မကြာခဏရာထူးမှဖယ်ရှားခြင်း၊ ဖမ်းဆီးခြင်းတို့ကိုခံခဲ့ရလေသည်။
မင်းတုန်းမင်းလက်ထက်တွင်လည်း ‘ဗြစ် ရေသည်ဆေးခါးကြီးပင်ဖြစ်သည်’ ဟုပြောသ ဖြင့်ဗုဒ္ဓဘာသာဝင်မှန်သမျှ စောင့်ထိန်းရမည့်သူ ရာမေရိယသိက္ခာပုဒ်ကို ကျူးလွန်နိုင်သည်ဟု ပြောဆိုမှုနှင့်ထောင်ကျခံခဲ့ရသေးသည်။
ထိုအချိန်က ရန်ကုန်ထုတ်သတင်းစာများ သည်မန္တလေးတွင် ယောမင်းကြီးထောင်ကျခံရသည်ကို သတင်းအဖြစ်ဖော်ပြကြသည် ။ထောင် မှလွတ်ကြောင်းသတင်းကို၁၈၇၂ခု ဇွန်လ၂၁ ရက်နေ့မြန်မာ့သတင်းစာတွ င်ဖော်ပြရာ၌ထင် မြင်ချက်နှင့်ဖြည့်စွက်ဖော်ပြကြသည်။
‘ယောမြို့စားဟောင်းအချုပ်မှလွတ်လေပြီ။’
အတွင်းဝန်ကျီဝန်ယောမြို့စားဟောင်းက အချုပ်မှလွှတ်တော်မူလေပြီ။ ထိုမင်းသည်လိမ္မာတတ်သိလှ၍မမြင့်ကြာခင်အရာရလိမ့်မည်။ အရာရလျှင်အရက်မသောက်ဘဲနေကောင်းနေလိမ့်မည်ဟုမန္တလေးမြို့တော်မှာပြောကြသည်။
ဦးဘိုးလှိုင်အာဏာရသည်နှင့်တပြိုင်နက် မန္တတလေးမြို့တော်သာယာမှုပြုပြင်ရေးအတွက်အယ်ဒီတာထံပေးစာများ ရေးသားကြရာတွင် ယောမင်းကြီးကိုဦးတည်ကာတိုင်တန်းကြ သည်ကိုဖတ်ရှုရသည်။
‘ကြားရောက်လိုက်ပါသည်မြန်မာသတင်းစာ ဆရာခင်ဗျား။ ကျွန်တော် တို့ ကုန်သည်များ မန္တတလေးမြို့တော်သို့ဆန်တက်သွားရာတွင် ဂုန် တန်ရပ်မှသွားရာလမ်းတို့တွင် ယိုအိမ်သာမရှိ သဖြင့် မိန်းမယောက်ျားများသည် ခေါင်းဘီးပိတ်အောင်ခြုံ၍ လမ်းနားတွင်မစင်စွန့်ကြပါသည် ။နံစော်သည့်ပြင် လွန်စွာရှက်ဖွယ်ကောင်း ပါသည်။
ရန်ကုန်မှသတင်းစာများကို နန်းတော်မှာ ယောအတွင်းဝန်ဖတ်တတ်သည်ဟု ပွဲစားတော်များကပြောကြပါသည်။ သတင်းစာထဲမှာမြင်လျှင်ယောအတွင်းဝန်မင်းတို့ကပြင်ကောင်းပြင်မည်ဟုမျှော်လင့်၍ နောင်နှစ်ခါမနံစော်ရအောင်မဒရပ်၊ပုံပိုင်၊ဘင်္ဂလား၊ရန်ကုန်မြို့များကဲ့သို့သန့် စင်အောင် ခင်ဗျားတို့ကလည်း ပြောလိုက်ပါမည့် အကြောင်း၊ကြားရောက်လိုက်ရပါသည် ‘ဟုစာပို့သူမောင်သန့်စင်က ဖော်ပြထားသည်။

မြန်မာသတင်းစာအမျိုးမျိုး ရန်ကုန်တွင် စတင်ပေါ်ပေါက်ရာတွင် မြန်မာစာဖတ် ပရိ သတ်တို့သည် ပြုပြင်သင့်သည်ဟုထင်မြင်မျှ အယ်ဒီတာ ထံပေးစာအများ ရေးလေ့ရှိကြ သည်။ ရန်ကုန်တွင် အင်္ဂလိပ်အစိုးရကပြုပြင်စေ လိုသည့်ကိစ္စများကို စာရေးကြသောအခါ စာ ရေးသူတို့က မိမိတို့သည်အခွန်ထမ်းများဖြစ်သဖြင့်ရေးပိုင်ခွင့်ရှိသောကြောင့် ရေးသားပေး ပို့ပါသည်ဟု နိုင်ငံသားတို့အခွင့်အရေးကိုဖော် ထုတ်ရေးလေ့ရှိကြသည်။ သတင်းစာများသည်သက်တမ်း၃နှစ်တာအတွင်းလူ့အခွင့်အရေးကို စတင်ဖော်ညွှန်းကြသဖြင့်တိုးတက်မှုမြန်သည်ဟုဆိုရပေမည်။
မန္တလေးပြုပြင်ရေးတင်ပြချက်အများသည် ယောမင်းကြီးထံဦးတည်ရေးလေ့ရှိကြသည်သာမက မန္တလေးနန်းတော်ယောမင်းကြီး၏ရုံးတွင်ဖြစ်ပွားသော အမှုများကိုလည်းသတင်းအဖြစ်ဖော်ပြလေ့ရှိကြသည်။

၁၈၇၁ခုနှစ်စက်တင်ဘာလကမြန်မာ့ဂေဇက်သတင်းစာတွင် နန်းတော်တွင်း ယောမင်း ကြီးရုံးတွင် စုရုံးလာရောက်လေ့ရှိသောနိုင်ငံ ခြားသားများတွင် သိုးဆောင်းလူမျိုးကုန်သည် ၂ဦးတို့ကျီစားကြရာမှ ခိုက်ရန်ဖြစ်ပွားကြ သည့်သတင်းကို အကျယ်ရေးထားသည်ကို  ဖတ်ရှုရသည်။
‘နာရီဝက်ထိုးသတ်လုံးထွေး၍ပြီးသောအခါအလုံး အရပ်ပိန်ပိန်မြင့်မြင့်လူမှာမျက်လုံးတဖက်ကိုထိုးမိသဖြင့်အပုံကြီးနာသည်၊ ဆရာဝန်များကမကန်းရုံသာကျန်တော့သည်ဟုဆိုသည်။’
အမှုကိုမင်းတုန်းဘုရင်ကြားသိသဖြင့် နန်း တော်သို့ခေါ်၍စစ်ဆေးပြီးနောက်အပြစ်မပေး ဘဲခွင့်လွှတ်တော်မူသည်။ ရန်ဖြစ်သူများနန်း တော်မဝင်ရဟုပိတ်တော်မူသည်။
ထို့ပြင်အခင်းဖြစ်စဉ်က နန်းတွင်း အစောင့် များမရှိသဖြင့် တာဝန်လစ်သောကြောင့်ကျော ကိုထောင်းရန်မြန်မာအစိုးရကစီရင်သည်။ အထောင်းခံရသူတို့က’အင်္ဂလိပ်ချင်းရန်ဖြစ်သည့်အတွက်နှင့် ငါတို့အထောင်းခံရသည်။ ကျောကံဇာတာတက်လှဟန်ရှိသည်’ ဟုပြောကြသည်။
ရန်ဖြစ်သူတဦးကမိမိမှာ နန်းတော်တွင်း မဝင်ရသဖြင့် အိမ်မှာငိုနေမိပါသည် ။ရွှေမျက်နှာ တော်ဖူးပါရစေဟုအသနားခံသည်။ ရွှေနန်း ရှင်ကခေါ်တွေ့ပြီး နောက်တခါရန်ဖြစ်ဦးမည် လောဟုမေးသောအခါ ‘ဘယ်သူပင်ဆဲဆဲ၊ဘယ် သူပင်ထိုးထိုးသတ်သတ် ကျွန်တော်မျိုးခံ၍သာနေပါမည်။ နောင်တခါရန်မဖြစ်ဝံ့ပါ’ဟု လျှောက်သည်ဟုအသေးစိတ်ရေးသည်။
မြန်မာနိုင်ငံတဝက်ကိုသိမ်းထားသောအင်္ဂလိပ်တို့၏ ပျော့ကွက်ကို မြန်မာသတင်းစာကသရော်စာနှင့်  ရေးသားဖော်ပြသည်မှာ သတင်းစာတို့တည်ဦးစကပင်နယ်ချဲ့ဆန့်ကျင်ရေးစတင်လုပ်ဆောင်ကြသည်ဟု ဆိုရပေမည်။

 

မှတ်ချက်။  ။ ၂၀၀၈ ဇန်နဝါရီလထုတ် မန္တလေးဂေဇက်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။ တဆင့်ကူးယူ ဖေါ်ပြလိုသူများ ခရက်ဒစ်အပြည်အဝပေး၍ ဖေါ်ပြရပါမည်။ ဆရာကြီးကြေးမုံဦးသောင်း၏ နောက်ဆုံးစာများဖြစ်ပါကြောင်း..။

About kai

Kai has written 1006 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.