ကျွန်တော် နာဖူးသမျှ .. ဖတ်ဖူးသမျှ တွေထဲကနေ စုပေါင်းစပ်ပေါင်းပြီး ပုံဖော်လို့ရလာတဲ့ အသိလေးတစ်ခုကို တင်ပြဆွေးနွေးချင်ပါတယ်။

အဲဒါကတော့ ကျွန်တော်တို့ ဘုရားရဲ့ လူ့အဆင့်အတန်း ခွဲခြားသတ်မှတ်မှုလေးပါ။
ဘုရားက လူတွေကို ပထမဆုံး အဆင့်အတန်း ၂-ခုနဲ့ ခွဲခြားသတ်မှတ်ပါတယ်။ ခွဲခြားပုံက ၁= ပုထုဇဉ် ။ ၂=အရိယာ
ပုထုဇဉ်ကို လောကီနယ်သား။ အရိယာကို လောကုတ္တရာနယ်သားလို့ ခွဲခြားသတ်မှတ်ပါတယ်။
ယနေ့ တချို့ လူတွေက လူသားတွေကို ပုထုဇဉ်တွေ။ လောကီနယ်သားတွေ…
သင်္ကန်းဝတ်ထားတဲ့ ရဟန်သံဃာတွေကိုတော့ လောကုတ္တရာ နယ်သားတွေလို့ပြောဆိုထင်မြင်ကြတာတွေ့ရပါတယ်။

တကယ်ကတော့ အင်္ကျီဝတ်ထားခြင်း.. သင်္ကန်းဝတ်ထားခြင်းနဲ့ ခွဲခြားသတ်မှတ်ထားတာ မဟုတ်ပါဘူး။ လူ့စိတ်အဆင့် အတန်းနဲ့သာ ခွဲခြားသတ်မှတ်ခဲ့တာလို့ ပြောချင်ပါတယ်။
ဘာအ၀တ်ကိုပဲ ၀တ်ထားထား.. လူ့စိတ်မှာ လောဘ.. ဒေါသ.. မာန..ဆိုတဲ့ ကိလေသာတွေ အပြည့်ရှိနေသူကို ပုထုဇဉ်။ လောကီနယ်ကလူ။ လောကီသားအဖြစ်သတ်မှတ်ထားပြီး…

ဘာအ၀တ်ကိုပဲ ၀တ်ထားထား.. လူ့စိတ်မှာ လောဘ ဒေါသ မာန စတဲ့ ကိလေသာ မရှိသူကို အရိယာ.. လောကုတ္တရာ နယ်သားလို့ သတ်မှတ်ထားခဲ့ပါတယ်။
ဒါက အကြမ်းဖျင်း ပထမအဆင့်အနေနဲ့ လူ့အဆင့်အတန်းကို ဘုရားသတ်မှတ်တာပါ။

နောက် ဒုတိယအဆင့်အနေနဲ့ လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်တာက လူ့အဆင့်အတန်းကို (အကြမ်းဖျင်း) ၅=မျိုး ခွဲခြားသတ်မှတ်ထားပြန်ပါတယ်။
၁-ပုထုဇဉ်…
၂-သောတာပန်
၃-သကဒါဂါမ်
၎-အနာဂါမ်
၅-ရဟန္တာ
ဒါဟာ ဘုရားသတ်မှတ်ပြသွားတဲ့ လူ့အဆင့်အတန်း ခွဲခြားသတ်မှတ်မှုပါ။
အဆင့်အတန်းအမြင့်ဆုံးလူဟာ “ရဟန္တာ”ပါပဲ။ ဘုရားအဖြစ်စေချင်ဆုံး“လူ”စံနှုံးဟာလဲ ““ရဟန္တာ””ပါပဲ။
လူ့အဆင့်အနိမ့်ဆုံး “လူ”ဟာ ပုထုဇဉ်ပါ။

လူ့အဆင့်အတန်းအနိမ့်ဆုံး ပုထုဇဉ်နဲ့
လူ့အဆင့်အတန်းအမြင့်ဆုံး ရဟန္တာ..

ဘယ်လို စံနှုံးတွေနဲ့သတ်မှတ်ခဲ့သလဲ .. ခွဲခြားခဲ့သလဲဆိုတော့ …
လူ့စိတ်အရည်အသွေးစံနှုန်းနဲ့သတ်မှတ်ခွဲခြားခဲ့တယ်လို့နားလည်ရပါတယ်။

လူ့ကိုယ်ကောင် အကြီးအသေး.. အချော အကြမ်း နဲ့ လူ့အဆင့်အတန်း မသတ်မှတ် မခွဲချားခဲ့ဘူး။
မျိုးရိုးနဲ့… အ၀တ်နဲ့.. အာဏာနဲ့.. စီးစိမ်နဲ့.. အသားအရောင်နဲ့လဲ မခွဲခြားမသတ်မှတ်ခဲ့ပါဘူး။

ဘာနဲ့ လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်ခဲ့သလဲဆိုရင်.. လူ့စိတ်အရည် အသွေးနဲ့သာ ခွဲခြားသတ်မှတ်ခဲ့တာပါ။
ကြားဖူးတဲ့ စကားနဲ့ပြောရရင်.. ကိလေသာနဲ့ခွဲခြားသတ်မှတ်ခဲ့တာပါ။
ကိလေသာဆိုတာ စိတ်ရဲ့အညစ်အကြေးလို့ ဆိုပါတယ်။ ကိလေသာ အထူအပါး.. လူ့စိတ်မှာ အညစ်အကြေး အနည်းအများနဲ့ လူ့အဆင့်အတန်းကို သတ်မှတ်ခဲ့တာပါ။

၁=လူ့ရဲ့စိတ်မှာ လိုချင်မှုတွေ(လောဘ)။
စိတ်ဆိုးမှု(ဒေါသ)။
မသိမှု(မောဟ) ။
စိတ်ထားမြင့်မှု(မာန) ။
အသိအမြင်အယူအဆမှားမှု (ဒိဋ္ဌိ)။
ပြတ်ပြတ်သားသားမသိမှု (၀ိစိကိစ္ဆာ)။
စိတ်လေးလံမှု စိတ်ထိုင်းမှိုင်းမှု (ထိန မိဒ္ဒ)။
စိတ်ပျံ့လွင့်မှု (ဥဒ္ဒစ္စ.ကုက္ကုစ္စ)
စိတ်က မကောင်းတာ မလုပ်ရမှာ မရှက်မှု (အဟိရိက) မကောင်းတာလုပ်ရမှာ မကြောက်မှု (အနောတ္တပ)စတဲ့ စိတ်ရဲ့အညစ်အကြေး ကိလေသာတွေ လူ့စိတ်မှာ အပြည့်ရှိနေရင်.. ““ပုထုဇဉ်””

နဲနဲလေး ထပ်ပြောချင်ပါသေးတယ်။ လူ့စိတ်မှာ လိုချင်မှု။စိတ်ဆိုးမှု။ မသိမှု။ စိတ်ထားမြင့်မှု။ စိတ်ရဲ့အယူအဆအသိအမြင်မှားမှု။ ပြတ်ပြတ်သားသားမသိမှု။ စိတ်လေးလံမှု။ စိတ်ပျံ့လွင့်မှု။ မရှက်မှု။ မကြောက်မှု။ဆိုတဲ့ စိတ်ရဲ့အညစ်အကြေး ၁၀=မျိုးအပြည့်ရှိနေရင် ““ပုထုဇဉ်””(ကိလေသာ ၁၀=ပါးဆိုတာ ဒါပါပဲ)
ကိလေသာဆိုတာ လူ့စိတ်ရဲ့ အညစ်အကြေး..
(ဂျီး)လို့ ဆိုပါတယ်။

ဒီနေရာမှာ သတိလေးပြုမိတာတစ်ချက်ကိုလဲ ပြောခဲ့ချင်ပါတယ်။ ကိလေသာ ဆိုတာ စိတ်ရဲ့အညစ်အကြေးလို့ ဆိုပါတယ်။ လူ့စိတ်ကိုညစ်နွမ်းစေတဲ့အရာ ၁၀=မျိုးကို ကိလေသာလို့ဆိုတာပါ။ အဲဒီ ၁၀-မျိုးထဲမှာ လောဘ မှ တပါး ကျန် ၉=မျိုးလုံးကို စိတ်နဲ့ပဲဆိုင်တယ်ဆိုတာ ပေါ်လွင်ကြပေမယ့် လောဘ.အရကောက်တဲ့အခါမှာတော့ စိတ်ကလိုတာရော.. လူ့ကိုယ်ကောင်က(ထမင်းဆာတာမျိုး ရေဆာတာမျိုး)ကိုလဲ ကောက်တတ်ကြပါတယ်။ ကျွန်တော်အထင်ကတော့ ကိလေသာဆိုတာ စိတ်ရဲ့အညစ်အကြေးဖြစ်လို့ လောဘအရကောက်တဲ့အခါမှာလဲ လူ့ကိုယ်ကောင်က လိုအပ်လို့လိုတာမျိုးကို မကောက်ပဲ စိတ်အလိုကိုသာ လောဘလို့ကောက်သင့်တယ်လို့ထင်မြင်မိပါတယ်။ ကျန်တဲ့ ၉=ပါးကတော့ စိတ်နဲ့ပဲဆိုင်တယ်ဆိုတာ ပေါ်လွင်ပါတယ်။

၂=လူရဲ့စိတ်မှာ အဲဒီ စိတ်ရဲ့အညစ်အကြေး ၁၀=မျိုးထဲက (ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ)
အသိအမြင်မှားမှုနဲ့ ပြတ်ပြတ်သားသားမသိမှုဆိုတဲ့ ၂=မျိုး မရှိတော့ဘူးဆိုရင် ““သောတာပန်””အဆင့်ရောက်သွားတော့တာပါပဲ။

၃=သကဒါဂါမ် အဆင့်ကတော့..လူ့စိတ်မှာ စိတ်ဆိုးတာတွေ.. ရာဂစိတ်တွေ.. မသိမှုတွေ နည်းအောင် အားထုတ်နေပြီဆိုရင် ““သကဒါဂါမ်””ပါပဲ။ သကဒါဂါမ်အဆင့်မှာ ငိုတာတွေ.. စိတ်ဆိုးတာတွေ ရှိနေတုန်းပါပဲ။ ဒါပေမယ့် နည်းအောင်တော့ ကျိုးစားနေပါပြီ…

၎=လူ့စိတ်မှာ ကာမ ရာဂ ဗျာပါဒဆိုတဲ့ အထက်ကဆိုခဲ့တဲ့ စိတ်ဆိုးမှုတွေ ရာဂတွေကို ပယ်ပြီးသွားပြီ… လူ့စိတ်မှာ အဲဒါမျိုးတွေမဖြစ်တော့ဘူးဆိုရင် အနာဂါမ်အဆင့်ရောက်ပြီလို့ဆိုပါတယ်။

၅=ရဟန္တာကတော့.. လူ့စိတ်မှာ ဘာအညစ်အကြေးမှကို မရှိတော့ပဲ.. ကိလေသာမှန်သမျှ လုံးဝမရှိတော့တဲ့လူကို ““ရဟန္တာ””လို့ ဘုရားက အဲဒီလို လူ့အဆင့်အတန်းကို သတ်မှတ်ခဲ့တယ်လို့ ကျွန်တော် နာလည်ထားပါတယ်။
ဒါဟာ ဘုရားသတ်မှတ်ခွဲခြားပြခဲ့တဲ့ လူ့အဆင့်အတန်း သတ်မှတ်ချက်ပါပဲ။

သတိပြုမိစေချင်တာကတော့ ဘုရားက လူ့အဆင့်အတန်းကို လူ့စိတ်အရည်အသွေးနဲ့သတ်မှတ်ပြခဲ့ပါတယ်။ လူ့စိတ်မှာ ကိလေသာလို့ဆိုတဲ့ စိတ်ရဲ့အညစ်အကြေး အပြည့်ရှိနေရင် လူ့အဆင့်အနိမ့်ဆုံး ပုထုဇဉ်။
လူ့စိတ်မှာ စိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့ ကိလေသာ လုံးဝမရှိတော့တဲ့လူကို လူ့အဆင့်အတန်းအမြင့်ဆုံး ““ရဟန္တာ””လို့ သတ်မှတ်ခွဲပြခဲ့တယ်ဆိုတာပါပဲ။

ဒီလူ့အဆင့်အတန်း ၅-မျိုးကို ကျွန်တော်က ပိုပြီး အသိရှင်းအောင်ဆိုပြီး ထပ်ချုံ့ကြည့်မိပြန်ပါတယ်။

ပုထုဇဉ်”ဆိုတာ.. စိတ်မှာ အညစ်အကြေးတွေ အပြည့်အ၀ရှိပြီး နေသူပဲ။
သောတာပန်” ဆိုတာကတော့.. ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာပြုတ်သွားတာဆိုတော့ လူ့စိတ်မှာ မှန်ကန်တဲ့ အသိအမြင်တွေရပြီး ပြတ်ပြတ်သားသား တရားကိုသိမြင်သွားသူလို့…

“သကဒါဂါမ်”ဆိုတာကတော့ သောတာပန်အဆင့်က အသိအမြင်တွေမှန်ပြီး တရားကိုပြတ်ပြတ်သားသားသိလိုက်တော့ ရာဂတို့ ဒေါသတို့ မောဟတို့ကို နည်းအောင် စပြီးအားထုတ်ကျင့်နေသူတွေဖြစ်သွားတာပဲ။

“အနာဂါမ်”ကြတော့ သောတာပန်က အသိမှန်ပြီး… သကဒါဂါမ်က စကျင့်တော့… အနာဂါမ်ကျတော့ စိတ်ရဲ့အညစ်အကြေးတွေကို တချို့ပယ်နိုင်ပြီး ကိလေသာတွေတချို့ပယ်နိုင်လာသူ။

““ရဟန္တာ””ကြတော့ လူ့စိတ်မှာ လုံးဝကို စိတ်ရဲ့အညစ်အကြေး ကိလေသာ မရှိတော့သူလို့ ကျွန်တော် ဘာသာ အတိုးချုံးပြီးလဲ နားလည်မိပါတယ်။

ဘုရားအဖြစ်စေချင်ဆုံးလူဟာ ရဟန္တာပါ။ ရဟန္တာဆိုတာ ..လူ့စိတ်မှာ စိတ်ရဲ့အညစ်အကြေးဆိုတဲ့ ကိလေသာလုံးဝမရှိသူကိုဆိုပါတယ်။
ပဘဿရ မိဒံ စိတ္တံ…လူ့ရဲ့ပင်ကိုယ်စိတ်ဟာ တောက်ပြောင်နေတယ်လို့ ဆိုပါတယ်။
တောက်ပြောင်နေတဲ့ လူ့ပင်ကိုစိတ်ကို လောဘ ဒေါသ မာန စတဲ့ ကိလေသာတွေ ၀င်လာလို့ တောက်ပြောင်နေတဲ့ လူ့စိတ်လေးညစ်နွမ်းသွားရတာပါ။

ဒီတော့ ပင်ကိုယ်က တောက်ပြောင်နေတဲ့ လူ့စိတ်လေးကို ညစ်နွမ်းအောင်လုပ်တဲ့ ကိလေသာကို ပယ်ရှားနိုင်လို့ လူ့စိတ်မှာ ဂျီးမရှိတော့ဘူးဆိုရင်တော့လဲ လူ့စိတ်လေးဟာ ပင်ကိုယ်အတိုင်းတောက်ပြောင်သွားဦးမှာပါပဲ။

အင်္ဂုလိမာလကြီး..ဘုရားနဲ့မတွေ့ခင်အချိန်အထိ လောဘတွေ ဒေါသတွေနဲ့ လူသတ်လက်ဖြတ်နေတဲ့ ပုထုဇဉ်ကြီးပေါ့။
ဘုရားနဲ့တွေ့လို့ ပြောဟောပြီးတဲ့အခါ နားလည်သဘောပေါက်ရာကနေ သူ့စိတ်မှာ ကိလေသာအညစ်အကြေးတွေကင်းပြီး ရဟန္တာဖြစ်သွားခဲ့တယ်။
ဘုရားနဲ့မတွေ့ခင်.. ပုထုဇဉ်.. အင်္ဂုလိမာလဆိုတဲ့လူနဲ့..
ဘုရားနဲ့တွေ့ပြီးလို့ ရဟန္တာ.. ဖြစ်သွားတဲ့ အင်္ဂုလိမာလ… ဘာတွေမတူကွဲပြားသွားပါလိမ့်။
ပုထုဇဉ်တုန်းကလဲ ထမင်းစားရေသောက် စကားပြောတွေ လုပ်ခဲ့ရှိခဲ့တာပါပဲ။
ရဟန္တာဖြစ်သွားတော့လဲ ထမင်းစားရေသောက် စကားပြောတွေ လုပ်နေရှိနေမှာပါပဲ။
ဘာထူးလဲ… ထူးတာကတော့ ထမင်းစားရေသောက် စကားပြောတဲ့အထဲမှာ ကိလေသာတွေနဲ့ စားခြင်း.. သောက်ခြင်း.. ပြောခြင်း..တွေလုပ်ခြင်း.. မလုပ်ခြင်းတွေပဲ ကွာခြားသွားတယ်လို့ခံစားမြင်မိပါတယ်ခင်ဗျာ။

ဘုရားအဖြစ်စေချင်ဆုံးလူဟာ “ရဟန္တာ”။
ရဟန္တာ ဆိုတာ လူ့စိတ်မှာ စိတ်ရဲ့အညစ်အကြေးဆိုတဲ့ ကိလေသာ လုံးဝမရှိသူ။ လူ့စိတ်လုံးဝသန့်ရှင်းသွားသူ။

ဘုရားကို ဆရာဝန်လိုပြောရရင် လူ့စိတ်ကို ကောင်းအောင်ကုတဲ့ဆရာဝန်။
ပုထုဇဉ်တွေကို အရူးလို့ပြောခဲ့တယ်။ အဲဒီပုထုဇဉ်ဘ၀ကလွတ်ပြီး(အရူးပျောက်ပြီး)ရဟန္တာဖြစ်အောင်ကုတဲ့ဆရာ ၀န်။ လူ့စိတ်ကို ကုတဲ့ ဆရာဝန်။
လူ့ကိုယ်ကို ကုတဲ့ဆရာဝန်မဟုတ်လို့။

နောက်ဆပ်ပြာလိုပြောရရင် ဆပ်ပြာက အပြင်က လူ့ကိုယ်ကောင်နဲ့ အ၀တ်တွေကို ပြောင်စင်အောင် သန့်ရှင်းအောင် တိုက်ချွတ်ပေးမှု။
ဘုရားကတော့ လူ့စိတ်ကိုပျောင်စင်အောင် လူ့စိတ်ကို သန့်ရှင်းသွားအောင် တိုက်ချွတ်ပေးသူ။
မှားတာရှိလျှင် .. အမှားထောက်ပြပြီး ပြုပြင်ပေးနိုင်ပါကြောင်း.. ပြုပြင်ပေးကြစေလိုပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..