နိုင်ငံရေး အကျဉ်းသားများအတွက် NLD ငွေလှူ

True FaithJuly 7, 20101min701

ရေးသူ – မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသား ၆ဝရ ဦး၏ မိသားစုများအား ထောက်ပံ့ရန်အတွက် ကျပ်ငွေ ၂၅ သိန်းခွဲခန့်ကို အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုက တိုင်း/ပြည်နယ် အဖွဲ့ဝင်များထံ ယမန်နေ့က လွှဲပြောင်းပေးအပ်လိုက်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀ဝ ကျော်ရှိသည့်အနက်မှ ဆင်းရဲနွမ်းပါးသော မိသားစုဝင်များအား ကူညီထောက်ပံ့သည့် အဆိုပါ အစီအစဉ်ကို အန်အယ်ဒီ၏ လူမှုအထောက်အကူပြု လုပ်ငန်းမှတဆင့် ပေးအပ်ခြင်းဖြစ်ပြီး ပြည်သူများက လှူတန်းသောငွေဖြစ်သည်ဟု ပါတီဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။

“ နယ်က လူဦးရေ ၂၀ဝ ကျော် ရှိတယ်။ ကျန်တာက ရန်ကုန်တိုင်းက သက်ဆိုင်ရာ မြို့နယ်တွေကနေ စာရင်းတွေထဲက ပေးသင့်ပေးထိုက်သူတွေကို ပေးဖို့အတွက်ပါ” ဟု NLD လူမှုအထောက်အကူပြုအဖွဲ့၏ ခေါင်းဆောင်တဦးလည်းဖြစ်သူ ဦးတင်ဦးက ပြောသည်။

ထောက်ပံ့ကြေးရသူများထဲတွင် NLD ပါတီဝင်များသာမက လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များလည်း ပါဝင်သည်။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကလည်း “အရင်တုန်းကတော့ ဗဟိုကနေ အားလုံးကိုင်ပြီးတော့ လုပ်တယ်။ အခု ဗဟိုက ကိုင်လုပ်မယ့်အစား တိုင်းအတွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် တိုင်းကပဲ တာဝန်ယူမယ်။ ကိုယ့်အဖွဲ့ဝင်တွေတင် မကဘူး။ ကျန်တဲ့လူတွေကိုပါ လုပ်တယ်။ ကိုယ့်ဘာသာ ငွေရှာ၊ ကိုယ့်ဘာသာ ငွေပေးဝေရေးတွေ လုပ်ကြ၊ ကိုယ့်ဘာသာ ဖြန့်ဖြူးဆိုတဲ့ ဟာကို လုပ်ဖို့ပါ” ဟု ပြောသည်။

၁၉၉၆ ခုနှစ်မှ စတင်ကာ ဆင်းရဲချို့တဲ့ကာ ထောင်ဝင်စာ မတွေ့နိုင်သည့် မိသားစုဝင်အတွက် ထောင်ဝင်စာ တွေ့နိုင်ရန် ခရီးစရိတ်နှင့် ဆေးဖိုးဝါးခများကို လစဉ် ထောက်ပံ့လာခဲ့ရာ၊ တဦးလျှင် ကျပ် ၅ဝဝဝ နှုန်းဖြင့် တလလျှင် ကျပ်သိန်း ၃ဝ ကျော် ကုန်ကျသည်ဟု အန်အယ်ဒီအပြောအရ သိရသည်။

သို့သော် ယခုနှစ် မေလ ၆ ရက်နေ့တွင် အဆိုပါ လုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ယခုတဖန် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများထံ မိသားစုဝင်များအနေဖြင့် ထောင်ဝင်စာ တွေ့ရှိနိုင်ရန် ယခုလို ကူညီထောက်ပံ့မှုမျိုး သာမက ၎င်းတို့၏ မိသားစုဝင် ကျောင်းသား/ကျောင်းသားများအတွက် ပညာသင်စရိတ်ကို ၁၉၉၆ ခုနှစ်မှစတင်ကာ NLD က နှစ်စဉ် ပေးအပ်လာခဲ့သည်။

(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်။)

One comment

  • poeaung6

    July 16, 2010 at 6:48 am

    အော် စားဝတ်နေရေးခက်ခဲတဲ့(အနိမ့်ဆုံး) ပြည်သူတွေကို ထောက်ပံ့ရင် ပိုကောင်းပါတယ်

Leave a Reply