တစ်ချို့က ဆိုကြတယ်။ ဘာသာရေးတွေမရှိရင် လူတွေ အထိန်းအကွပ်မဲ့ပြီး ရာဇ၀တ်မှုတွေ ထူပြောလာလိမ့်မယ်လို့လေ။
လူတွေကို အစဉ်အလာ ဘာသာရေးက ရာဇ၀တ်မှုတွေ မကျူးလွန်အောင် ထိန်းပေးနိုင်တယ်လို့တော့ ကိုယ်မထင်ဘူး၊၊
ထောင်ကျတွေမှာ ဘာသာမဲ့ရာခိုင်နှုန်းထက် ဘာသာရှိသူတွေက ပိုတောင်များနေလို့ပါပဲ၊၊

ဘာသာရေးကိုင်းရှိုင်းတဲ့ တောင်အမေရိကနိုင်ငံတွေနဲ့ အီတလီလို နေရာတွေမှာ ရာဇ၀တ်မှု ထူပြောပြီးတော့ ဘာသာမဲ့ များတဲ့ စကန်ဒီနေးဗီးယန်းတိုင်းပြည်တွေမှာ ရာဇ၀တ်မှု အလွန်နည်းပါတယ်။။
တစ်လောက နော်ဝေ လူသတ်ပွဲကြီးလုပ်ခဲ့တဲ့ အန်ဒရေဟာ ဘာသာရှိ အစွန်းရောက်မျိုးချစ် တစ်ယောက်ဆိုတာကို မမေ့သင့်ဘူး။

နောက်တစ်ချက်က ဘာသာတရားတွေက သူတို့ ခြံစည်းရိုးကို မထိ သေးသရွေ့တော့ သဘောထားကြီးစွာနဲ့ မေတ္တာ တရားကို ဟောနေလိမ့်မယ်။ ထိပါးတယ်ထင်လို့ကတော့ ပိုကြောက်စရာကောင်းတဲ့ လက်သည်းတွေ အစွယ်တွေကို မိတ်ဆွေကို ထုတ်ပြပါလိမ့်မယ်။

ဒါကြောင့် ဘာသာရေးတွေထက် လူတွေကို ခေတ်မီပညာရေးပေးပါ..အတွေးအခေါ်မြင့်တဲ့ သုတ ရသဒဿနစာပေ တွေပေးပါ လူတန်းစေ့ချောင်လည်တဲ့ ဘ၀ကိုသာပေးပါ..လူတွေမှာ ရာဇ၀တ်မှုတွေ နည်းသွားပါလိမ့်မယ်။

ဒါကြောင့် စာသင်ကျောင်း တံခါးတစ်ချပ် စာကြည့်တိုက်တံခါး တစ်ချပ်ပွင့်ရင် အချုပ်ထောင် တံခါးဆယ်ချပ်ပိတ်တယ် ဆိုတဲ့ အဆိုရှိတယ်။ လူတွေ ကိုယ်ကျင့်တရား ပျက်စီးလာတာ ရာဇ၀တ်မှုတွေ ထူပြောလာတာ အကြောင်းတရားများစွာ ရှိပါတယ်။
ပညာရေးအခြေခံ ကင်းမဲ့လို့ စီးပွားရေး နိုင်ငံရေးစံနစ်တွေ လမ်းချော်နေလို့ လူမှုရေး စံနစ်တွေက မမှန်ကန်လို့ ဆို တာတွေပါပဲ။ ဒီအကြောင်းတရားတွေ ကိုယ်တိုင်ကလဲ ဆက်စပ်နေတာ အမှန်ပါပဲ။ တစ်ခုကို အစဆွဲထုတ်လိုက်ရင် တစ်ခု ပါလာမှာ အမှန်။

မိတ်ဆွေကို မေးခွန်း ရိုးရိုးလေးတစ်ခုပဲ မေးမယ်။

ပညာရေး စီးပွားရေး မြင့်မားပြီးတော့ နိုင်ငံရေး လူမှုရေး စံနစ်တွေ မှန်ကန်နေတဲ့ နိုင်ငံတိုင်းပြည် လူမှုအဖွဲ့အစည်း တစ်ခုနဲ့ ပညာရေး စီးပွားရေး နိမ့်ကျပြီးတော့ နိုင်ငံရေး လူမှုရေး စံနစ်တွေ လွဲမှားနေတဲ့ နိုင်ငံ တိုင်ပြည် လူမှုအဖွဲ့အစည်း တစ်ခု == ဒီ နှစ်ခုမှာ ဘယ်နေရာမှာ လူတွေ ကိုယ်ကျင့်တရား ပျက်စီးမှုနဲ့ ရာဇ၀တ်မှုတွေ ပိုများ နေနိုင်ပါသလဲ။

ဒီနေရာမှာ နည်းတယ်များတယ် ဆိတာ နိုင်းယှဉ်မှုနဲ့ ပြောနေတာ ဆိုတာကို သတိချပ်စေချင်တယ်။ လူတွေ ကိုယ်ကျင့်တရား စင်ကြယ်ပြီးတော့ သီလတွေ အကုန်လုံခြုံ ရာဇ၀တ်မှုဆိုတာလဲ စိုးစိမျှမရှိဆိုတဲ့ ယူတိုးပီးယား ရွှေခေတ်ကြီးကတော့ စိတ်ကူးယဉ် ဘာသာရေးစာပေတွေထဲမှာ ရှိတာအမှန်ပဲ။

ခရစ်ယာန်ဘာသာမှာရှိတဲ့ ပရဒိသုဥယျာဉ် ဗုဒ္ဓဘာသာရဲ့ ပဒေသပင်ခေတ်နဲ့ ဟိန္ဒူဘာသာမှာရှိတဲ့ ဆွေရ်တယုဂ် ဆိုတာ တွေပဲ..။ ဒါတွေက ရှိချင် ရှိခဲ့ဖူးမယ်ဆိုပေမဲ့ အခု လူသားတွေရဲ့ ဘ၀နဲ့ အလှမ်းကွာလွန်းတော့ ပုံပြင်လို့ပဲ ပြော ရမယ်။ ဒီလို ခေတ်ကာလမျိုးကတော့ ဒီ ကမ္ဘာမျိုးမှာ ဘယ်တော့မှ မဖြစ်နိုင်ပါ။

ပညာရေး စီးပွားရေး မြင့်မားပြီးတော့ နိုင်ငံရေး လူမှုရေး စံနစ်တွေ မှန်ကန်နေတဲ့ နိုင်ငံ တိုင်းပြည် လူမှုအဖွဲ့အစည်း တွေ မှာ လဲ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ရာဇ၀တ်မှုကြီးတွေ ရှိတတ်တာ အမှန်ပဲ။ မနှစ်က နော်ဝေးမှာ ဖြစ်ခဲ့တဲ့ လူသတ်ပွဲကြီးဆို ဒါကို ဖေါ်ပြနေတယ်။ မျက်ကန်းမျိုးချစ် အစွန်းရောက် ကောင်လေးတစ်ယောက်က ဒီ ရာဇ၀တ်မှုကို လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလူတစ်ယောက်ကြောင့် နော်ဝေးလို တိုင်းပြည်မျိုးက မိမိ သွားနေတဲ့ လမ်းကို မပြောင်းပါဘူး။

နောက်တစ်ခုက မြန်မာအများစုက ပညာတတ်ဆိုတာကို ဘယ်လို နားလည်နေလဲတော့ မသိဘူး။
Liberal Arts တွေကို သိမှ တကဲ့ပညာတတ် စစ်စစ်လို့ ပြောရမှာပါ..။
တခါတလေ အထူးကု သမားတော်ဆရာဝန်ကြီးတွေမှာ လူမှုဆက်ဆံရေး ခေါင်းပါးနေတာ ကိုယ်ချင်းစာစိတ်နည်းတာ ကိုယ်ကျိုးပဲ ကြည့်တာမျိုးတွေ တွေ့ရင် ဒါ ပညာတတ်လားလို့ မေးရမလို ဖြစ်တယ်။

ပညာတတ်တွေ သိအပ်တဲ့အကြောင်းအရာတွေဆိုတာ လူသားနဲ့ ပတ်သက်တဲ့ ရသစာပေ ဘာသာရေး ယဉ်ကျေးမှု ဒဿန အတွေးအခေါ် သမိုင်း မနုဿဗေဒ လူမှုဗေဒ ဘောဂဗေဒ စိတ်ပညာ စတာတွေကို ဆိုလိုတာ ဖြစ်တယ်..။
ဒီ အသိတွေ အရင်ရှိမှ အသိကနေ ခံယူချက်ဖြစ်အောင်ပြောင်း ယူနိုင်မယ်။ ခံယူချက်ကနေ လက်တွေ့ကျင့်သုံးမှု ဖြစ် အောင် ပြောင်းယူနိုင်မယ်။ လက်တွေ့ကနေ အသိတွေကို ပြန်ပြီး အထောက်အကူ ပြုနိုင်မယ်..။

Knowledge==Attitude==Practice==Feedback ဆိုတဲ့ စက်ဝိုင်းကို လေ့လာကြည့်ရင် အသိဥာဏ်ဟာ ထိပ်ဆုံးကပဲ။ ဘုရားရှင်က ဒုက္ခ ဆင်းရဲခြင်းတွေ အားလုံးရဲ့ အကြောင်းမူလ အစ ကို မသိမှု-အ၀ိဇ္ဇာ လို့ ဟောတော်မူခဲ့တာကို သတိရစရာပါပဲ။

လူတွေ ရာဇ၀တ်မှုတွေ ကျူးလွန်နေကြတာ မကောင်းမှုတွေ ကျူးလွန်နေကြတာ အကြောင်းတွေ ရှိတယ်။ နည်းနည်း တွေးကြည့် ကြရအောင်။ ရာဇ၀တ်မှု တွေ ဟာ….

(၁) အသိအလိမ္မာနည်းလို့ ဖြစ်တယ်။
(၂) စီးပွားရေး မပြေလည်လို့ ဖြစ်တယ်။
(၃) လူမှုရေး အဆင်မပြေလို့ ဖြစ်တယ်။
(၄) ဘာသာရေး ကိုယ်ကျင့်တရား အဆုံးအမတွေကို မခံယူနိုင်လို့ ဖြစ်တယ်။
(၅) မလုပ်ရမနေနိုင် အစွဲနဲ့ စိတ်ရောဂါရှိလို့ ဖြစ်တယ်။
(၆) မတန်မရာ စီးပွားရေး နိုင်ငံရေး မျှော်မှန်းချက်ကြီးတွေကြောင့် ဖြစ်တယ်။
(၇) အစွန်းရောက် ယုံကြည်မှုတွေ အမြင်ကျဉ်းဘ၀ဒဿနတေကြောင့် ဖြစ်တယ်။
(၈) မမျှတ တဲ့ ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေကြောင့် ဖြစ်တယ်။
(၉) ယိုးယွင်း ပျက်စီးနေတဲ့ တရားစီရင်ရေးစံနစ်တွေကြောင့် ဖြစ်တယ်။
(၁၀) တီဗီ မီဒီယာ စတာတွေကနေ အမူအကျင့်ကူးစက်ခံရလို့ ဖြစ်တယ်။
(၁၁) လူဦးရေ ပေါက်ကွဲမှုနဲ့ ရင်းမြစ် ရှားပါးလာမှုကြောင့်လဲ ဖြစ်တယ်။
(၁၂) ပညာမဲ့ အလုပ်လက်မဲ့ လူငယ်ထု ကြီးထွားလာလို့လဲ ဖြစ်တယ်။
(၁၃) ရာသီဥတု ဖောက်ပြန်မှု လွန်ကဲလို့လဲ ဖြစ်တယ်။
(၁၄) မလုံခြုံတဲ့ ပတ်ဝန်းကျင်ကြောင့်လဲ ဖြစ်တယ်။
(၁၅) မူးယစ်ဆေးဝါးနဲ့ ကျိုးကြောင်းဆင်ခြင်ဥာဏ်နည်းစေတဲ့ ယုံကြည်မှုတွေကြောင့် ဖြစ်တယ်။

ဒီ အကြောင်းတရားတွေရဲ့ စာရင်းကို ပြုစုရင်တော့ ဆုံးနိုင်မယ် မထင်ပါ။ လောကမှာ ဗုဒ္ဓတို့ ခရစ်တော်တို့ ပွင့်ခဲ့ တာတောင် ဒီ ပြဿနာတွေကို အကုန် မဖြေရှင်းနိုင်ပါဘူး။
ဘယ်ဘုရား ဘယ်ဘာသာရေးကမှလဲ အကုန်အစင် ရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ခေတ် အဆက်ဆက် လူသားတွေက ပဲ ကိုယ် ရှင်သန်နေဆဲ ခေတ်ကာလ ၀န်းကျင်နဲ့ နောင် အနာဂတ်ကို ကောင်းသထက် ကောင်းအောင် လုပ်ကြရမှာ။ ပြဿနာဆိုတာကတော့ လူနဲ့ အတူ အမြဲရှိနေမှာ ဖြစ်ပါတယ်။

ဒီတော့ ပြဿနာတွေရဲ့ အကြောင်းတရားတွေကို ရှာဖွေပြီး လက်တွေ့ကျကျ ဖြေရှင်းလို့ ရနိုင်မဲ့ နည်းလမ်း ရေတို အတွက် သာမက ရေရှည်အတွက်ပါ ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေကို ရှာကြရမှာ ဖြစ်ပါတယ်။

နိုင်ငံတိုင်း ရာဇ၀တ်မှု တွေရှိ နေတယ်ဆိုပေမဲ့ ဆိုမာလီယာကို ရွေးမလား ဂျပန်ကို ရွေး မလား ဆိုရင် တော့ မိတ်ဆွေတို့ရေ…ဘယ်လို ဖြေမလဲ။

About ကိုပါကြီး

has written 21 post in this Website..