(Aung Kyaw Moရဲ့ facebook စာမျက်နှာမှ ဖော်ပြချက်ကို ဂေးဇတ်
အဖွဲ့သားများအတွက် ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါသည်၊ ပင်ကိုယ်ရေး မဟုတ်ပါ။)

တင်နိုင်လင်း ဆိုတဲ့ ညီလေးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုမေးခွန်းထုတ်လာပါတယ်။

(ကိုလင်းထက်ဆွေ..

ကျွန်တော့်..အကို့ကို..Buddha
ဘာသာဝင်တစ်ယောက်လို့..ထင်မြင်မိပါတယ်..။ကျွန်တော်..တစ်ခုလောက်မေးပါရစေ..။
ရှေ့လျှောက်..ပြောင်းလဲ..လာတဲ့..ခေတ်စနစ်..အခြေအနေအရ..ကျွန်တော်တို့Buddha
ဘာသာ community အနေနဲ့..လိုက်လျောညီထွေဖြစ်အောင်..(Buddha ,Dama Value
တွေမလျော့ပါးစေပဲ)
ဘယ်လို..၊ဘယ်ပုံ..ရှေ့ဆက်သွားရင်…ပိုမိုကောင်းမွန်ကြီးမားကျယ်ပြန့်သော…Buddha
ဘာသာလူ့အဖွဲ့အစည်းတစ်ရပ်..တိုးတက်ပြန့်ပွားနိုင်မလဲဆိုတာ..အကို့ရဲ့..အမြင်လေးကို..ပြောပြပေးနိုင်မလားခင်ဗျား…။

ရိုးသားစွာဖြင့်…။)

သူ့မေးခွန်းက လေးနက်ကျယ်ပြန့်လွန်းတယ်။ ကျွန်တော် တစ်ယောက်တည်းရဲ့ အတွေ့အကြုံနဲ့ အသိဗဟုသုတက အလွန်နည်းပါးသေးငယ်ပါတယ်။ ဒီမေးခွန်းကြီးကို အတိအကျ ဖြေနိုင်မဲ့ စွမ်းအား မရှိပါဘူး။ ဒါပေမဲ့လဲ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ မိမိ ဘာသာတရားနဲ့ အခြားသော ဘာသာကြီးများရဲ့ လူမှုရေး အကျိုးရောက်မှုတွေကို နိုင်းချိန် ကြည့်ခဲ့ဖူးတော့ စဉ်းစားထားတာလေးတွေတော့ရှိတယ်။

အမှား အမှန်ဆိုတာ ကတော့ ကိုယ့်ရှုဒေါင့်နဲ့ ကိုယ်ပေါ့နော်။
ဒီမေးခွန်း ဖြစ်ပေါ်လာတာရဲ့ အခြေခံ အကြောင်းတရားက ၂ ခု ရှိတယ်လို့ မြင်တယ်။

ပထမ အကြောင်းတရားက အခု ပြောင်းလဲဖြစ်ပေါ်ဆဲဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမို ကရေစီအသွင်ကူးပြောင်းမှုပဲ ဖြစ်တယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀၀၀ လောက် ရှင်သန်ခဲ့တယ်ဆိုရာမှာ ပဒေသရာဇ်မင်းတွေရဲ့ အာဏာစက် အကာအကွယ်နဲ့ ရှင်သန်ခဲ့တာ ဖြစ်တယ်။
ဗဟိုဦးစီးမှု နိုင်ငံရေးစံနစ်တွေရဲ့ ပံ့ပိုးမှု နဲ့ ရှင်သန်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပြည့်ပြည့်၀၀ ဖြစ်သွားခဲ့ရင် အာဏာစက်ဟာ ဘာသာရေးအရ ဘက်လိုက်လို့ မရတော့တဲ့ အနေအထားမှာ ရောက်ရှိလာမှာဖြစ်တယ်။

ဒီအခါမှာ ထေရ၀ါဒဗုဒ္ဓဘာသာဟာ မဟာယာန ဗုဒ္ဓဘာသာ အပါအ၀င် အခြားသော ကမ္ဘာ့ဘာသာကြီးတွေနဲ့ တန်းတူ ရင်ဘောင်တန်းပြီးယှဉ်ပြိုင်ရမှာ ဖြစ်တယ်
ဒီအခါ မှာ အရိုးစွဲ ပြီး အပေါ်စီးကပဲ နေခဲ့ ရတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နိုင်ငံအခင်းအကျင်းသစ်မှာ လုပ်နိုင်ပါမလား ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်လာတာ မဆန်းဘူးလို့ ဆိုရမှာ ဖြစ်တယ်။

တောင်ကိုးရီးယားမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်သွားတာနဲ့ အတူ ဗုဒ္ဓဘာသာ တစ်ဖြည်းဖြည်း အားနည်းချိနဲ့သွားတာကို ဥပမာ အဖြစ်ကြည့်လို့ရတယ်။

ဒုတိယ အကြောင်းတရားကတော့ အခု လက်ရှိဖြစ်ပွားနေတဲ့ ရခိုင် ရိုဟင်ဂျာ အရေးအခင်းကြောင့်ပါပဲ။ အဖြစ်အပျက်က စတင်တဲ့ အချိန်မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာအကြား ရန်တိုက်ပေးတဲ့ အနေနဲ့ စတင်ခဲ့ပေမဲ့ အနာဟောင်းရှိပြီးသား ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ပြဿနာ မီးတောက်က ကူးစက်လောင်ကျွမ်းခဲ့တာပါပဲ။ ဒီ ဖြစ်ရပ်အပေါ်မှာ အမြင်အမျိုးမျိုး ရှုထောင့် အမျိုးမျိုး ရှိနေတာကို တွေ့ရတဲ့အပြင် ပညာရှင်တွေကလဲ ရာဇ၀င်အူပေါက် အခြေအတင်ပြောလာကြတာတွေ နားမဆန့်အောင် ကြားလာရပြန်တယ်။

အနှစ်ချုပ်လိုက်ရင် ဒီ ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ပြီးတော့ အခု တည်ဆဲ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနောက်အုပ်စုတွေရဲ့ အမြင်ရပ်တည်ချက်တွေက ဖြောင့်ဖြောင့် ဆန့်ကျင်နေတာကို တွေ့ရတော့ ပြဿနာက ပိုမိုနက်ရှိုင်းလို့ အမယ်ဘုတ်ချည်ခင် ဖြစ်နေတာကို တွေ့ရတယ်။

တစ်ချို့လဲ လူမိုက်ဆန်ဆန် ချကွ သတ်ကွ ပင်လယ်ထဲ မျောလိုက်ကွ တစ်ခြားနိုင်ငံမောင်းထုတ်လိုက်ကွ ဆိုတာမျိုးတွေ အော်ဟစ်နေကြတယ်။ ကမ္ဘာ ဇာတ်ခုံပေါ်က နိုင်ငံရေး ပြဿနာတွေ နယ်နမိတ်ပြဿနာတွေဟာ ၀ဲ နှင်းခူတွေ လို ပျောက်ခဲတယ်ဆိုတာ မသိကြရောထင်တယ်။

ကက်ရှမီးယား ပါလက်စတိုင်း နဲ့ ဂါဆာ ကမ်းမြောင်ဒေသ စပရက်စလီကျွန်း အရေးအခင်းတွေက စလို့ ပြဿနာတွေ က သပွတ်အူလိုက် ပြီး အဖက်ဖက်က ပွေလိမ်ရှုပ်ထွေးနေတဲ့ ပြဿနာတွေ ဖြစ်တယ်။ အခု မြန်မာပြည်က ဒီ ရိုဟင်ဂျာ ကိစ္စဟာလည်း အတူတူပဲ။ နှစ်ပေါင်းများစွား အနာရင်း ပြည်တည်နေခဲ့တဲ့ အိုင်းအမာကြီး ဖြစ်တယ်။ မြန်မာ အုပ်စိုးသူ အဆက်ဆက်ကလဲ ဒီ ကိစ္စကို ပုံစံ အမျိုးမျိုးနဲ့ ကိုင်တွယ်ခဲ့ ကြတယ် အထူအပါး အမျိုးမျိုးနဲ့ ကစားခဲ့ကြတယ်။ တစ်သမတ်တည်း ညီညွတ်တဲ့ ရပ်တည်ချက် မရှိခဲ့တာကို တွေ့ရတယ်။ အာဏာရှင် အဆက်ဆက်ကလဲ ပွင့်လင်းမြင်သာမှု မရှိပဲ အိမ်နောက်ဖေးက မီးကို ကြိတ် ငြိမ်းခဲ့ ကြတော့ အခု လို မီးသတ်ကားခေါ်ရမဲ့ အခြေဆိုက်မှ ဆိုတော့ အများကြီး ဆိုးဝါးခဲ့ရတာ ဖြစ်တယ်။

ပြဿနာကို ပိုဆိုးစေတာက ရိုဟင်ဂျာတွေဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်နေတဲ့အချက်ပဲ။ ဒီကိစ္စကိုတော့ အသေးစိတ် မဆွေးနွေးချင်တော့ဘူး။ အများကြီး ပြောထားကြပြီးလို့ပါပဲ။ ရခိုင်မှာရော ပြည်မမှာပါ နှစ်သန်း အထက် ရှိနေတဲ့ လူစုလူဝေးကြီး တစ်ခုကို ရိုဟင်ဂျာခေါ်ခေါ် ခေါ်တော ခေါ်ခေါ် စစ်တကောင်းဘင်္ဂါလီ ခေါ်ခေါ် ကြိုက်သလိုခေါ် မျက်လှည့်ပြသလို ဟပ်ချလောင်းဆို ဖျောက်ပစ်လို့ မရနိုင်ဘူး။ ဂျူး ၆ သန်း ကို သတ်ခဲ့တဲ့ ဟစ်တလာတောင် မအောင်မြင်ခဲ့တာကို သင်ခန်းစာယူကြရမယ်။

ဒီနေ့ခေတ်လို လူသား အခွင့်အရေးတွေ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေတဲ့ အချိန်မှာ တောင် ပိုဆိုးတယ်။ ရိုဟင်ဂျာ ပြဿနာက မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး လူသားအခြေခံ အခွင့်အရေးနဲ့ မြန်မာနိုင်ငံရဲ့ ဘာသာရေးယဉ်ကျေးမှု အနာဂတ် စတဲ့ သုံးပင်လိမ်နေတဲ့ ကြိုးကြီး ဖြစ်တယ်။ သိမ်မွေ့နူးညံ့ပြီး နှလုံးရည်နဲ့ ကိုင်တွယ်ရမဲ့ ပြဿနာ ဖြစ်ပါတယ်။
မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့က မြန်မာပြည်မှာ အစ္စလာမ် ဘာသာလွမ်းမိုးလာမှာကို တိတ်တိတ်ပဲ ဖြစ်ဖြစ် ပေါ်တင်ပဲ ဖြစ်ဖြစ် စိုးရိမ်မှုတွေရှိနေတာ အမှန်ပဲ။ အစ္စလာမ် ဘာသာနဲ့ ထိတွေ့ခဲ့တဲ့ ယခင်ဗုဒ္ဓဘာသာ ကြီးစိုးခဲ့တဲ့ နေရာတွေ အသွင်းပြောင်းကုန်တာတွေကို ထောက်ပြီး ဒီလို စိုးရိမ်မှုတွေ ရှိနေတာပဲ ဖြစ်တယ်။ အာဖဂန်နစ္စတန် ပါကစ္စတန် အိန္ဒိယနဲ့ အာရှ အလယ်ပိုင်းက ဗုဒ္ဓဘာသာနိုင်ငံတွေ နောက်ပြီး မလ္လာယုနဲ့ ဆူမာတြား ဂျာဗား စတဲ့ ဟိန္ဒူ ဗုဒ္ဓဘာသာ ကြီးစိုးခဲ့တဲ့ ဒေသတွေမှာ အစ္စလာမ် အသွင်ပြောင်းလဲခဲ့ရတာကို ထောက်ပြီး စိုးရိမ်မှုတွေက ပိုကြီးထွားနေတာ ဖြစ်ပါတယ်။ ဘယ်လိုပဲ စိုးရိမ်စိုးရိမ် အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတွေက မြန်မာပြည်မှာ ပိုလို့ တိုးတက် ထွန်းကားလာမဲ့ အရိပ်နမိတ်တွေကို မြင်နေရသလို တရုပ်-မဟာယာနဗုဒ္ဓဘာသာ အားကောင်းလာနိုင်မဲ့ အရိပ်အခြေတွေကိုလဲ တွေ့မြင်နေရပါတယ်။

ကိုလိုနီခေတ် တစ်လျှောက်လုံးမှာ တိုင်းရင်းသားတွေ ခရစ်ယာန်ဘာသာအဖြစ် ရောက်ရှိခဲ့ကြသလို ဒီမိုကရေစီ အကူးအပြောင်းမှာရော ဘာတွေ ဖြစ်လာဦးမှာလဲ။ ဘာတွေ ပြင်ဆင်ထားကြရမလဲ။ ဒါက ညီလေး တင်နိုင်လင်း မေးတဲ့ မေးခွန်းရဲ့ အချုပ် ဖြစ်ပါတယ်။ ကျွန်တော် ဥာဏ်မီ သလောက် စဉ်းစားပြီး သူ့ကို အခုလို ပြန်ဖြေခဲ့ပါတယ်။ (တစ်ချို့ အပိုင်းတွေကို တော့ နည်းနည်းထပ် မွမ်းမံထားပါတယ်။)

ညီလေး တင်နိုင်လင်း ရေ..

အကိုက ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ ညီလေး မေးတဲ့ မေးခွန်းကို အကို ဆွေးနွေးချင်တာ ကြာပါပြီ။ မေးတဲ့သူလဲ မရှိသလို မမေးပဲပြောရင်လဲ ၀ိုင်းဆဲမဲ့သူ ပဲ များတာလေ။ သာသနာတော်ကြီးက နေလို လလို ထိန်ထိန်တောက် နေတယ်လို့ ထင်နေကြသူတွေပဲ များတာမဟုတ်လား။

အကို့ အမြင်တော့ လစ်ဘရယ်ဒီမိုကရေစီ နည်းကျ မြန်မာ့လူ့ဘောင်သစ်မှာ ဗုဒ္ဓဘာသာ အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတော့မယ်။ အခြား ကမ္ဘာ့ ဘာသာကြီး ၂ ခု ဖြစ်တဲ့ ခရစ်ယာန်နဲ့ အစ္စလာမ်တို့နဲ့ လွတ်လပ်စွာ ပြိုင်ဆိုင်ရတော့မဲ့ အနေအထားကို ရောက်လာခဲ့မှာ အသေအချာပါပဲ။ အရင် အာဏာရှင်ခေတ် အဆက်ဆက်ကတော့ ဘာသာရေးကို အသုံးချခဲ့လို့ ဗုဒ္ဓဘာသာက အကျောပေးခံရခဲ့တာလေ..ကျန်ဘာသာကြီးတွေကို နှိမ်ထားခဲ့တာလေ။
အခု ပွင့်လင်းလွတ်လပ်တဲ့ ခေတ်သစ်ကို ရောက်ရင် တန်းတူနီးပါးပြိုင်ကြရတော့မှာ ဖြစ်တယ်။ ဒီတော့ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာ ရှင်သန်တိုးတက်ဖို့ဆိုတာ အတွေး အခေါ်တွေ အသိအမြင်တွေ တန်ဖိုးတွေ အားလုံးပြောင်းမှပဲ ရမယ်။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာမှာ ရှိတာတွေ ဘာတွေအားနည်းနေလဲ အရင်ကြည့်ရအောင်။

၁။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ အပျက်ရှုလောကအမြင် ဘ၀အမြင်တွေ ကြီးစိုး နေတယ်။ တည်ဆောက်မှုပိုင်းမှာ အားနည်းနေတယ်။

၂။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ စိတ်ကူးယဉ်ပုံပြင်တွေ အရမ်းများလွန်းနေတယ်။ လက်တွေ့မဆန်အောင်ဖြစ်ရတယ်။ အံ့ဘနန်း စိတ်ကူးယဉ်ရေးသားမှုမှာ ဗုဒ္ဓဘာသာ ကို ဘယ်သူမှ မမီနိုင်ဘူးလို့တောင် ပြောရမလို ဖြစ်တယ်။

၃။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ လောကုတ္တရာကို လွန်လွန်ကဲကဲ ရှေ့တန်းတင်လွန်းနေတယ်။ လောကီဘ၀ တန်ဖိုးတွေ မှေးမှိန်နေတယ်။ လောကီဘ၀ ကို တစ်ဆင့်နိမ့်တဲက ဘ၀ အဖြစ်သတ်မှတ်တယ်။ မတတ်သာလို့ လက်ခံထားရပေမဲ့ စွန့်ပယ်ပစ်အပ်တဲ့ အရာလို့ မြင်တယ်။

၎။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ ပုဂ္ဂလိက ဆန်လွန်းပြီး လူမှုရေးဘ၀ကို အသားမပေးလှဘူး။ တစ်ကိုယ်တော်ဝါဒ ကြီးစိုးနေတယ်။ ဘာသာရေး လုပ်ဆောင်မှု တွေဟာ အတ္တကို ဗဟိုပြုနေပါတယ်။ လှူရင်တောင် ကိုယ်ကုသိုလ်ရဖို့ လှူတယ်ဆိုမျိုး ကို အသားပေးလွန်းတယ်။

၅။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ စွမ်းအားအရင်းအမြစ်တွေကို ဖြုန်းတီးနေတယ်။ ထိထိရောက်ရောက် တန်ဖိုးရှိအောင် အသုံးမချနိုင်ဘူး။ စိတ်ကူးယဉ် ဘုံဗိမာန်တွေရဲ့ တွင်းနက်ကြီးထဲ စုပ်မြိုခံနေရတယ်။

၆။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ မှားယွင်းတဲ့ အတိတ်ကံပုံချဝါဒကို ယုံကြည်လွန်းတယ်။ ပစ္စုပ္ပန်ကံ အပေါ်မှာ အားပြုမှုနည်းပါးတယ်။ တရားနဲ့ ဖြေလိုက်ပါဆိုတဲ့ စကားလုံးဟာ လက်တွေ့ပြဿနာတွေကို ရင်မဆိုင်ပဲ ရှောင်ပြေးဖို့ အသုံးချတဲ့ ဆေးတစ်လက်ဖြစ်တယ်။

၇။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ အိုင်ဒီယိုလိုဂျီ စနစ်တကျ လေ့ကျင့်တည်ဆောက်မှု မရှိပဲ အစိတ်စိတ်ကွဲပြားနေတယ်။

၈။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ ပညာရပ်ဆိုင်ရာ သုတေသနတွေနဲ့ အလှမ်းဝေး နေတယ်။ တရားသေ၀ါဒကို ဆုပ်ကိုင်လွန်းတယ်။ ဆရာဘုန်းကြီးပြောသမျှ မျက်စိမှိတ်ယုံတဲ့ဝါဒကိုပဲ လက်ကိုင်ထားတယ်။

၉။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ ကမ္ဘာ နိုင်ငံရေး အမြင်မွဲပြီး သီးခြားတံခါးပိတ်ဝါဒကို ကျင့်သုံးနေတယ်။ ဗုဒ္ဓဘာသာချင်းတူရင်တောင် ကိုယ့်လူမျိုးရဲ့ ဗုဒ္ဓဘာသာကိုမှ ပို စစ်မှန်တယ်ထင်တယ်။

၁၀။ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ အောက်ခြေအဆင့်အထိ အလုပ်လုပ်နိုင်တဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ အားနည်းနေတယ်။ ဆွမ်းလောင်းအသင်းတွေ လောက်နဲ့ မလုံလောက်ပါ။

ဒီ အားနည်းချက်တွေကို ပြင်ကြဖို့လိုတယ်။ ဒါတွေ ပြင်နိုင်ရင်တော့ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာဟာ အားကောင်းမောင်းသန် ဖြစ်လာမှာ အမှန်ပဲ။

တစ်ချက်ခြင်းစီကို ပြောမယ်ဆိုရင်တောင် အကြာကြီးပြောရမယ်။ ပြောစရာတွေက များတယ်။ ချုပ်ပြောရရင် တော့ ဘုရားလက်ထက်က ရှေးဦး ဗုဒ္ဓဘာသာမျိုးက အလုပ်မဖြစ်တော့တာ အမှန်ပဲ။ ဓမ္မရဲ့ အနှစ်သာရက မပြောင်းလဲပေမဲ့ ဓမ္မကို ဖေါ်ဆောင်တဲ့ ဖွဲ့စည်းပုံတွေကို ပြောင်းပစ်ဖို့ လိုတယ်။ နို့မဟုတ်ရင် မြန်မာပြည်မှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားဖို့ အချိန်က မဝေးတော့ဘူးလို့ ဆိုရမယ်။ အကို့ စိတ်ကူးထဲမှာ ပုံဖေါ်ထားတာလေးကို ပြောမယ်။

၁။ တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာ အိုင်ဒီယိုလော်ဂျီကို ပြန်တည့်မတ်ပေးမဲ့ စာတွေ ပေတွေ ထွက်ပေါ်ဖို့ လိုတယ်။ လောကီတန်ဖိုးတွေ လူမှုရေးဘ၀တန်ဖိုးတွေ သုတေသနပညာတန်ဖိုးတွေ လက်တွေ့ကျတဲ့ သိပ္ပံအမြင်တန်ဖိုးတွေ ပစ္စုပ္ပန်ကံ တန်ဖိုးတွေကို အလေးပေးတဲ့ စာပေတွေကို ဓမ္မ အနှစ်သာရနဲ့အညီ ရေးသားကြဖို့ လိုတယ်။ ပညာပေးလုပ်ငန်းတွေ လုပ်ကြရမယ်။

၂။ ပွယောင်းယောင်း ဖြစ်နေတဲ့ သံဃာထု ကြီးကို ကျစ်ကျစ်လစ်လစ် ပြန်ဖွဲ့ရမယ်။ ၀ိနည်းနဲ့အညီ နေထိုင်ပြီး ပရိယတ် ပဋိပတ် တကယ် မလုပ်တဲ့ သံဃာတွေကို ဖယ်ထုတ်ပစ်ရမယ်။ လူ့စွမ်းအားအရင်းအမြစ်တွေကို မှန်ကန်အောင် အသုံးချနိုင်ရမယ်။ စစ်မှန်တဲ့ သမုတိသံဃာဟာ သာသနာရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ရတနာပဲ ဖြစ်တယ်။ တန်ဖိုးရှိတဲ့ အရာဆိုတာ နည်းနည်းပဲ ရှိသင့်တယ်။

၃။ သာသနာ့ဝန်ဆောင်မဲ့ ပညာတတ် ကျမ်းဂန်တတ် ဥပသကာ အလွှာတစ်ခုကို တည်ဆောက်ရမယ်။ Pastors Chaplains တွေလို သာသနာအမှုကို ဆောင်ကြရမယ်။ လူတွေရဲ့ သာရေးနာရေးတွေမှာ ဦးဆောင်ပါဝင်ရမယ်။ ရဟန်းတော်တွေက ၀ိနည်းနဲ့ အညီသာသနာ တာဝန်ကို ဖြည့်ဆည်းနေချိန်မှာ ရဟန်းတွေ လက်ထဲက Social Leader Role ကို တာဝန်ယူကြရမယ်။

၎။ လှူဒါန်းကြတဲ့ Material Resources တွေကို လက်တွေ့ အကျိုးဖြစ်ထွန်းမဲ့ သာသနာ အကျိုးပြုလုပ်ငန်းတွေ ဘာသာဝင်အချင်းချင်း စောင့်ရှောက်ကူညီတဲ့ လုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးချရမယ်။

၅။ ယုံကြည်မှု အခြေပြုတဲ့ လူမှုကွန်ယက်အဖွဲ့အစည်းတွေ ထောင်ကြရမယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ လောကီဘ၀ တိုးတက်သာယာရေးတွေ လုပ်ဆောင်ကြရမယ်။ အသိပညာ အတတ်ပညာတွေကို ဖြန့်ဝေကြရမယ်။

၆။
ပွင့်လင်းလွတ်လပ်တဲ့ ဓမ္မ အင်စတီကျူးရှင်းတွေ သုတေသနလုပ်ငန်းအဖွဲ့တွေကို အားပေးကြရမယ်။ သာသနာပြု နည်းဗျူဟာတွေလေ့လာကြရမယ်။ ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲသင့်တာတွေ ကို ပြုပြင် ကြရမယ်။ ဘာသာရေးဟာ မံမီရုပ် ဆေးစိမ်သလို ထိန်းသိမ်းဖို့ သက်သက် မဟုတ်ပဲ အမြဲလန်းဆတ်ရှင်သန်နေတဲ့ အရာ ဖြစ်နေသင့်တယ်။

ရ။ အများ အကျိုးရှေ့ရှုတဲ့ဝါဒ တစ်ကိုယ်ကောင်းအကျိုးစွန့်လွှတ်တဲ့ အယူအဆတွေကို အားပေးကြရမယ်။ ဗောဓိသတ္တလမ်းစဉ်ကို အားပေးရမယ်။ ဗြဟ္မစိုရ်ဝါဒကို ထွန်းကားစေရမယ်။

၈။ မြန်မာဗုဒ္ဓဘာသာတွင်း ညီညွတ်မှုအတွက် သဘောထားကြီးမှုနဲ့ တည်ဆောက်ကြရမယ်။ ခွဲခြားဖယ်ထုတ်တဲ့နည်းတဲ့ ပေါင်းစည်းညှိနိုင်းယူတဲ့နည်းကို သုံးကြရမယ်။ ဘယ်လောက် အစွန်းရောက်လွန်းတဲ့ ဗုဒ္ဓဘာသာ အစုအမက်ကို မဆို အကျိုးရှိအောင် ဘာလုပ်နိုင်မလဲဆိုတဲ့ အခြေခံနဲ့ ပူးပေါင်းကြရမယ်။

၉။ ကမ္ဘာဗုဒ္ဓဘာသာလောကနဲ့ ပိုပြီး ဆက်သွယ်ရမယ်.။ အထီးကျန် တံခါးပိတ်ဝါဒပိုကို ရှောင်ရှားရမယ်။

၁၀။ နိုင်ငံရေး အမြင် စီးပွားရေး အမြင်တွေနဲ့ ဘာသာရေးကို ဆက်စပ်နိုင်ရမယ်။ မိမိ လူမျို ရဲ့ စီးပွားရေးနိုင်ငံရေး မတိုးတက်ရင် ဘာသာရေးလဲ ကျဆုံးမှာ ဖြစ်တယ်။ တစ်ခြား ဘာသာကြီးတွေဆီက သင်ယူလေ့လာသင့်တာတွေ အတုယူသင့်တာတွေ ကိုလဲ ရှာဖွေပြီး အတုယူဆောင်ရွက်ကြရမယ် (၀ိုင်အမ်စီအေကို အတုယူပြီး ၀ိုင်အမ်ဘီအေ ဖြစ်လာသလိုမျိုး)

အဲဒါတွေကတော့ အကို့ အမြင် အကျဉ်းချုပ်ပါပဲ ညီလေး။ . . . .

စတဲ့ဆွေးနွေးချက်များဖြင့် အနာဂတ် မြန်မာဗုဒ္ဓဘာသာအရေးတွေကို ဖော်ပြထားပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်တိုင်း သိသင့် ဆင်ခြင်သင့် ပြင်ဆင်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း ထပ်ဆင့် တင်ပြအပ်ပါသည်။

About ကိုပါကြီး

has written 21 post in this Website..

   Send article as PDF