မြန်မာပြည်တွင် နေ့စဉ်ထုတ် သတင်းစာများ ပုံနှိပ်ခွင့် ပေးလိုက်ရာ သတင်းစာအများအပြား ထွက်ပေါ်လာရာ အမေရိကန်အခြေစိုက် စကိုင်းဘီလူးသတင်းစာလည်း အပါအဝင်ဖြစ်သည်။ လွတ်လပ်ခွင့် အပြည့်အဝရှိသော ကမ္ဘာ့ထိပ်သီး ဒီမိုကရေစီနိုင်ငံထွက် ဖြစ်ရကား အများနှင့်မတူ ကိုယ်ဗိုင်အတွေးအခေါ် အရေးအသားစစ်စစ်ကို လွန်စွာအားပေးသည်။ စစခြင်း မျက်နှာဖုံးသတင်းမှာ စက်တင်ဘာ ၄ရက်နေ့၌ ကျင်းပသော ဆာမိတေးဂီတပွဲ စင်မြင့်အထက် မီနီစကပ်အတိုလေးဝတ် သီဆိုနေသော အဆိုတော်မိုးစက်အား အောက်မှပင့်ရိုက်ထားသော ဓာတ်ပုံနှင့်ဖြစ်သည်။ ကာလသားအပေါင်း ကြိတ်ကြိတ်တိုး ဝယ်ယူအားပေးကြသည်မှာ ရောင်းမလောက်၍ ရဲဖြင့်အတော်ထိန်းယူရသည်။ မမ်းဂဇက်သတင်းစာမှာ အတော်ပေါက်သွားလေပြီ။ ဟိတ်တလုံး ဟန်တလုံးဖြင့် သတင်းဈေးကွက်ထဲ နေရာယူထားသော မန်မြာတိုင်းမ်စ်၊ အလဲဗျင်းသတင်းစာတို့မှာ ထိုနေ့က ကွမ်းယာဆိုင်၊ မုန့်ဆိုင်တို့တွင် အထူးလျော့ဈေးဖြင့် လက်သိပ်ထိုး ရောင်းချခဲ့ရသည်။

အယ်ဒီတာချုပ် စကိုင်းဘီလူး ဦးခိုင်၏ တကဲ့အကြံအစည်ကား အတည်အခန့် ဂေါင်းကြီးပိုင်း အရေးအသားဖြင့် နိုင်ငံရေးလောကတွင် ပုရောဟိတ် ဆရာဂျီးတဆူ လုပ်ရန်ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ နိုင်ငံရေး ခန့်မှန်းချက်များ မှန်ကန်တိကျရန် သိပ်အရေးကြီးသည်။ သဂျီးဦးခိုင်ကား မခေ၊ ကိုဘေးနွားကြီး တကောင်လုံးကို အရိုးပါမကျန် ကျေကျေညက်ညက် ဝါးစားနိုင်သူဖြစ်သည်။ သတင်းစာ ဂေါင်းကြီးပိုင်းကို ကိုယ်တိုင်ရေးပြီး ဂေါင်းသေးပိုင်းကိုမူ ဦးကြောင်ကြီးအား တာဝန်ပေးသည်။ အရေးအသား နှစ်ခုအား ဆန့်ကျင်ဖက်ဖြစ်အောင် တမင်စီမံထားပုံမှာ ကချင်တွင် တိုက်ပွဲများ ပြင်းထန်တော့မည်ဟု ဂေါင်းကြီးတွင်ရေးလျင်၊ ငြိမ်းချမ်းရေး မကြာခင် ရတော့မည်ဟု ဂေါင်းလေးတွင် ရေးစေသည်။ သမဒဂျီး နေမကောင်းဆိုလျင် အခြားတဖက်တွင် သမဒဂျီး ဧဝရက်တောင်တက် ခရီးထွက်နိုင်လောက်အောင် ဒေါင်ဒေါင်မြည် ကျန်းမာသည်၊ ထို့အတူ နိုင်ငံပြုပြင် ပြောင်းလဲရေး အရှိန်ရနေပြီ၊ မဟုတ်ပါ နှေးကွေးလွန်းသည် စသဖြင့် ကွဲလွဲရေးသား ရလေကား နတ်မျက်စိရထားသူ နိုင်ငံရေး ပဏ္ဍိတ်ကြီး တဆူသဖွယ် နာမည်ကြီးသည်။ အမေရိကန် သမ္မတပင် အိမ်ဖြူတော်ခေါ်၍ မြန်မာ့အရေး တိုင်ပင်ရလေသည်။

သူ့နာမည်ကိုလည်း စကိုင်းဘီလူးမှ ဂေါင်းဂျီးဟု လူအများ ပြောင်းခေါ်ကြသည်။ ကြောင်ကြီးမှာကား သူကဲ့သို့ ပေါ်ပေါ်ထင်ထင် မရေးသဖြင့် ထိုသို့အမည်တပ် အခေါ်မခံရချေ၊ သတင်းစာ အယ်ဒီတာ ဆရာ ဦးကြောင်ကြီး ဟုသာ တလေးတစား ခေါ်ကြသည်။ ဦးခိုင် ဘာလုပ်သည်ကို သေသေချာချာ မသိသူကာလသား အပေါင်းကား သူလာလျင် တရုန်းရုန်းနှင့် ပွဲတော်ကြီးတမျှ စည်ကားလှသည်။ “တရှော့ကို ဘယ်လောက်လဲဗျ၊ အသစ်ကလေး ရောက်ရင် ပြောပါအုံး” အားပေးကြသလို ပြည်ပမှလည်း အီးမေးလ်၊ တယ်လီဖုံး၊ ဂျီတော့လ်ခ်၊ စကိုင်းပီများဖြင့် ခရက်ဒစ်ကတ် လက်ခံလားဟု တခဲနက် စိတ်ဝင်တစား မေးမြန်းစုံစမ်းကြသည်။ အစပိုင်း မနှစ်မြို့သော်လည်း မားကက်တင်း အတိုင်ဗင်ခံ နူးဘာဂီမှ brand name တခုဖြစ်ရန် မလွယ်ကြောင်း ပြောသဖြင့် ချော်လဲရောထိုင် မသိကျိုးကျွံပြု နေရာမှ အမှန်တကယ် အမည်တွင်သွားလေသည်။

ဦးခိုင် သဒင်းစာ ရောင်းသွက်နေဗုံ

အမျိုးသား မိတ်ဆွေအပေါင်းနှင့် အဆင်ပြေသလောက် အမျိုးသမီးများက နှာခေါင်းရှုံ့ ဖဲခွာရှောင်ကြဉ်ကြသည်။ ထိုအပြိုဂျီး အပြိုလေးတို့အား လိင်ကိစ္စ လွတ်လပ်စွာ ခံစားခွင့်ဆိုသည်မှာ ဖိုမ မရွေး အားလုံးနှင့်ဆိုင်ကြောင်း တစိုက်မတ်တက် စည်းရုံးလိုက်သည်တွင် unisex escort dating services ရသည်အထင်ဖြင့် စကိုင်းဘီလူး သတင်းစာ အွန်လိုင်းဆိုက်တွင် နာမည်ဝှက် အကောင့်အသစ်များစွာ ပွင့်လာလေသည်။ ထို့နောက် ဘာမှ မည်မည်ရရ မတွေ့သဖြင့် ဆဲစာများ ရေးသွားကြသည်။ စိတ်ကြီးသူ အချို့ကမူ ဆိုက်ဒ်အား ဟက်သွားသဖြင့် ၇ရက်တိုင်တိုင် အွန်လိုင်းဒေါင်း သွားလေသည်။ အကြံသမား ဦးခိုင်ကားမမှု၊ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ ဘုရားဖူးခရီးမှ ပြန်လာပြီးကထဲက မရိပ်ဘဲ သိမ်းထားသော မုတ်ဆိတ်ဖြူ ဖားလျားကြီးအား လက်ဖြင့်သပ်လျက် တက်လာသော အကောင့်အသစ် အိုင်ပီလိပ်စာ၊ ဝင်းဒိုးစစ်စတမ်ကုတ်ဒ်များကို ဆာဗာမှတဆင့် နဂိုရှိပြီးသား နံပတ်များဖြင့် တိုက်ဆိုင်ကြည့်လျက် ပြုံးနေသည်မှာ မှိုရသော မျက်နှာကဲ့သို့ စပ်ဖြီးဖြီးကြီး ရှိနေပေတော့သည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး