ယခုအပိုင်း(၄)လဲဖြစ်သလို အကျဉ်းချုံးပြီး ဇွတ်အတင်းဇာတ်သိမ်းမည့်အပိုင်းလဲဖြစ်ပါသည်။ ဘ၀သည်ကား ရပ်တန့်မနေပါသောကြောင့် Post တွေမှာလဲ ဆက်ရှိနေပါဦးမည့်အကြောင်း..။

(စာရိုက်သူ)

၁။ ကျွန်တော် အကြော်သမား


ရှက်စရာတော့ကောင်းပါသည်၊ ရှက်စရာကောင်းသည်ဟုလည်းမထင်မိပါ။ တစ်ချိန်တစ်ခါဆီက ဆင့်ကာပူရသွားရတော့မည်ဆိုစဉ်က အင်းစိန်ဂုံးတံတားအောက်မှ လေဘေးတန်းသို့သွားပြီး သင့်တော်မည်ထင်သည့် နိုင်ငံခြားဖြစ်အ၀တ်များအား သူငယ်ချင်းတစ်ယောက်နှင့် သွားရွေးစဉ်ကဖြစ်သည်။ (ဒီလိုမှ ပိုပြည့်စုံမည်ထင်ပါ၏။) အပြန်တွင် ဗိုက်ဆာဆာနှင့် ထမင်းစားချင်သောကြောင့် အနီးအနားတွင် ဝေ့၀ဲရှာလိုက်သောအခါ တစ်ဖက်ရပ်တဲလေးတွင် ၀ါးကြမ်းခင်း၊ ၀ါးထိုင်ခုံတန်းလေးများဖြင့် ဒန်အိုးပိန်ချိုင့်ချိုင့်များထဲတွင် ရေပေါ်ဆီများများ၊ ရေများများနှင့် အရောင်တောက်တောက်ဖြင့် ချက်ထားသော ဟင်းများကို ရောင်းနေသော ထမင်းဆိုင်ကိုတွေ့မိသည်။ ထိုဆိုင်တွင်ကား အင်းစိန်ဘူတာရုံတွင် ကုန်တင်ကုန်ချလုပ်နေသော အလုပ်သမားများမှာ တစ်ချို့က ပုဆိုးတစ်ထည်တည်းသာ ၀တ်ထားလျက်၊ တစ်ချို့မှာကား အပြာရောင် ၀န်ထမ်းဝတ်စုံ ညိုညစ်ညစ်များကို ၀တ်ဆင်လျက်သား၊ ခုံပေါ်တွင် ခြေထောက်တင်ထိုင်ပြီး ဆိုင်ရှင်မှချပေးသည့် ထမင်းညိုညစ်ညစ်များကို အထက်ပါဟင်းများဖြင့် အားပါးတရစားနေသည်ကို မြင်မိပြီးသည့်နောက် အမှတ်မထင် သူငယ်ချင်းအား စကားတစ်ခွန်းပြောခဲ့ဖူးသည်ကို ဆင့်ကာပူရတွင် နေခဲ့သည့်ကာလတစ်လျှောက်လုံး ပြန်ကြားယောင်နေခဲ့ဖူးသည်။

“သူတို့တွေခမျာ ပညာလဲ ကောင်းကောင်းမသင်ခဲ့ရ၊ မွေးဖွားကြီးပြင်းခဲ့ရာ ပါတ်ဝန်းကျင်ကလဲ ပညာတတ်ဝန်းကျင်မဟုတ်လေတော့ ဒီလိုဘ၀ရောက်ရတာပ၊ တော်ပါသေးရဲ့.. ငါ့မှာ ကံကောင်းလို့ နိုင်ငံခြားတောင် အလုပ်သွားလုပ်ရတော့မယ်”

ဟုဆိုသည့်စကား ထိုသူများသာကြားခဲ့ပြီး ကိုရင်ရှူံးဖြစ်ပျက်နေခဲ့သည်များကို မြင်ခဲ့လေလျင် ဘယ်သို့များ ပြောလေမည်မသိ။ ဘ၀သည်ကား မထင်မှတ်ထားသည်များ အတော်လေးပင် လျှင်လျှင်မြန်မြန်ဖြစ်ပျက်တတ်လေသည်။

ဆင့်ကာပူရ အလုပ်သမားဘွ

ကိုရင်ရှူံးတို့အား ရွေးချယ်ခေါ်ဆောင်လာခဲ့စဉ်က စားပွဲထိုးဝန်ထမ်းအနေနှင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ဝင်ခွင့် ဗီဇာတွင်လည်း စားပွဲထိုးဝန်ထမ်းအနေဖြင့် ဖော်ပြထားခြင်းကြောင့် နက်ကတိုင်လေးနှင့်၊ ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ ရှူးဖိနပ်တောက်တောက်ပြောင်ပြောင်လေးဖြင့် ချွေးမထွက်၊ အလှမပျက်ပဲ လုပ်ရမည်ဟုသာ လူတိုင်းတွေးမျှော်ထားခဲ့လေသည်။ တစ်ကယ့်တစ်ကယ်တွင်မတော့မူ…

“ရော့.. ဒီ Apron ကိုဝတ်ပြီးနောက်ကလိုက်ခဲ့”

ခပ်မာမာ မန်နေဂျာ၏စကားကြောင့် ကိုရင်ရှူံးလဲ ထိုအရာကြီးကိုဝတ်ဆင်လျက် လိုက်သွားရာ ကြက်ကြော်ရန်အတွက် စတင်သင်ကြားပေးခြင်းဖြစ်ကြောင်းသိရလေသည်။ ရောက်စ တစ်ပါတ်ခန့် ယောင်တောင်၊ ပေါင်တောင်ဖြင့် လျှောက်ကြည့်နေခဲ့သော ကိုရင်ရှူံးမှာ ကြက်ကြော်သည့်နေရာကို မကြိုက်နှစ်သက်ပေ။ ဂျုံမှုန့်များဖြင့် တစ်နေကုန် ပေကြံနေသည့်အပြင် ကြက်နယ်သည့်နေရာနှင့်ကပ်လျက်တွင် ကြော်သည့်စက်များရှိနေသဖြင့် အပူဟပ်ခြင်းလဲ ခံရသေးသည်။ (ဒီနေရာတွင်မတော့ ပုံနှင့်မဖော်ပြတော့ပါ၊ ဥပဒေနှင့် ငြိမည်စိုးသောကြောင့်ဖြစ်သည်။)

ယခုနိုင်ငံတွင် ကြက်ကို နှစ်မျိုးနှစ်စားခွဲထားသည်။ မူရင်း ကေအက်ဖ်စီ နည်းပညာမှာ ပုံမှန်(Original Receipt) (အချို)ကြက်ကြော်သာ ဖြစ်သော်လည်း စားသုံးသူများအကြိုက် အနည်းငယ်စပ်သော ကြက်အမွကြော် (Crispy Spicy Fried Chicken) ကို ထပ်မံချဲ့ထွင် ဆန်းသစ်ထားသည်။ ပုံမှန်ကြက်ကြော်မှာ Pressure ဖြင့်ဖိနှိပ်ပြီး နူးညံ့အောင် ကြော်ရခြင်းဖြစ်သော်လည်း အစပ်အတွက်မှာမူ Open Fryer (အဖုံးဖွင့်ကြော်စက်)များဖြင့် ကြော်ရခြင်းဖြစ်သည်။ ဥရောပနိုင်ငံသားများမှာ ပုံမှန်ကြက်ကြော်ကို ပိုကြိုက်နှစ်သက်ကြပြီး အာရပ်များ၊ အိန္ဒိယလူမျိုးများနှင့် အာရှတိုက်သားများမှာ အစပ်ကြော်ကို ပိုခံတွင်းတွေ့ကြလေသည်။ ကြက်များကို ဘရာဇီးမှ ရေခဲရိုက်(Frozen) တင်ပို့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ပြန်လည်ထုပ်ပိုးဌာနတွင် ရေခဲရိုက်ကြက်သားများကို ရေတွင်ဖြတ်သန်းစေပြီး (Thawing) လုပ်ရလေသည်။ ကြက်တစ်ကောင်ကို ကိုးပိုင်းပိုင်းထားသည်။ ရင်အုပ်နှစ်ခြမ်း၊ ကျောကုံးတစ်ခု၊ တောင်ပံ နှစ်ဖက်၊ ခြေထောက် (Drum Stick) နှစ်ဖက် အစရှိသဖြင့်ဖြစ်သည်။ ထိုကြက်များကို ဦးစွာ Marinade (ရသာတိုးအရောအနှော) လုပ်ရသည်။ ပုံမှန်၊ အစပ်နှစ်မျိုးလုံးအတွက်ဖြစ်သည်။ ကြက်သားများကို Drum ထဲသို့ Marinade အမှုန့်များပါထည့်ပြီး နှစ်နာရီခန့် လှည့်နေစေပြီးသည့်နောက် တစ်ထုပ်လျင် ကြက်နှစ်ကောင် (၁၈ ခု) ထည့်ပြီးထုပ်ပိုးပြီးသည့်နောက် ဆိုင်အသီးသီးသို့ ပို့ဆောင်လေသည်။ ပုံမှန် ကြက်သားအတွက် စတင်ထုပ်ပိုးချိန်မှ နာရီ(၃၀)အကြာ၊ အစပ်အတွက် (၄၈)နာရီအကြာတွင် သက်တမ်းကုန်ဆုံးလေသည်။ ထို့နောက်ကြော်ချက်ပုံအဆင့်ဆင့်ကို အောက်ပါ Post တွင်ဖတ်ပါလေ။


http://myanmargazette.net/66290/health-fitness/food-drink

ကြက်ကြော် ကြော်ရသည်မှာ ရေခဲရေထဲတွင်နှစ်ပြီးမှ ဂျုံမှုန့်နှင့် ပြန်နယ်ရသဖြင့်လည်းကောင်း၊ လက်အိတ်မပါဘဲ နယ်ရခြင်းကြောင့်လည်းကောင်း နယ်ပြီးသည်နှင့် လက်ကိုရေဆေးရသည်။ ဆေးရာတွင် လက်တွင်ဂျုံမှုန့်များ ကပ်နေသဖြင့် မြန်မာအခေါ် အစိမ်းဖတ်ဖြင့် လက်ချောင်းများကို ပွတ်တိုက်ရသောကြောင့် လက်ချောင်းလေးများမှာ သူဌေးမွှေးဟုခေါ်သော လက်မွှေးများတစ်ပင်မှ မကျန်တော့ပေ။ အခန့်မသင့်လျင်လည်း ကြက်နယ်ရင်း အရိုးစူးသဖြင့် ပြတ်ရှခြင်းများလည်း ဖြစ်တတ်သေးသည်။ ကေအက်ဖ်စီအနေနှင့် CSL (CHAMPS Standard Library) စာအုပ်ဖြင့် မူရင်း Standard၊ ချက်ပုံချက်နည်းများရှိသော်လည်း ယခုနိုင်ငံတွင်မတော့ အနည်းငယ်မူကွဲများရှိလေသည်။ ကြော်ချိန်များမှာလည်း မကြာခဏ ပြောင်းတတ်သည်။ တစ်ခါတစ်ရံ မည်သည့်အရာ မှန်သည်ကိုပင် ဝေခွဲမရဖြစ်တတ်သေးသည်။

သို့နှင့်ပင် ဆက်ပါဦးမည်။ ကြက်ကြော်သည့်နေရာတွင် ပထမနှစ်လခန့် အကူအနေနှင့်ကြော်ရင်း အကြော်ဆရာတစ်ယောက် ခွင့်ပြန်သွားသောအခါ ကိုရင်ရှူံးမှာ အလိုလို အကြော်ဆရာဖြစ်လာတော့သည်။ အကြော်ဆရာတစ်ယောက်အနေနှင့် ဆိုင်၏ရောင်းအားကိုလည်း သိရန်လိုသလို ဈေးဝယ်ကျချိန်၊ ဈေးဝယ်ပါးချိန်ကို ချိန်ထိုးပြီးကြော်ရသည်။ ကြက်ကြော်များမှာ ကြော်ပြီးလျင် မိနစ် ၉၀၊ ကြက်သားမြောင်းများမှာ ကြော်ပြီးလျင် မိနစ် ၃၀ သာခံသဖြင့် အကြော်များ ပြတ်လပ်သွားခြင်းမရှိစေရန်လည်းကောင်း၊ အပိုအလျှံ ဖြစ်မသွားစေရန်လည်းကောင်း ထိန်းကွပ် ကြော်နိုင်ပြီဆိုသည်နှင့် ကိုရင်ရှူံးလည်း အကြော်ဆရာဘ၀စာမေးပွဲ အောင်မြင်ပြီးသည့်နောက် အတန်ငယ် သပ်ရပ်သန့်ရှင်းသော Sandwich Station သို့ နောက်တစ်ဆင့် ထပ်တိုးရလေသည်။

(ဒီနေရာတွင် ဆော်ဒီမှ သူငယ်ချင်းတစ်ယောက်အကြောင်းပြောလိုပါသည်။ သူသည် ကေအက်ဖ်စီကြက်ကြော်ကို ကြိုက်လှသဖြင့် အပြင်သွားသောအခါ ၀ယ်လာပြီး ရေခဲသေတ္တာထဲတွင် သိမ်းစည်းထားပြီးမှ ပြန်ကြော်စားသည်ဆိုသဖြင့် ရယ်မိပြန်သေးသည်။ သူစားသောအခါတွင် အလိုလိုပင် သက်တန်းကုန်နေပြီးသားဖြစ်သည်ကို မသိသောကြောင့်ဖြစ်သည်။)

၂။ ကျွန်တော် မုန့်လုပ်သမား

Sandwich Station သည်ကား အမှန်တော့ ကိုရင်ရှူံးနှင့် မသင့်တော်ဟုထင်မိသည်။ ထိုနေရာသည် ပိန်ပိန်ပါးပါး လူငယ်များနှင့်သာ ပိုသင့်တော်သည်။ ကိုရင်ရှူံးမှာ အကြော်ဆရာအဖြစ် ၃ လခန့်လုပ်ပြီးသောအခါ ယခင် ကီလို ၆၀မှ ကီလို ၈၀ ရှိလာပြီဖြစ်သည့်အတွက် အတန်ငယ်လေးလံလာပြီလဲဖြစ်သည်။ သို့သော် ဘ၀ကိုတစ်နေရာတည်းတွင် ရပ်တန့်မနေလိုသဖြင့် လေ့လာသင်ယူရတော့သည်။

Sandwich ကို ပြုလုပ်ရာတွင် အခြေခံအားဖြင့် May၀naise၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊ Cheese၊ Jalapeno၊ Pickle တို့ဖြင့်ပြုလုပ်သည်။ နံပြားလဲမဟုတ်၊ ပလာတာလဲမဟုတ်သော Tortilla ခေါ် ဂျုံဖြင့်ပြုလုပ်ထားသော စက်ဝိုင်းပုံ ဂျုံပြားများကို မီးကင်ထားသည့်အရာဖြင့် ကြက်သားမြောင်း၊ ဆလပ်၊ ခရမ်းချဉ်သီး၊ Mayonaise တို့ဖြင့်လိပ်ထားသော Sandwich မျိုးလည်းကောင်း၊ ပေါင်မုန့်ကို Mayonaise၊ ကြက်သား၊ ဆလပ်ရွက်၊ Cheese၊ ခရမ်းချဉ်သီးတို့ဖြင့် ပုံစံအမျိုးမျိုးလုပ်ထားသော Sandwich အမျိုးကွဲပေါင်းများစွာကို ပါဝင်သည့်ပစ္စည်း၊ ပမာဏ၊ ပြုလုပ်ပုံ၊ ထုပ်ပိုးပုံ အစရှိသည်တို့ကို တစ်လခန့်လေ့လာသင်ယူရသည်။ ထို့အပြင် Side Item များစွာကိုလည်း ကြော်ချက်ပုံ၊ ထုပ်ပိုးရာတွင် ပါဝင်သည့်ပမာဏ၊ ပြုလုပ်ပုံ၊ ထားသိုပုံတို့ကိုလည်း လေ့လာရသေးသည်။ လုပ်ငန်းခွင်တွင် လေ့ကျင့်သင်ကြားရသည့်အတွက် အတန်ငယ်ခက်ခဲလေသည်။ သီးသန့်လေ့လာချိန်မရပဲ လုပ်ကိုင်ရင်းနှင့်ပင် မှတ်မိစေရန်လုပ်ရသည်။ အရေးအကြီးဆုံးမှာ အစားအသောက် ကိုင်တွယ်ပြုလုပ်ရာတွင် သန့်ရှင်းရေးကို အထူးဦးစားပေးရသည်။ ဆံပင်တစ်ချောင်းခန့်ပါသွားလျင်ပင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူခံရနိုင်သဖြင့်ဖြစ်သည်။ အကြော်ဆရာနှင့်လည်း စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံနေရလေသည်။ ထို့နောက်တွင်မတော့ Monitor ပေါ်တွင် ပေါ်လာသည့် အမှာစာများကို အထစ်အငေါ့မရှိ၊ အချိန်မှီပြီးစီးနိုင်အောင် တစ်ဆိုင်းပြည့်လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်ပါမှ Sandwich Station စာမေးပွဲအောင်မြင်လေ၏။ Sandwich သမားတစ်ယောက်အနေနှင့် အမှာစာတွင်ပါသည့် Sandwich များကို ၃ မိနစ်အတွင်း ပြီးစီးအောင်လုပ်ရသည်။ ပထမအမှာစာတွင် ကြန့်ကြာသွားပါက နောက်ထပ်အမှာစာများမှာလည်း ဆင့်ကဲဆင့်ကဲ ကြန့်ကြာသွားတတ်သဖြင့် မန်နေဂျာ၏ ဆူပူကြိမ်းမောင်းခြင်းကိုပါ ခံရသည်များလည်းရှိသည်။ အဆိုးဆုံးမှာ လက်အိပ်စွပ်လုပ်ရသော်လည်း လက်အိတ်များမှာ ပလပ်စတစ်များဖြစ်သဖြင့် Sandwich လုပ်ပြီးသည့်နောက် ထုပ်ပိုးရန် ဆီစိမ်စက္ကူများကို လှမ်းယူလျင် မမိပဲ ချောနေတတ်သည်မှာ Sandwich သမားတိုင်း ခေါင်းခဲရသည့်အကြောင်းဖြစ်သည်။ နောက်ပိုင်းတွင်မတော့ အလုပ်က သင်သွားပါသည်။ လက်များတွင်မတော့ Sandwich သမားစစ်စစ်ဖြစ်ကြောင်း သက်သေပြသည့် Toaster များနှင့် ကပ်မိထားသည့် အမာရွတ်များမှာ လူတိုင်းပင်ဖြစ်သည်။ သို့နှင့်ပင် ကိုရင်ရှူံးလည်း အရောင်းစာရေးဘ၀ကို တက်လှမ်းရတော့သည်။

၃။ ကျွန်တော် အရောင်းစာရေး

မလွယ်ရေးချမလွယ်ပေ၊ ကိုရင်ရှူံးတစ်ချိန်က စိတ်ကူးယဉ်မျှော်လင့်ထားခဲ့သည်များ လက်တွေ့နှင့် လားလားမျှ မအပ်စပ်ပေ။ အပြုံး၊ အရယ်နည်းသော ကိုရင်ရှူံးအဖို့ လာလာသမျှ လူတိုင်းကို သွားဖြဲပြီး ကြိုနေရသည်ကို အမုန်းဆုံးဖြစ်သည်။

ကေအက်ဖ်စီတွင် ကျင့်သုံးသော အခြေခံ အချက်ငါးချက်ရှိသည်။ Greeting၊ Taking Order၊ Suggestive Selling၊ Packing and delivering၊ Thanking အစရှိသည်တို့ကို ၅ မိနစ်အတွင်း အပြီးလုပ်ရသည်။ အမှာစာယူပြီးသည်မှ ၀ယ်သူလက်ထဲထည့်ပေးသည်အထိ ၁ မိနစ်သာ သတ်မှတ်ထားသည်။ ဆိုင်တွင်းသို့ ဖောက်သည်တစ်ယောက် ၀င်လာသည်နှင့် အသံကျယ်ကျယ်၊ လှိုက်လှဲသောစကားဖြင့် Eye Contact မိသည်အထိကြည့်ကာ သွားဖြဲကြိုဆိုရလေသည်။ ပြန်ထွက်သွားလျင်လည်း ကျေးဇူးတင်ပါကြောင်း၊ နောက်တစ်ကြိမ် ထပ်လာပါဦးဟု မလွတ်တမ်း ပြောရပြန်သေးသည်။ ကိုယ်တိုင်ယူစနစ် (Self Service) ဖြစ်သောကြောင့် Tip Money လဲ ဘယ်သူမှ မပေးပေ။ POS(Point Of Sales) Machine တွင် အမျိုးကွဲပေါင်းများစွာ၊ ထပ်တိုးဖြည့်စွက်များစွာတို့ကို ကျွမ်းကျင်ကျေညက်စွာ Punch လုပ်နိုင်ရန်လည်း လေ့လာရသလို အကြံပြုရောင်းချခြင်းကိုလည်း လေ့လာရသေးသည်။ အရောင်းစာရေးတစ်ယောက်အနေနှင့် အရေးအကြီးဆုံးအချက်မှာ၊ ၄င်း၏ အရည်အချင်းကို ၄င်း၏ ရောင်းအားအပေါ်တွင်လည်းကောင်း၊ အကြံပြုရောင်းမရောင်းကို Side Items များ ရောင်းရငွေပမာဏကိုလည်းကောင်း ကြည့်ပြီးဆုံးဖြတ်လေသည်။ ဆိုင်၏ရောင်းအားမကောင်းလျင် မန်နေဂျာ၏ ဆူပူကြိမ်းမောင်းခြင်း၊ လစာဖြတ်ခြင်းကိုခံရခြင်း၊ ဖောက်သည်များမှ Complain တက်လျင် လစာဖြတ်ခြင်း၊ စက်အတွင်းမှ ငွေလျော့နည်းလျင်သော်လည်းကောင်း၊ ပိုနေလျင်သော်လည်းကောင်း လစာဖြတ်ခြင်း၊ ကင်မရာများမှ လေးဘက်လေးတန် စောင့်ကြည့်ခံနေရသည့်အတွက် အလုပ်ချိန်တစ်လျှောက် သက်တောင့်သက်တာမရှိခြင်း၊ အမျိုးအစားပေါင်းစုံသော ဖောက်သည်များနှင့် ဆက်ဆံရခြင်းတို့ကြောင့် အတန်ငယ် သပ်သပ်ရပ်ရပ်နေရပါသော်လည်း အတော်လေးပင် စိတ်ကျဉ်းကျပ်လှသော အလုပ်ဖြစ်သည်။

နောက်တစ်မျိုးမှာ Drive Thru ၀န်ဆောင်မှုလည်းရှိသောကြောင့် နားကျပ်တပ်ထားရသည်။ Speaker ကိုဆိုင်နှင့်မလှမ်းမကမ်း ကားစ၀င်ရာနေရာတွင်ထားပြီး အမှာစာပေးသမျှကို နားကျပ်ဖြင့်နားထောင်ပြီး ပြန်လည်ဖြေကြားရသကဲ့သို့ တစ်ဖက်တွင်လည်း ထုပ်ပိုးနေရပြန်သေးသည်။ ဒီနေရာတွင် တစ်ခုလေ့လာမိသည်မှာ မက်ဒေါနယ်ဆိုင်များတွင် ထုပ်ပိုးရန်အတွက် အလုပ်သမားများများထားသော်လည်း ကေအက်ဖ်စီဆိုင်များတွင်မတော့ ၀န်ထမ်းအင်အား အတော်လေးချုံ့ထားပြီး ရှိသည့်အလုပ်သမားများကို မရမက အလုပ်ပြီးမြောက်စေရန် ဖိအားပေး ခိုင်းစေသည်ကို ယခုအခါ သိလာရသဖြင့် အတော်လေး စိတ်မကောင်းခြင်းလည်း ဖြစ်ရပြန်သည်။ အလုပ်မှပြန်လာသောသူများမှာ ဆိုင်တွင်းသို့မ၀င်တော့ပဲ Drive Thru မှပင် ၀ယ်ယူလေ့ရှိကြသဖြင့် ညဘက်ဆိုလျင် ကားတန်းကြီးမှာ ဘုရားပွဲလှည့်သည့်အလားပင်၊ တန်းစီစောင့်ဆိုင်းနေကြလေသည်။ ထိုနေရာသည်ကား ခေါင်းအခဲဆုံးနေရာဖြစ်သည်။ နားကျပ်မှတစ်ဆင့်နားထောင်ပြီး စကားပြန်ပြောနေရသလို လက်မှလည်း ပြတင်းပေါက်သို့ရောက်လာသည့် ကားများကို မှာယူထားသည့် အမှာများပေးရင်း၊ စက်တွင် ငွေလက်ခံခြင်း၊ ငွေပြန်အမ်းခြင်းတို့ကို တစ်ပြိုင်တည်းပြုလုပ်ရသဖြင့် အရောင်းစာရေးသက်တမ်းကြာလာမှသာ ထိုနေရာသို့ ခိုင်းလေသည်။ တစ်ခါတစ်ရံဆိုလျင် ဖောက်သည်မှပြောသည်ကို ကောင်းကောင်းမကြားရခြင်း၊ အသံလုံးထွေးနေသဖြင့် အမှာစာမှားလုပ်မိလျင် တံခါးဝသို့ ဖောက်သည်လာသောအခါ ပြန်လည်ပြင်ဆင်ရခြင်း၊ ရှင်းပြတောင်းပန်ရခြင်းအစရှိသည်တို့ကိုလည်း လုပ်ရသေးသည်။

ထိုသို့ လုံးလည်ချာလည်ရိုက်ရင်းနှင့်ပင် နောင်သောအခါ ကိုရင်ရှူံးမှာ POS Machine များကို မကိုင်တော့ပဲ နားအေးပါးအေးရှိသည့် ထုပ်ပိုးသူအဖြစ်နှင့်သာ လုပ်ကိုင်နေသည်ကို မန်နေဂျာ ဂရုပြုမိပြီး စာမေးပွဲအောင်သွားလေပြီဟုသတ်မှတ်ကာ အိမ်အရောက်ပို့သမားများကို စီမံနေရာချရသည့် Dispatcher သမားအနေနှင့် ခန့်အပ်လိုက်ပြန်သည်။ နောက်ဆုံးအဆင့်ဖြစ်သည်။ ထိုမတိုင်မီမှာတော့ သန့်ရှင်းရေးသမား ခွင့်ပြန်သွားသဖြင့် သန့်ရှင်းရေးသမားအနေနှင့် တစ်လခွဲလုပ်ရပြန်သေးတော့သည်။ ကိုယ့်ကိုယ်ကို ဘာကောင်မှန်းပင် သေချာမသိတော့သလိုလို ဖြစ်လာခဲ့ဖူးလေသည်။

၎။ ကျွန်တော် ကားသမားစီမံခန့်ခွဲရေးမှူး(Delivery Service)

အိမ်အရောက်ပို့စနစ်မှာ ယခုနိုင်ငံတွင် အတော်လေး စီးပွားဖြစ်လေသည်။ ဆိုင်၏ စုစုပေါင်းရောင်းအား၏ ၄၅% ရာခိုင်နှူန်းမှာ အိမ်အရောက်ပို့စနစ်မှ ရခြင်းဖြစ်သည်။ ရာသီဥတု ပူပြင်းခြင်းကြောင့်လည်းကောင်း၊ ပို့ဆောင်ရေးယာဉ်များ ဈေးသက်သာခြင်းကြောင့်လည်းကောင်း၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ခြင်းကြောင့်လည်းကောင်း အတော်အလုပ်ဖြစ်သည်။ ဖောက်သည်များ အလွယ်တကူ မှတ်မိလွယ်စေမည့် ဖုန်းနံပါတ်များလုပ်ထားပြီး အော်ဒါမှာသမျှ Call Center သို့ရောက်သည်။ ထိုမှတစ်ဆင့် သက်ဆိုင်ရာနယ်မြေအသီးသီးရှိ ဆိုင်များသို့ အင်တာနက်ကွန်ရက်မှတစ်ဆင့် အမှာစာများဖြန့်ဝေပေးသည်။ ထိုအမှာစာများကို ကိုရင်ရှူံးမှ လက်ခံပြီး ထုပ်ပိုးပြင်ဆင်ကာ ကားသမားများကို စီမံခန့်ခွဲ စေလွှတ်ရခြင်းဖြစ်သည်။ အမှာစာများ လတ်လတ်ဆတ်ဆတ်ရှိနေစေရန်အတွက် (Heating Pouch) များတွင်ထည့်သွင်းပြီး စေလွှတ်ရသည်။ ဖောက်သည်တစ်ယောက်မှ အမှာစာကို စတင်မှာကြားချိန်မှ လက်ခံရရှိချိန်သည် နာရီဝက်ထက် မကျော်လွန်ရပေ။ ဆိုင်တွင်းတွင် ပြင်ဆင်ထုပ်ပိုးချိန် ၇ မိနစ်ထက်လျော့နည်းအောင်ကြိုးစားရသည်။ ဖောက်သည်ထံအရောက် မိနစ် ၂၀ ထက်မကျော်လွန်စေရန် ယာဉ်မောင်းများမှ ကြိုးစားရလေသည်။ အတော်လေးမလွယ်သော်လည်း ကျွမ်းကျင်ရာ လိမ္မာဆိုသည့်အလား ၀န်ထမ်းများမှာ Target ပြည့်မှီအောင် ကြိုးစားနိုင်ကြသည်။ ယာဉ်မောင်းများ ကြိုးကြိုးစားစား လုပ်ကိုင်ချင်စိတ် ပေါက်စေရန်အတွက် ၀န်ဆောင်မှုအပေါ်မူတည်ပြီးလစာတွင် ထပ်ပေါင်းပေးခြင်း၊ ရည်မှန်းချက်မပြည့်မှီသည့် ယာဉ်မောင်းများကို လစာဖြတ်ခြင်းတို့ကို ပြုလုပ်သည့်အတွက် ကိုရင်ရှူံး (Dispatcher) နှင့် ယာဉ်မောင်းများမှာ နေ့တိုင်းပင် နောင်ဂျိန်ပလေးရသည်။ ၄င်းတို့မှာ အမှာစာများများသွားရလျင် လစာပိုရနိုင်သဖြင့် အလုအယက်ပင် လိုချင်ကြသဖြင့် ၄င်းတို့အချင်းချင်းလည်းမတည့်၊ သူ့ထက်ငါဦးအောင် နည်းမျိုးစုံဖြင့် ကြိုးစားကြခြင်း၊ မသမာသောနည်းများဖြင့် အချင်းချင်းခေါင်းပုံဖြတ်ကြခြင်း၊ တစ်နေ့တာပြီးဆုံးသောအခါ ပိုက်ဆံများ ပြန်အပ်ရမည့်အချိန်တွင် ထိုအမှာစာ သူမသွားကြောင်း၊ ဒီအမှာစာ သူမပို့ကြောင်း၊ ဟိုသူပို့ကြောင်း၊ ဒီသူပို့ကြောင်း အစရှိသည့် ကလီကမာမျိုးစုံလည်း လုပ်တတ်ကြသေးသဖြင့် တစ်နေကုန်ပင် ကိုရင်ရှူံးမှာ တစ်ယောက်တည်း ဒိုင်ခံရန်ဖြစ်ရင်း၊ ရန်ဖြစ်ရင်းနှင့်ပင် ဌာနပေါင်းစုံကို တစ်နှစ်ခွဲခန့်အကြာတွင် စာမေးပွဲအောင်မြင်သွားသဖြင့် ရာထူးတိုးစာမေးပွဲဖြေဆိုရန်အတွက် စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေရင်း အာရပ်စော်ဘွားများပြည်ထောင်စုတွင် တိုက်ခိုက်ရုန်းကန်၊ ကြိုးစားလှုပ်ရှားနေရပါကြောင်း….။

(ယခုတိုင်အောင် ဖတ်ရှူခဲ့သူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုခေါင်းစဉ်ဖြင့် အပိုင်းများ အတော်များနေပြီဖြစ်ပါသောကြောင့် ယခုခေါင်းစဉ်အား ဒီမျှဖြင့်ပင် အဆုံးသတ်လိုက်ပါ၏။)

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..

   Send article as PDF