ကြုံခဲ့မိတဲ့ အဖြစ်အပျက်လေး

မိတ်ဆက်ခြင်းအကြောင်းလေးကို တီချယ်ကြီး က “ ပျူပျူဌာဌာ လူတကာကို ´´ ဆိုတဲ့ပိုစ့်လေးရေးတင်ထားတာကို ဖတ်မိပြီး ကျွန်တော်ကြုံခဲ့မိတဲ့အဖြစ် အပျက်လေး တစ်ခုကိုရေးပြချင်တာပါ။

တစ်ခါက မန်း အိုဒီယမ်တယ်ဟောက်စ် စားသောက်ဆိုင်မှာ ကျင်းပမည့် မင်္ဂလာဧည့်ခံပွဲတစ်ခုက ဖိတ်ကြားတာနဲ့ ကျွန်တော်နဲ့မိတ်ဆွေတစ်ယောက်အတူတွဲလို့ တက်ရောက်ခဲ့ပါတယ်၊ ဖိတ်ကြားထားတဲ့ သတို့သား၏ ဖခင်နှင့် အလွန်ရင်းနှီးတာကြောင့် နောက်ကျပြီးသွားရင်ပြောနေအုံးမယ်ဆိုပြီး ဖိတ်စာထဲက ဧည့်ခံပွဲစတင်ကျင်းပချိန်ထက် ၁၀မိနစ်လောက်ဘဲနောက်ကျပြီးရောက်သွားခဲ့ပါတယ်၊ ကျွန်တော်တို့ခန်းမရောက်တော့ သတို့သားအဖေက ခရီဦးကြိုပြုပြီး ခန်းမထဲကစားပွဲဝိုင်းတစ်ခုမှာနေရာပေးလို့ ၀င်ထိုင်လိုက်တာပေါ့၊ အဲဒီစားပွဲဝိုင်းမှာ ကျွန်တော်တို့ ထက်စောစွာရောက်နေ့တဲ့ အမျိုးသားနှစ်ယောက်လည်းထိုင်နေတာပေါ့၊ သတို့သား၊ သတို့သမီးမလာရောက်သေး တာမို့ရောက်တဲ့သူတွေလည်း စောင့်နေစဲနှင့် ဧည့်ခံပွဲလာရောက်တဲ့သူတွေလည်း ၀င်လာမစဲဘဲပေါ့လေ။

ဒါနဲ့ဘဲ ကျွန်တော်တို့နဲ့ တစ်စားပွဲတည်းမျက်နှာချင်းဆိုင်ထိုင်နေတဲ့ သူတို့နဲ့ကျွန်တော်အကြည့်ချင်းဆုံတော့ အမျိုးသားနှစ်ယောက်ထဲက တစ်ယောက်ကပြုံးပြတာနဲ့ ကျွန်တော်လည်းပြန်ပြုံးပြပြီး ကျွန်တော် ဘယ်ကုမ္မဏီက အမည်ဘယ်သူပါလို့လဲ ပြောလို့ကျွန်တော် ကိုယ်ကျွန်တော်မိတ်ဆက်စကားလည်းဆိုရော အဲဒီအမျိုးသား   နှစ်ယောက် ထဲက ခုနပြုံးပြသူမဟုတ်တဲ့သူက လာကွာငါတို့ဟိုစားပွဲပြောင်းထိုင်ရအောင် ဆိုပြီးရုတ်ချည် ထပြောင်းသွားလို့ မိတ်ဆက်ရက်တန်းလန်းကြီး ကျွန်တော်မှာဖြစ်ကျန်ခဲ့ရတယ်လေ၊ ကျွန်တော်နဲ့အတူ ပါလာတဲ့ မိတ်ဆွေကလည်း ဘယ်လိုဖြစ်သွားတာလဲ သဘောမျိုးနဲ့ အံသြနေတာပေါ့ ။ ဒါနဲ့ ခဏနေ သတိုးသား၊ သတိုးသမီး   ရောက် စင်ပေါ်တက် ဘိသိက်စာဖတ်စသည်ဖြင့် ပြုဖွယ်ကိစ္စများအစီအစဉ်တိုင်းလုပ်ကြပြီး စားသောက်စားပွဲများ ထံလိုက်လံနုတ်ဆက်နေစဉ် သတို့သား၏ဖခင် ကျွန်တော်တို့အနီးရောက်လာလို့ လက်ဆွဲပြီး ကပ်မေးကြည့်တော့ မှ ခုနထသွားတဲ့ အမျိုးသားနှစ်ယောက်က ကျွန်တော်တို့ကုမ္မဏီကဖြန့်ချီတဲ့ ပစ္စည်းအမျိုးစားတူ အမှတ်တံဆိပ် ကွဲတဲ့ ပြိုင်ဖက်ကုမ္မဏီကသူတွေဖြစ်နေလို့တဲ့လေ။ အမှန်ဆိုထသွားဖို့မလိုပါဘူး ဟုတ်ဘူးလား၊ ဘာတွေဖြန့်တာလဲ ၊ ဘာတွေလုပ်တာလဲ စသည်ဖြင့် အလာပ သလပ(ခေတ်စကား-ဖောရှော)လုပ်လိုက်ရင်ရတာဘဲဉ္စာ၊ သူတို့က ပြိုင်ဘက် ကုမ္မဏီကမှန်းလည်း ကျွန်တော်မသိပါဘူး၊ အခုလိုတစ်ဝိုင်းတည်း မထိုင်ချင်ရအောင် အပြိုင်အဆိုင် သူနိုင်ငါနိုင်ပြုလုပ်ကြမယ့် လေလံပွဲတို့၊ တင်ဒါပွဲတို့ လာတက်တာလည်းမဟုတ်၊ လူမှု့ရေး မင်္ဂလာပွဲ လာတာဘဲလေ၊ ဒါနဲ့ဘဲ ကျွန်တော်ကတော့ ကောက်ချက်ချမိလိုက်ပါတယ် သူတို့ဘဲသဘောထားမပြည့်တာလား၊ ကိုယ်ဘဲအလိုက်မသိ နုတ်ဆက်မိတာလားလို့——–။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

( ဒီပိုစ့်လေးကအမှတ်မထင်ရေးဖြစ်သွားတာပါ၊ တီချယ်ကြီးအမေးကို အဖြေပေးလိုက်ပါတယ်- ရိုသေလျှက် ကိုခင်ခ)

 

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF