ဤခရီးနီးလာပြီး

toyoJuly 3, 20101min600

အသက် ၂၀-အရွယ်လောက်မှာလို့ မှတ်မိနေတယ်၊ ဤခရီးနီးသလား-ဆိုတဲ့ စာရေးဆရာ ချစ်စံဝင်းရဲ့ ဆောင်းပါးရှည်ကြီးကို မြဝတီမဂ္ဂဇင်းမှာ ဖတ်ခဲ့ရတယ်၊ နောက် အဲဒီဆောင်းပါးကြီးက စာအုပ်ဖြစ်လာပြီး အမျိုးသားစာပေဆု ရခဲ့တယ်။

ရေးထားတဲ့အကြောင်းရာကတော့ ဥပါဒ်၊ ဌီ၊ ဘင်ဆိုတဲ့ ဖြစ်-တည်-ပျက်သဘောတရား သုံးခု ကို အဓိကကျောရိုးလုပ်ထားတယ်၊ သူမေးတာက ဤခရီးနီးသလားတဲ့၊ ခု ဖြေချင်တာက ဤခရီး နီးလာပြီ။

ပြောခဲ့ဘူးပါတယ်၊ မွေးလာတည်းက သေခြင်းဆိုတဲ့ဆာတီဖေကိတ် လက်မှတ်ကြီးကို လက်မှာ ကိုင်ပြီးမွေးလာရတယ်၊ အဲဒီကစပြီး ခရီးလျှောက်နေကြရတာက သေခြင်းဆိုတဲ့ ပန်းတိုင်တစ်ခုဆီပေါ့၊ သေခြင်းဟာ တကယ်လည်း မဆန်းပါဘူး၊ သက်ရှိတစ်ယောက်ဖြစ်လာပြီဆိုရင် အဲဒီအသက် သေဆုံး ခြင်းဆိုတဲ့ နေ့ကို မလွဲမသွေတွေ့နေ ဆုံနေကြရဦးမှာအမှန်ပါပဲ၊ သေခြင်းက မထူးဆန်းလှပေမယ့် ရှင်ခြင်းကတော့ တကယ်ပဲ ထူးဆန်းလှပါတယ်၊ ရှင်နေတဲ့အချိန်မှာတော့ အမျိုးမျိုးနဲ့ဆန်းနေကြရ ပါတယ်၊ အဆန်းကောင်းတွေရှိသလို မကောင်းတဲ့အဆန်းတွေ အထူးတွေနဲ့လည်း လုံးပန်းနေကြရတာ ပါပဲ၊ ထူးထွေဆန်းပြားဆုံးအရာကတော့ လောကမှာ သက်ဝင်လှုပ်ရှား ရှင်သန်နေရတဲ့ဘဝပါပဲ။

ပန်းဥယျာဉ်ထဲမှာ အရောင်သွေးစုံနဲ့ ဖူးပွင့်နေကြတဲ့ ပန်းပွင့်တွေလိုပါပဲ၊ တစ်ချို့ကြွေ တစ်ချို့ဝေ၊ တစ်ချို့နွမ်း တစ်ချို့ပမ်း၊ တစ်ချို့ဖူး၊ တစ်ချို့ပွင့်၊ တစ်ချို့တော့လည်း ပိုးကိုက်ထားလို့ အလှတွေပျက်နေကြ၊ တစ်ချို့တော့လည်း အားမာန်အပြည့်နဲ့ ဝံ့ထည်နေကြ၊ ဒီလောက ငါသာအလှဆုံး အကြွားဝံ့ဆုံးလို့ ပြောပြနေသယောင်ပေါ့။

အဲဒီလိုပါပဲ၊ လူ့ဘဝဆိုတာလည်း တစ်ချို့အလိုတွေပြည့်လို့၊ တစ်ချို့ အလိုတွေ ချို့လို၊ တစ်ချို့တော့လည်း ခက်နွမ်းနွမ်းနဲ့ လျှောက်လှမ်းကြရတဲ့ဘဝ၊ ပင်ပမ်းမှုတွေ အနန္တနဲ့ပေ့ါ၊ တစ်ချို့တော့ လည်း လောကနိဗ္ဗာန်လို့ ဆိုလောက်အောင် လောကကြီးမှာ အလိုဆန္ဒတွေ လိုသလိုရနေကြ၊ ဘဝဇာတ်ဆရာ အလိုကျ ကပြနေကြရတဲ့ လောကဇာတ်ခုံပေါ်မှာ-

တစ်ချို့က အလိုတွေပြည့်နေလို့ ဤခရီးဝေးတယ်ထင်နေကြတယ်၊ တစ်ချို့တော့လည်း အလို တွေ မပြည့်တော့ အဲဒီအလိုတွေ ပြည့်အောင်ဖြည့်ရင်း အားထုတ်ကြရင်းနဲ့ ဤခရီးကို ဝေးခြင်း နီးခြင်း သတိ မထားနိုင်ဖြစ်နေကြ၊ တကယ်ကတော့ ဤခရီးက နီးနီးလေးရယ်၊ သေခြင်း နဲ့ ရှင်ခြင်း ဆိုတဲ့ စကား နှစ်လုံးထဲနဲ့တင်ပဲ အနီးအဝေးက ကျောခြင်းကပ်နေတာ၊ သတိမမူရင်တော့ ဘယ်လာမြင်နိုင်ပ၊ သတိ မူမိရင်တော့လည်း ဒီခရီးက သိပ်ကိုနီးကပ်နေတယ်ဆိုတာကို မြင်ကြမှာပေါ့။

ဒီနေ့ခေတ် တီဗွီ၊ ဗွီဒီယိုဖန်သားပြင်တွေပေါ်မှာ ရှုမြင်နေကြရတဲ့ ဇာတ်ကွက်၊ ဇာတ်လမ်း၊ သရုပ်ဆောင်မှုတွေကို အတော်ထူးဆန်းတယ်နဲ့ လူတွေက မြင်နေကြ အထင်ရှိနေကြတယ်၊ အလှည့် အပြောင်းတွေ အနွှဲ့နှောင်းတွေ၊ ချစ်လိုက်ကြ၊ မုန်းလိုက်ကြ၊ တိုက်လိုက်ကြ၊ ခိုက်လိုက်ကြ၊ ချစ်ပြီးမုန်း၊ မုန်းပြီးချစ်၊ ကွဲကြ ကွာကြ၊ ပေါင်းကြ ဆုံကြ၊ ဒီနေ့ဆင်းရဲ နောက်နေ့ချမ်းသာ၊ ဒီနေ့ ချမ်းသာ၊ နောက်နေ့ ဆင်းရဲ၊ ဒါတွေကို စာရေးဆရာတွေ ဒါရိုက်တာတွေက ဖန်တီးကြ၊ ဖန်တီးတဲ့တိုင်း သရုပ်ဆောင်သူ တွေက လိုက်လုပ်ကြ၊ သရုပ်ဆောင် ကောင်းရင် ကောင်းသလောက် ဇာတ်ကွက်တွေက အသက်ဝင်၊ မကောင်းရင် မကောင်းသလောက် အသက်ကင်းမဲ့၊ အဲဒါ လူတွေဖန်တီးတဲ့ ဇာတ်ကွက်ပေါ့။

ဟော လောကကြီး၊ ကံကြမ္မာ ဖန်တီးတဲ့ဇာတ်ကွက်ကို ကြည့်၊ မြင်အောင်ကြည့်၊ ကြည့်တတ် ရင်တော့ လောကကြီးဟာ ဇာတ်ခုံကြီးပဲ၊ ကံကြမ္မာဟာ ဇာတ်လမ်းဖန်တီးသူ စာရေးဆရာ၊ ဒါရိုက်တာ၊ နေ့မြင် ညပျောက်၊ သေခြင်းနဲ့ ရှင်ခြင်းတရား၊ ချမ်းသာ ဆင်းရဲ၊ ကံကောင်းမှုနဲ့ ကံမွဲမှု၊ ကြိုးစားတိုင်း လည်း မအောင်မြင်၊ မကြိုးဘဲနဲ့လည်း အောင်မြင်မှုတွေက အစီအရီ၊ တိုက်အိမ်ကြီးတွေနဲ့ ဇိမ်ခံကားကြီး တွေပေါ်က သူဌေးကြီးတွေ ဆင်းရဲဒုက္ခတွေနဲ့ နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရတာကို လူတွေကတော့ မမြင်၊ သူကိုယ်တိုင်သာ မြင်၊ ကြယ်မြင် လမြင်၊ အိမ်စုတ်လေးနဲ့ မိသားစု၊ ချစ်ခြင်းတရားတွေ အကြင်နာတွေ ဖေးမမှုတွေနဲ့ စိတ်လက်ချမ်းသာ နေထိုင်လုပ်ကိုင်စားသောက်နေကြတာ၊ ဘေးအမြင်ကတော့ သနား စရာ၊ ဆင်းရဲနေကြတယ်ပေါ့၊ သို့သော် မိသားစုလေးက ကျန်းမာပျော်ရွှင်၊ သူ့ဘဝ သူတိုတီထွင်။

ကြားဘူး ဖတ်ဖူးကြပါလိမ့်မယ်၊ ကမ္ဘာ့သန်းကြွယ်သူဌေးကြီးတွေ၊ သန်းတွေသာ ကြွယ်နေတာ၊ အကြွေးတွေ လည်ပင်းထိရောက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတာကိုတော့ ဘေးက မမြင်နိုင်၊ သူတို့ဟာသူတို့တော့ဖြင့် နေ့မနားနိုင်၊ ညမအိပ်နိုင်၊ ဒီအကြွေးတွေ ဘယ်လိုလုပ်ဆပ်ပါ့မယ်နဲ့လေ။

လမ်းဘေးမှာ တောင်းရမ်းစားသောက်နေကြသူတွေ၊ လမ်းဘေးမှာ စိတ်မနံ့လို့ အရူးဘဝ ရောက်နေကြတဲ့သူတွေ၊ ဘေးကတော့ သနားပါရဲ့၊ ဆင်းရဲလိုက်တာပေါ့၊ သို့သော် သူတို့ဘဝကို သူတို့ပျော်၊ ကူကယ်သူမဲ့ပေမယ့် သူတို့ပျော်ရွှင်။

ဟော ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ နာဂစ်ဆိုတဲ့ မုန်တိုင်းကြီး ဝင်မွှေသွားလိုက်တာ ဧရာဝတီ တိုင်းကြီး တစ်ခုလုံးနီးပါး ချမ်းသာသူရော၊ ဆင်းရဲသူရော၊ ဘာသာခြားရော၊ ဘာသာတူရော၊ အားလုံး စိတ်ရော ကိုယ်ရော ဆင်းရဲခဲ့ကြ၊ သားကွဲ၊ မယားကွဲ၊ သားသေ မယားသေ၊ လင်သေ၊ အဘိုးသေ အဘွားသေ၊ မိသားစု အားလုံးသေကြေပျောက်ဆုံး၊ မိမဲ့ ဘမဲ့၊ ဘဝမျိုးစုံ ဆင်းရဲအဖုံဖုံနဲ့၊ ဆင်းရဲသူတွေ ချမ်းသာခဲ့၊ ချမ်းသာသူတွေ ဆင်းရဲခဲ့၊ မနေ့ကသည် ဒီနေ့ရဲ့ တရားခံ၊ ဒီနေ့ဟာ မနက်ဖန်အတွက် အခြေခံအုပ်မြစ်လို့ဆိုမယ်ဆိုရင်ဖြင့်…..

ဒါတွေဟာ ကံဇာတ်ဆရာရဲ့စီမံဖန်တီးမှုလို့သာ ဆိုရပေမယ်လေ၊ မနေ့ကကို ဒီနေ့ မြင်နိုင်ခဲ့ကြ ပေမယ့် ဟို…. ရှေးရှေးက မနေ့ကကိုတော့ဖြင့် ဒို့မမြင်နိုင်ခဲ့ပေပဲ၊ အတိတ်ဆိုတာက အဝေးကြီးလည်း ရှိ၊ အနီးလေးလည်း ရှိ၊ အနီးအဝေး မမြင်နိုင်သေးသမျှကာလ၊ ဘယ်လာ ဘဝကို သုံးသပ်ဆင်ခြင်နိုင်ပ၊ အတိတ်ကောင်းမကောင်း ပစ္စုပ္ပန်ကိုကြည့်၊ အနာဂတ် ကောင်းနိုင်မကောင်းနိုင် ပစ္စုပ္ပန်ကိုကြည့်၊ ဒီလို ဆိုရင်ဖြင့် ဘာပဲဖြစ်ဖြစ်နေနေ၊ ဟောဒီ ဒီနေ့လေး သိပ်ကောင်းအောင် လုပ်သင့်တာပ။

ကံကြမ္မာက ဖန်လာပြီဆိုရင် ဒီနေ့ လောကမျက်မြင် စာရေးဆရာတွေ ဒါရိုက်တာတွေ လိုက်လို့ မမှီပါဘူး၊ ကံကြမ္မာက ဖန်တီးတဲ့ဇာတ်လောက် ထူးဆန်းတာ ဟောဒီလောကမှာ ဘယ်သင်း ဘယ်ဟာမှ မရှိပါဘူး၊ နေ့မြင် ညပျောက်ဆိုတဲ့ အနီးအဝေးဟာ တကယ့်ကို အနီးလေးပါ၊ သေခြင်း တရားနဲ့ ရှင်ခြင်းတရားဟာ သုံးနဲ့လေး (၃/၄)လို ကျောခြင်းကပ်နေတာမို့ မျက်နှာခြင်း ဆိုင်မိလိုက်တာ နဲ့ သေချင်သေ၊ ရှင်ချင်ရှင် တစ်ခုပါပဲ၊ ဤခရီးက အနီးလေး။

မသေခင်မှာ လုပ်စရာရှိတာတွေကို လုပ်ရမယ်၊ အကောင်းလုပ်ရင်တော့ ကောင်းကျိုးခံစား ရပေမယ်ပေါ့၊ မကောင်းတာလုပ်ရင်လည်း ကံဇာတ်ဆရာက မျက်နှာမလိုက်ပါဘူး မကောင်းကျိုးပဲ ခံစားရမှာပါ၊ မကောင်းတာလုပ်ပြီး ကောင်းကျိုးတွေခံစားနေရတယ်ဆိုပေမယ့် အဲဒါဟာ အတိတ် တစ်ခုခုမှာ ကောင်းတာတွေကြောင့်ရယ်ပါ၊ ကောင်းတာလုပ်ပေမယ့်လို့ မကောင်းတာတွေပဲ ဖြစ်နေရ တယ်ဆိုရင်လည်း ဒါဟာ ခေတ္တခဏ အခိုက်တန့်လေးပါ၊ ဟိုး… ရှေးရှေး မမြင်နိုင်တဲ့ ဘဝတစ်ခုခုမှာ အမှားအယွင်းရှိခဲ့လိုသာပါ၊ ပါဠိစကားတစ်ခုမှာကတော့- ဇနေတိ သဒိသံ ပါကံ= တူသော အကျိုး ပေးလိမ့်မည်တဲ့၊ ဒီလိုရှိပါတယ်၊ အားငယ်စရာမဟုတ်ပါဘူး၊ အရေးကြီးတာက ခု လက်ရှိဘဝလေးကို ကောင်းကောင်းနေဘို့၊ ကောင်းကောင်းလေး လုပ်ဘို့၊ ကံဇာတ်ဆရာကို ယုံကြည်မှုရှိစွာနဲ့ အလုပ်လုပ် ဘို့ပါပဲ။

ကံယုံပြီး ဆူးပုံကိုတော့ မနင်းကြနဲ့ပေါ့၊ ဆူးဆိုတာ စူးတတ်တဲ့အမျိုးမို့ ဆင်းရဲချမ်းသာ မရွေး၊ ဘာသာမရွေး၊ အသားရောင် မရွေး၊ စူးမှာပါပဲ၊ အဲဒီဆူး အစူးမခံရအောင် ဖိနပ်လေးစီးပြီး နင်းပေါ့၊ ဘယ် ဟာကိုလုပ်လုပ် စဉ်းစားဆင်ခြင်မှုလေးနဲ့လုပ်ပေါ့၊ ပညာဉာဏ်နဲ့ ဆင်ခြင်ပေါ့၊ ဘာပဲဖြစ်ဖြစ်၊ အသိလေး နဲ့ဆင်ခြင်ပြီး လုပ်ရင် လုပ်သမျှ အမှားနည်းမယ်၊ ကုသိုလ် အကုသိုလ်၊ ကောင်း မကောင်း ခွဲခြားပြီး လုပ်မယ်ဆိုရင် နောင်သံသရာအတွက် စိတ်ချရမယ်၊ အရာရာကို ကံကိုသာ ပုံချနေမယ်ဆိုရင်လည်း လောကကြီး ဘာမှအလုပ်မလုပ်ဘဲ အိပ်ပြီး အချိန်ကုန်တဲ့ထိနေပြီး သေယုံပဲရှိတာပ၊ အဲဒီလို မသေ သေးခင်၊ သေခြင်းဆိုတာနဲ့ ရင်မဆိုင်ရသေးသ၍ ကိုယ့်မှာ အမှားတွေ ပြင်ဆင်ခွင့်ရှိတယ်၊ အကောင်း တွေ ရွေးပြီး လုပ်ခွင့်ရှိတယ်၊ လုပ်တဲ့အလုပ်အတိုင်း ကာယကံ၊ ဝစီကံ၊ မနောကံ အားလုံးဟာ ဖြူစင်နေ မယ်၊ သန့်ရှင်းနေပြီဆိုရင်တော့ သေခြင်းတရားရေ မင်းဘယ်လောက် နီးနီး၊ ငါ့မှာ မင်းကို ရင်ဆိုင်ဘို့ အသင့်ပဲဟေ့လို့ ကြွေးကြော်နိုင်ပြီပေါ့။

အင်း …. ဤခရီးကတော့ နီးလာပြီ၊ လာဟေ့ သေမင်းလို့ ကြွေးကြော်နိုင်ကြပါပြီလား…. မကြွေးကြော်နိုင်သေးရင်ဖြင့် သူငယ်ချင်းရေ ဆက်ကြိုးစား၊ အချိန်ရှိသေးတယ်၊ မင်းမသေသေးဘူး၊ အင်း… ပြောမကောင်း ဆိုမကောင်း မင်း ခုသေသွားပြီဆိုပါတော့ …. ဒါမှ မဟုတ် သေတော့မယ်ဆိုရင်ပေါ့… ဒီလိုပြောမယ်… သူငယ်ချင်းရေ….

ဤခရီးနီးလာပြီ…..

18. 01. 2010