ဒီမိုကရေစီ

ဒီမိုကရေစီ

ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး၊ မပြတ်သားဆုံး နိုင်ငံရေးယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ်နိုင်ငံများသည် ၎င်းတို့ကို ၎င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် အားလုံးက ဖော်ပြလေ့ရှိသည်။ ၁၉၅ဝ ခုနှစ်တွင် ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသော စရိုက်လက္ခဏာကို တွေ့ရှိရသည်။ နိုင်ငံရေးစနစ်အပြည့်အဝရှိကြောင်း ကြေငြာဖော်ပြကြသည့် တက်ရောက်သည့် နိုင်ငံပေါင်း (၅၀) ကျော်တို့က ၎င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး (တစ်ခါတရံတွင်မူ ၎င်းတို့နိုင်ငံ၌သာလျှင်) ရှိသည်ဟု အခိုင်အမာ ဆိုကြသည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။

စကားလုံးရင်းမြစ်

ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား (အုပ်ချုပ်မှုအာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည်။ အဖွဲ့ငယ် အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်ထက် အနည်းငယ်မျှသာ ပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၎င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသပြုသည့် စကားလုံးစကားရပ်တို့နှင့် ပူးတွဲမှသာ ပို၍ အသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင်ဒီမိုကရေစီ Participatory Democracy သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည်။

နောက်ခံသမိုင်းအစ

သမိုင်းကြောင်းအရတော့ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးသူများမှာ ဂရိမြို့ပြနိုင်ငံများမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံတို့ဖြစ်ပါသည်။ထိုစဉ်ကာလက အေသင်မြို့ပြနိုင်ငံ၏လူဦးရေမှာမများသကဲ့သို့ အေသင်ဒီမိုကရေစီစနစ်တွင်ပါဝင်သူ နိုင်ငံသားဦးရေမှာလည်းများသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံ နီးနီးရှိသော ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှရှိသော နိုင်ငံခြားသားများမှာ နိုင်ငံသားဟုသတ်မှတ်ခြင်းမခံရ၍ ပါဝင်နိုင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီးသော အမျိုးသားများသာ ပါဝင်ခွင့်ရသောကြောင့် အေသင်၏ဒီမိုကရေစီ စနစ်မှာများစွာကျဉ်းမြောင်းသည်ဟု ဆိုရပေမည်။

အေသင်မှာ ကျင့်သောစနစ်

အေသင်မြို့ပြနိုင်ငံတွင် ရှိသောလူမျိုးစုဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကိုထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ်ငါးဆယ်စီရွေးချယ်ထား၍ စုစုပေါင်းကိုယ်စားလှယ်ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီဟုလည်းခေါ်ဆိုကြသည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်ထဲတွင်ရှိသော်လည်း အရေးကြီးကိစ္စများ ဆောင်ရွက်စရာရှိလျင် လူထုအစည်းဝေးသို့တင်ပြကာ သဘောတူညီမူ့ရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ဘီစီ) လက်ထက် တွင်ထိုဒီမိုကရေစီ စနစ်ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကိုအသက်၂ဝ ပြည့်ပြီးသော နိုင်ငံသားတိုင်းတက်ရောက်နိုင်သည်။ လူဦးရေ ၆၀၀ဝ ကျော်ပါကအစည်းအဝေးအထမြောက်သည်။ မဲခွဲဆုံးဖြတ်ကြသောကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ် သဘောဖြစ်သည်။ ကမ ္ဘာပေါ်တွင် အစောဆုံးပြည်သူက တိုက်ရိုက် အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီ စနစ်ဟုခေါ်ဆိုနိုင်သည်။

စပါတာမှာ ကျင့်သောစနစ်

စပါတာမြို့ပြနိုင်ငံအုပ်ချုပ်ရေးသည် ရောနှောနေသောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာနိုင်ငံကို စတင်တည်ထောင် ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံမျိုး ဖွဲ့စည်းထားသော အသက်၆ဝ ကျော်ကောင်စီဝင်သုံးဆယ်ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ်ဥပဒေပြုကောင်စီ လည်းရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုအဖွဲ့ထဲတွင်လည်းပါသည်။ အသက်၃ဝ အထက်ယောင်္ကျားမှန်သမျှ ပါဝင်သည့် အယ်ပယ်လာ (Appella) ခေါ်လွှတ်တော်လည်းရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊ တိုင်းရေးပြည်ရာများဆွေးနွေးခြင်း၊ဥပဒေပြုကောင်စီဝင်များရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ် ကြိုးကိုင်အဖွဲ့ဝင် ငါးဦး(Ephors) ကိုရွေးချယ်ခြင်းစသည့် ကိစ္စများကိုဆောင်ရွက်သည်။ ထိုအီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီကသာ အာဏာရှိပြီး ဘုရင်မှာရုပ်သေးသက်သက်ဖြစ်သည်။ ရီပတ်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်ဆိုနိုင်သော်လည်း လွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသည်။ ထို့ကြောင့် လူနည်းစုဒီမိုကရေစီ ဟုလည်း ခေါ်ဆိုနိုင်သည်။

ကွဲပြားသော အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ

မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကကဲ့သို့ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကို သုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့် စနစ်ဖြစ်သည်။

ဒီမိုကရေစီစနစ်အရ “အစိုးရ”ဟူသည် ပြည်သူအများက ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များထဲမှ နိုင်ငံ၏ နိစ္စဓူဝစီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့် ရွေးချယ်ခံရသည့် အဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် လျှို့ဝှက်မဲပေးသောစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။

တစ်ပါတီစနစ်ထားရှိသော နိုင်ငံများတွင်ကား “ဆိုရှယ်လစ်ဒီမိုကရေစီ”ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသော ပါတီသည် နိုင်ငံရှိပြည်သူအများစုကြီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။

လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိသော လူ့ဘောင်အဖွဲ့အစည်း (ဥပမာ – တတိယကမာ္ဘမှ ကွန်မြူနစ်နိုင်ငံများ) တွင်ဒီမိုကရေစီဟူသော သတ်မှတ်ချက်အပေါ် အကဲဖြတ်မှုမှာ ကွဲပြားခြားနားမှု ဖြစ်ပေါ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူက အုပ်ချုပ်သည်မဟုတ်ဘဲ ပြည်သူလူထုသည် ၎င်းတို့ အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ မီခေးလ် ဂေါ်ဗာချော့ဗ် (Mikhail Gorbachev) စတင်သွပ်သွင်းသည့် ပြောင်းလဲမှုများမတိုင်မီက ဆိုဗီယက်ယူနီယံ၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့၊ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ် လူသားစစ်စစ် မပေါ်သေးသရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမဝင်ဘဲ အဆိုးဆုံးအခြေအနေများ ကိုပင် ဖန်တီးပေးလိမ့်မည်ဟု ဝေဖန်ပြောဆိုကြသည်။ ၎င်းတို့က စောဒကတက်သည်မှာ လူအများ၏ အမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ၊ ထို့ပြင် မိမိတို့၏ အဓိက လိုအပ်ချက်သည် မည်သည့်အရာ ဖြစ်သည်ကို ခွဲခြားနိုင်မှု မရှိသေးဘဲ ၎င်းတို့၏ ခေါင်းဆောင်များကိုသော်လည်းကောင်း၊ နိုင်ငံရေး အခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟုဆိုကြသည်။

ဒီမိုကရေစီစနစ်၏ အနှစ်သာရများ

(က)လွတ်လပ်စွာ တွေးခေါ်မှု။ ။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ဟာ အရာရာ တိုင်းမှာအမှန်ဆုံးနဲ့ အကောင်းဆုံးဖြစ်ဖို့ပါပဲ။ အမှန်တရားနဲ့ အကောင်းဆုံးနည်း လမ်းဆိုတာ လူ့ဦးနှောက်က ထွက်ပေါ်လာတာဖြစ်တယ်။ ဒါပေမယ့် ဘယ်သူဘယ် ဝါရဲ့ ဦးနှောက်က ထွက်လာမယ်ဆိုတာ ကြိုတင်မသိနိုင်ဘူး ။ ဒါကြောင့် အမှန် တရားနဲ့အကောင်းဆုံးနည်းလမ်းတွေ ရရှိလာဖို့ လူတိုင်းဟာ မိမိတို့ရဲ့ ဦးနှောက်ကို အသုံးပြုပြီး လွတ်လပ်စွာတွေးခေါ်ဖို့ လိုပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ တွေးခေါ် ခွင့်ဆိုပြီး ပရမ်းပတာ ၊စည်းလွတ်ဝါးလွတ် တွေးခေါ်တာမျိုးဟာ ဒီမိုကရေစီနဲ့ လား လားမှ မလျော်ညီဘူး။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်အတိုင်း အများအကျိုးရှိအောင်၊ မှန်ကန်မျှတအောင် တွေးခေါ်ဖို့ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ အကျင့်သီလနဲ့ တွေး ခေါ်ကြဖို့ ဖြစ်ပါတယ်။

(ခ) လွတ်လပ်စွာ ပြောဆိုမှု။ ။ လွတ်လပ်စွာ ပြောဆိုမှုမရှိရင် ဒီမိုကရေစီ ဆိတ်သုဉ်း သွားမယ်။ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင် လွတ်လပ်စွာပြောဆိုခွင့် ပေးရမယ်။ ဒါပေမယ့် လွတ်လပ် စွာပြောဆိုခွင့်ဆိုတာ စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းပြောတာမျိုး ၊အကျိုးရှိရှိ ၊မရှိရှိ ပြော တာမျိုးဟာ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးရာရောက်ပါတယ်။ မဟုတ်မမှန် မတရားတဲ့ စကားတွေကို ပြောဆိုခြင်းဟာ လွတ်လပ်မှုကို အကျိုးမဲ့စေတယ်။ ခြုံ ပြီးပြောရရင် ဒီမိုကရေစီနိုင်ငံတစ်ရပ်အဖို့ အစိုးရဟာ ပြည်သူလူထုကို လွတ်လပ် စွာပြောဆိုခွင့် ပေးရတယ်။ ပြည်သူလူထုကြီးကလည်း မိမိတို့အချင်းချင်း လွတ်လပ် စွာပြောဆိုရာမှာ ရရှိထားတဲ့ လွတ်လပ်မှုတွေကို နိုင်ငံအတွက် တရားသဖြင့် အသုံး ပြုရတယ်။ အလွဲသုံးစားမပြုရ ၊လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ရည်ရွယ်ချက်ဟာ ဟုတ် မှန်ပြီး အကျိုးရှိတဲ့ စကားမျိုးဖြစ်ဖို့ လိုပါတယ်။

(ဂ)လွတ်လပ်စွာရေးသားခွင့်။ ။အသိအလိမ္မာ ၊ ဉာဏ်ပညာဟာ ဒီမိုကရေစီ စနစ်ရဲ့အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ အသိအလိမ္မာ ဉာဏ်ပညာခေါင်းပါးတဲ့ ဒေသတစ်ရပ်မှာ ဒီမိုကရေစီမထွန်းကားနိုင် ၊ လူတိုင်းအသိဉာဏ် ၊အဆင့်အတန်း မြင့်ဖို့လိုပါတယ်။ လမ်းမှန်ကို စဉ်းစားနိုင်ရမယ်။ လမ်းမှန်ကို စဉ်းစားနိုင်မှ မှန်တဲ့ စကားကို ပြောနိုင်မယ်။ တရားနည်းလမ်းကျတဲ့ အလုပ်ကိုလုပ်နိုင်မယ်။ ဒါမှ လူထု ဆန္ဒအမှန်ကို ဖော်ပြနိုင်မယ်။ လူထုကိုယ်စားလှယ် အစစ်အမှန်ကို ရွေးချယ်နိုင်မယ်။ ဒါကြောင့် လူထုအသိဉာဏ် တိုးတက်လာစေတဲ့ သတင်းစာ ၊ ဂျာနယ် ၊မဂ္ဂဇင်း စတာတွေကို လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ပြုတယ်။ အဲဒီရေးသားထုတ်ဝေ ခွင့်တွေ မလွတ်လပ်ရင် ဒီမိုကရေစီကျင့်စဉ်ဟာ တိမ်မြုပ်သွားနိုင်တယ်။ လူထုဆန္ဒ ဟာလည်း တိမ်မြုပ်ပျောက်ကွယ်သွားနိုင်တယ်။ စာရေးဆရာ ၊ သတင်းစာဆရာ များကလည်း လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်ဆိုပြီး ကလောင်သွားသမျှ လက် လွတ်စပယ်ရေးတာမျိုး ၊မဟုတ်မမှန် လုပ်ကြံရေးတာမျိုး ၊ အဂတိတရားလေးပါး လိုက်စားရေးတာမျိုး မပြုအပ်ပါ။ ပြည်သူလူထုအကျိုးရှိမယ့် အကြောင်းအရာတွေ သာ မကွယ်မထောင့် ဝံ့ဝံ့စားစား ရေးရပါမယ်။ ပါတီနိုင်ငံရေးခေတ်မျိုးတွင် ပါတီ သံယောဇဉ်ထားပြီး မလိုတစ်မျိုး ၊လိုတစ်မျိုး မရေးသင့်ဘူး ။ သန့်ရှင်းတဲ့စိတ်ထားနဲ့ ရေးရမယ်။

(ဃ) လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်။ ။ ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာ လွတ်လပ် စွာပြောဆိုရေးသားခွင့်သာမက လွတ်လပ်စွာနေထိုင်သွားလာ လုပ်ကိုင်စားသောက် ခွင့်ရှိသည်။ နိုင်ငံတော်၏ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုသမျှ ၊ သူတစ် ပါးရဲ့ လွတ်လပ်မှုကို မဖျက်ဆီးသမျှ ၊ မည်သူမဆို မိမိလုပ်လိုရာ မိမိသဘော အတိုင်း လုပ်ကိုင်ခွင့်ရှိတယ်။ ဥပဒေကို အများဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်းလိုက်နာရတယ်။ ဒီဥပဒေတွေဟာ လူတိုင်းရဲ့ လွတ်လပ်မှုကို

ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေကို သက်ဆိုင်ရာအစိုးရက ဥပဒေ နှင့်အညီ ခွင့်ပြုရတယ်။ ဥပဒေမဲ့ လုပ်ပိုင်ခွင့်မရှိကြဘူး။

(င)လူထုဆန္ဒ။ ။များရာနိုင်တိုင်း မှန်သလား၊ လူထုဆန္ဒဆိုတာလည်း မိမိပင်ကို ဉာဏ်နဲ့ ဒါတွေမှားတယ် ၊ဒါတွေတရားတယ် စတာတွေကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ အများဆန္ဒသာ ဒီမိုကရေစီဖြစ်ပါတယ်။ အမှားအမှန်မသိတဲ့ အများဆန္ဒဟာ ဒီမို ကရေစီရဲ့ ဦးတည်ချက်ကို ပေါက်ရောက်မယ်မဟုတ်ဘူး ။ဒီမိုကရေစီနဲ့ ပိုလို့ပင် အလှမ်းဝေးသွားနိုင်ပါတယ်။ ဒီမိုကရေစီဦးတည်ချက် ပေါက်ရောက်အောင်မြင်ဖို့ အတွက် ဒီမိုကရေစီထူထောင်ရာတွင် ပြည်သူလူထုကြီးရဲ့ လူမှုဘဝလိုအပ်ချက်များ ရင့်မာပြည့်စုံလာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အသိအလိမ္မာ ၊ဉာဏ်ပညာ အဆင့်အတန်း မြင့်မားလာဖို့ လိုပါတယ်။ ဒါမှသာ ဒီမိုကရေစီကျင့်စဉ်ကို လက် တွေ့ဘဝမှာ မှန်ကန်စွာ ကျင့်သုံးလာနိုင်မယ် ဖြစ်ပါတယ်။

ဒီမိုကရေစီ၏ ဖြစ်စဉ်ကို အကျဉ်းချုပ်လေ့လာမည်ဆိုလျှင် လွန်ခဲ့သည့် ဘီစီ (၇၅၀)ခန့် ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမြို့ပြနိုင်ငံများတွင် အရွယ်ရောက် သည့် နိုင်ငံသားတိုင်း တိုက်ရိုက်စုပေါင်းဆွေးနွေးဆုံးဖြတ်သည့် စနစ်ဖြစ်ပါသည်။ ထိုခေတ်တွင် အေသင်နိုင်ငံ ငယ်သည် ဒီမိုကရေစီစနစ် အထွန်းကားဆုံးဖြစ်သည်ဟု ဆိုပါသည်။ အေသင်နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို တိုက်ရိုက်ဒီမိုကရေစီစနစ်ဟု ခေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အေသင်မြို့သူ ၊မြို့သားအားလုံးသည် ကျယ်ဝန်းသည့်တစ်နေရာတွင် စုရုံးတွေ့ဆုံပြီး မဲပေးဆုံးဖြတ်သည့်စနစ်ကြောင့် ဖြစ်ပါသည်။ ထိုဂရိမြို့ပြ နိုင်ငံများတွင် ဒီမိုကရေစီထွန်းကားသည့် ကာလမှာ ကျေးပိုင်ကျွန်ပိုင်ခေတ် အဆင့်သာရှိပါသည်။ ထိုကာလ တွင် ဒီမိုကရေစီလွတ်လပ်ခွင့်ကို ကျွန်ပိုင်ရှင်များသာ ခံစားခွင့်ရှိပါသည်။ (ကျေးကျွန်များတွင် ဒီမိုကရေစီ မရှိပါ) လူတိုင်းတူညီသည့် အခွင့်အရေး မရရှိခဲ့ကြပါ။ ဤအပေါ်အကြောင်းပြု၍ ဒီမိုကရေစီသဘောတရားကို အနောက်ဥရောပနိုင်ငံများက လက်တွေ့ဘဝနှင့် ပေါင်းစပ်ပြီး အဆင့်ဆင့်ထူထောင်ကျင့်သုံးလာခဲ့ခြင်း ဖြစ် ပါသည်။ ယနေ့ ဒီမိုကရေစီနှင့် ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်လာခဲ့သော ဒီမိုကရေစီတို့သည် လွန်စွာခြားနားပါသည်။

ဒီမိုကရေစီဟူသော ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်သည် ပြည်သူတို့အုပ်ချုပ်သော အစိုးရဖြစ်ပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် အခြေခံအကျဆုံးဖြစ်၍ အများဆုံးအသုံးပြုကြပါသည်။ ထိုအဓိပ္ပါယ်ကို အဓိကပြင်ဆင်ချက်အနေဖြင့် နိုင်ငံများအနေဖြင့် အုပ်ချုပ်မှုကို ဆောင်ရွက်ကြရာတွင် ပြည်သူ တို့က တိုက်ရိုက်မလုပ်ဆောင်ကြဘဲ ပြည်သူတို့က လွတ်လပ်စွာ အခွင့်အရေးတူညီသော အခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်များက အုပ်ချုပ်မှုကို လုပ်ဆောင်ကြသည်ဟု ဖွင့်ဆိုနိုင် သည်။ အချုပ်မှာ ပြည်သူတို့က လွတ်လပ်စွာမဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဆောင်ရွက်ကြသော အုပ်ချုပ်မှုသာလျှင်ဖြစ်ပေသည်။ အကောင်းဆုံး ၊စံအမြင့်ဆုံး ဒီမိုကရေစီအုပ်ချုပ်ရေး သည် အားလုံးသောပြည်သူတို့၏ အကြိုက်ကိုလိုက်၍ ဆောင်ရွက်သည်ဟု ဆိုရပေမည်။ ထိုသို့ ပြီးပြည့်စုံ သော စနစ်မျိုးဖြင့် အုပ်ချုပ်သောအစိုးရဟူ၍ မည်သည့်အခါမျှ မဖြစ်နိုင်ပေ။ သို့သော် ထိုအဖြစ်မျိုးကို အမြင့်ဆုံးစံအဖြစ်ထား၍ ထိုစံကို မီနိုင်သ၍မီရန် ဒီမိုကရေစီအစိုးရများ မည်မျှဒီမိုကရေစီ အနှစ်သာရကို ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာ၌ အောင်မြင်မှုအတိုင်းအတာသည် လွယ်ကူစွာ ခန့်မှန်း၍မရနိုင်ပေ။ မည်ရွေ့မည်မျှ အောင်မြင်သည်ဟူ၍ တိုင်းတာနိုင်ရန် အချက်သုံးချက် ရှိသည်။ ယင်း တို့သည် အုပ်ချုပ်မှုစနစ် မည်မျှခိုင်ခံ့သည် ၊ မည်မျှကြာရှည်ခံသည်ဟူ၍လည်းကောင်း ၊ရွေးကောက်ပွဲတွင် ပြည်သူတို့မည်မျှ စိတ်ဝင်စားစွာ မဲပေးကြသည်ဟူ၍လည်းကောင်း ၊ ရွေးကောက်ပွဲမှာဖြစ်စေ ၊ အခြားနိုင်ငံ ရေးကိစ္စများမှာဖြစ်စေ အကြမ်းဖက်မှု ကင်းမကင်းဟုလည်းကောင်း ဖြစ်ပေသည်။ အတော်အသင့် ပြည်သူ့ ဆန္ဒကို လိုက်လျောသော ဒီမိုကရေစီမျိုးသည် အောက်ပါအာမခံချက် ရှစ်ချက်ရှိနေမှသာ တည်မြဲနိုင်ပေ မည်။

အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် အဖွဲ့အစည်းများတွင် ပါဝင် ခွင့် ။
လွတ်လပ်စွာ မိမိ၏အာဘော်ကို ဖော်ပြနိုင်ခွင့် ။
လွတ်လပ်စွာ မဲပေးနိုင်ခွင့် ။
ပြည်သူ့ဝန်ထမ်းရာထူးအတွက် အရွေးခံနိုင်ခွင့်။
နိုင်ငံရေးခေါင်းဆောင်တို့အဖို့ မိမိ၏ပါတီကို ပြည်သူတို့ ထောက်ခံမဲပေး စေရန် အပြိုင်အဆိုင် မဲဆွယ်ခွင့် ။
သတင်းများကို အစိုးရဌာနများမှအပ အခြားဌာနများထံမှ ရနိုင်ခွင့် ။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခွင့် ။
အစိုးရမူဝါဒများကို ပြဌာန်းမည့်အဖွဲ့အစည်းများ၏ မဲဆန္ဒနှင့် အခြားဆန္ဒ များပေါ်တွင် တည်ရှိနိုင်ခွင့် တို့ဖြစ်သည်။

အွန်လိုင်း – မှတ်စုစာအုပ် မှကူးယူဖော်ပြပါသည်။

ညိုလင်းထွဏ်း ဖေ ့ဘွတ်ခ်မှ ။

About အမုန်း လုလင်

အမုန်း လုလင် has written 18 post in this Website..

လူလူချင်း ညှာတာထောက်ထားမှု ကင်းမဲ့ တာမျိုးကို လုံး ၀မနှစ်သက်ပါ ။