ကျုပ်ဗျာ.. အခု တလော ခေါင်းကိုက်စရာ ကိစ္စတွေချည်းပဲ ကြုံနေရတယ်။

ဖြစ်ပုံက ဒီလိုဗျ..

ကျုပ် အခု ကြိုက်နေတဲ့ ကောင်မလေး နဲ့ ကြိုက်နေတာ ၆နှစ်ရှိပြီ ယူဖို့လည်း အိမ်တွေ ဘာတွေ ဝယ်ပြီး ပြီ မကြာခင် လက်ထက်တော့မှာပေါ့ဗျာ..

အခု ကောင်မလေး နဲ့ မတိုင်ခင်က ကြိုက်ခဲ့ဖူးတဲ့ မိန်းမ တယောက် ရှိတယ်။ သူနဲ့က တက္ကသိုလ်မှာတူတူ တက်ခဲ့ကြပြီး ကျောင်းတုန်းက သူငယ်ချင်းတွေ အတွဲ ကိုယ်စီနဲ့မို့ သူငယ်ချင်းတွေ ချွန်ပေးလို့ အဲဒီ မိန်းမနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ကျောင်းပြီးတော့ ပြတ်သွားတယ်။ မပြတ်ခင်မှာ ကျုပ်နဲ့ ၃ခါလောက် အတူနေဖြစ်ခဲ့ကြတယ်။ ယူမယ်လို့ ဆုံးဖြတ်ပြီး မင်္ဂလာပွဲ တွေ စီစဉ်တဲ့ အထိ အခြေအနေမျိုးမို့ ဖြစ်ခဲ့ကြတာပါ။ ပြတ်သွားတာက တခြား မဟုတ်ဘူး ကျုပ် ကို တွေ့သမျှ မိန်းမတိုင်းနဲ့ မသင်္ကာစိတ်နဲ့ စွပ်စွဲတဲ့ စကားတွေ ပြောတဲ့ အတွက် စိတ်ပျက်လွန်းလို့ ဘဝ ခရီး ဆက်လျှောက်ဖို့ မလွယ်ဘူး လို့ ဆုံးဖြတ်ပြီး ပြတ်သွားကြတာပါ။ အဲလို ပြတ်သွားတာကို သူ အိမ်ကကော ကျုပ် အိမ်က လူကြီတွေပါ သိကြပါတယ်။ သူတို့ အရှေ့မှာတင် တခါတည်း ဆုံးဖြတ်ပြီး အဖြေထုတ်ပြီး မယူဖြစ်တော့တာပါ။

အတူနေခဲ့ကြတဲ့ ကိစ္စကိုလည်း သူ မိသားစု ကလည်း သိထားပါတယ် ကျုပ်မိသားစုကလည်း သိထားပါတယ်။ သဘောထားခြင်း ညှိမရလို့ မယူဖြစ်တာကိုလည်း ဘယ်သူမှ ဘာမှ ကို မဖြစ်ကြပါဘူး။

အဲဒီ မိန်းမ ရဲ့ အမ နဲ့ ကျုပ် အမနဲ့က သူငယ်ချင်းတွေ ဖြစ်နေတော့ ကျုပ်အမ မျက်နှာနဲ့ အိမ်မှာ အလှူတွေ ရှိရင် သူ့ အမ နဲ့ ကပ်ပြီး လိုက်လာတယ် အိမ်မှာ ကျုပ်နဲ့ မျက်နှာချင်းဆိုင် မြင်ရအောင် လိုက်လာတဲ့ သဘောပေါ့။ သူတို့ကလည်း ပြန်ပြီး နီးစပ်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ အဲဒီ မိန်းမ အိမ်ကို လာရင် ကျုပ် အခန်းထဲက မထွက်တော့ဘူး သို့မဟုတ် အိမ်ကနေ ထွက်သွားလိုက်တယ်။

တနည်းပြောရရင်တော့ အဲဒီ မိန်းမ နဲ့ လုံးဝ မပတ်သတ်မိအောင် ရှောင်တာပါ.. အရမ်းပူလောင်လွန်းတဲ့ မိန်းမ မို့ သူနဲ့ ပတ်သတ်ရမှာကို ကြောက်နေမိတယ်။

======================

အဲဒီ မိန်းမ နဲ့ ပြတ်တာ ၂၀၀၄ လောက်မှာ ပြတ်ပြီး ပြတ်ပြတ်သားသား ဖြစ်နေပြီးမှ ၂၀၀၆ လောက်မှာ ကျုပ် ကောင်မလေး တယောက် ကို စတင် ချစ်ခဲ့မိတယ်။ သူကြောင့် ကျုပ်ရဲ့ ဘဝ နေထိုင်မှု ပုံစံက အစ ပြောင်းလဲ သွားစေခဲ့တယ်။ ကျုပ် ကို ကျုပ် သိတယ်.. ဒီလို ပြောင်းလဲ သွားတာ သူ့ကြောင့်ဆိုတာ.. ကောင်းကောင်းသိတယ်။ ဒီလိုနဲ့ အခု ၂၀၁၂ မှာ အဲဒီ ကောင်မလေး နဲ့ ယူဖို့ တော်တော် ပြည့်စုံနေပါပြီ မကြာခင် ယူဖြစ်တော့မယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာက ပြတ်ခဲ့တဲ့ မိန်းမ ကျုပ်ဆီကို ဖုန်းတွေ တချိန်ကို ဆက်ပါတယ်။ သူ ဖုန်းနံပါတ် ကို သိတော့ သူဆက်လာရင် call blocker နဲ့ ခံပြီးတော့ ထားလိုက်တော့ အဆင်ပြေတယ်။ သူ ဘယ်လိုမှ ဆက်လို့ မရဖြစ်တော့ နောက်ထပ် အကြံထုတ်ပါတယ်။ ကျုပ်နဲ့ သိတဲ့ သူငယ်ချင်းတွေ သူနဲ့လည်း သိတယ်လေ တက္ကသိုလ် တူတူ တက်ခဲ့ကြတာ ဆိုတော့ ကျုပ်နဲ့ အဆက်အသွယ်ရှိတဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး လျှောက်ပြောတဲ့ ဇတ်လမ်းက စ ပါတော့တယ်။ သူ့ အကြံက အခု မိန်းမယူမယ် ဆိုတာ ကြားလို့ ကျုပ်ကို သူနဲ့ပဲ ယူပါ တခြားလူနဲ့ မယူပါနဲ့ ဆိုတာ ပြောဖို့ အတွက်ပါ။ တခြားသော မိတ်ဆွေ အပေါင်းအသင်းတွေကို ကျုပ်နဲ့ ဖြစ်ဖူးလို့ သူကို မဖြစ်မနေယူရပါမယ် လျှောက်ပြောပါတယ်။ တကယ်တမ်း တွက်ကြည့်မယ် ဆိုရင် ပြတ်တာတောင် ၈ နှစ်ကျော်နေပါပြီ။ သူနဲ့ ဖြစ်ခဲ့တာလည်း ၈နှစ်ကျော်က ကိစ္စတွေပါ။ ဒီကိစ္စတွေကို ကျုပ် ကလည်း အခု ယူမဲ့ မိန်းကလေးကိုလည်း ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားမို့ သူလည်း သိရှိထားပြီး ဖြစ်သလို နားလည်း နားလည် ပေးထားပါတယ်။

ကျုပ် ဘာပြောပြော သူလက်ခံ ယုံကြည်ပေးနေတတ်လို့ ကျုပ် သူကို မဟုတ်တာ မမှန်တာ ကွယ်ရာမှာတောင် မလုပ်ရက်ခဲ့တာ အမှန်ပါ။ ကျုပ် ပြောပြလိုက်တော့လည်း သူ နည်း နားလည်ပေးလို့ စိတ်တော့ အေးရပေမဲ့ ကျုပ် ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ဖိအားပေးပြိး အဲဒီမိန်းမ က ယူဖို့ တိုက်တွန်းတဲ့ သဘောမျိုးနဲ့ အကျပ်ကိုင်ချင်တာပါ။

ပတ်ဝန်းကျင်ကလည်း အဲဒီ မိန်းမ ကို လုံးဝ လက်မခံတော့ပါဘူး။ ပတ်ဝန်းကျင်က ဘယ်သူကိုမှ အရှက်မရှိ ဖိအားပေး လျှောက်ပြောလည်း ဘယ်သူမှ သူ့ဘက်က မရပ်တည်ကြတော့ပါဘူး။ ရှင်းရှင်းပြောရရင် သူ အမကတောင် သူ့ဘက်က မရပ်တည် သလို သူကို လက်လျော့ဖို့ ပြောနေကြပါပြီ။ အဲဒါလည်း လက်မလျော့တဲ့ အပြင် ကျုပ် ကောင်မလေးကို ဖုန်းဆက်ဖို့ ကြိုးစားလာပါတယ်။ သူဆက်တိုက် နှောက်ယှက်တာ ကျုပ် ဖုန်း ဘလော့ လုပ်ပြီး တားဆီးယုံနဲ့ ဘာမှ ပြသနာ မရှိပေမဲ့ ကျုပ် သိပ်ချစ်ရတဲ့ မိန်းကလေး ကိုတော့ ဒီလို နှောက်ယှက်တာမျိုးကိုတော့ လုံးဝ မဖြစ်စေချင်ပါဘူး။

အခု စကားတွေက ကျုပ် မိန်းမယူမယ်ဆိုရင် ၂ယောက်လုံးပါ ယူရမယ် ဆိုပြီး ပြောလာပြန်တယ်။ အဲဒီ မိန်းမ နဲ့ လုံးဝ မပတ်သတ်ချင်ပါဘူး။ ကျုပ် ကောင်မလေး ကို နှောက်ယှက်တာကိုလည်း လုံးဝ လက်သင့်မခံချင်ဘူး။ ဘယ်လို လုပ်ရမလဲ။ ဥပဒေ အရ ကာကွယ်လို့ ရမလား။

ဘယ်လို နည်းနဲ့ ကာကွယ်မလဲ..

မနေ့ကတော့ သူဖုန်းကို လက်ခံ စကားပြောပြီး မင်းဘာလို့ ငါ့ကောင်မလေးကို နှောင့်ယှက်ဖို့ ကြိုးစားနေတာလဲ ဆိုပြီး မေးတော့.. သူ့ကိုပါ ယူမှ ဖြစ်မယ် ဆိုတာကလွဲလို့ တခြား စကားမပြောပါဘူး။

ငါမင်းကို ယူပြီး နေ့တိုင်း မင်းကို နိပ်စက်ရင် ဘယ်လို လုပ်မလဲ မေးတော့..

အဲဒါ ရှင့်အပူမပါဘူး ကျမ ကိစ္စ ရှင်လုပ်ချင်လည်း လုပ်ပေါ့တဲ့..

စိတ္တဇ အရူးတယောက်နဲ့ စကားပြောရသလို စကားတွေက ဘယ်လိုမှ ညှိမရလောက်အောင် ဖြစ်နေတာ ဆိုတော့ စိတ်တော်တော် ပျက်နေမိတယ်။

ကျုပ်ရဲ့ သာယာတဲ့ ဘဝ ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ အတွက် အကြံ ထုတ်နေတာလားတောင် မပြောတတ်လောက်အောင် ခေါင်းတွေလည်း ရှုပ်လှပါပြီ။

ဒီ ကိစ္စ ဖြေရှင်းနည်းလေး အကြံပေးကြပါအုန်း။

စကားမစပ် ကျုပ်ယူမည့် မိန်းကလေး အိမ်က အဲလို နှောက်ယှက်တာတွေ မသိသေးဘူး။ သိရင် ကျုပ်တို့ တသက်လုံး ဝေးသွားရလိမ့်မယ်။ ကျုပ်ကို သူ့တို့ သမီးနဲ့ သဘောတူ လက်ခံတယ် ဆိုတာလည်း သမီးလုပ်သူက ဆန္ဒ အရမ်းပြင်းထန်လို့ မနိုင်လို့ လွတ်ပေးတဲ့ သဘောနဲ့ ကြည့်ထားတာပါ။ သူနဲ့ ကျုပ်နဲ့ ချစ်သူ ဖြစ်တဲ့ ၆နှစ် သက်တမ်းမှာ ခဏခဏ တခြား လူနဲ့ ပေးစားဖို့ ကြံနေတဲ့ ယောက္ခမကြီး မသိစေချင်တာတော့ အမှန်ပဲ။

ပြောကြပါအုန်း။ ညည ခေါင်းတွေကိုက်လှပြီ..

 

မိန်းမ မများချင်တဲ့

ဦးနှောက်

About ဦးနှောက်

ဦးနှောက် has written 2 post in this Website..